ထွက်ကုန်တွေအရောင်းလိုက်အောင် အခမ်းအနားတွေ စီစဉ်ကျင်းပပေးတာဟာ မိမိတို့ရဲ့ ရောင်းကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသူတွေ စွဲငြိသွားစေနိုင်ပါတယ်။ အယူအဆ ဝယ်မယ့်သူတွေဟာ ကြော်ငြာတာတွေကို သိသွားရင် ပြောတဲ့၊ ကြော်ငြာတဲ့အတိုင်း ဘာမှမတွေးတော့ဘဲ လက်ခံ သွားတတ်ကြတယ်လို့ တချို့က ယူဆကြတယ်။ အခုလို လူတွေကိုယ့်ပစ္စည်းကို သိသွားအောင် တမင်အခမ်းအနား ကျင်းပပေးတာမျိုးကတော့ အဲဒီလိုအယူအဆကို ဆန့်ကျင်ဆောင်ရွက်လိုက်တာဖြစ်တယ်။ ဒီလိုပွဲမျိုးမှာ ဝယ် မယ့်သူတွေ ဟာ သူတို့ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ် တွေ့ကြုံခံစားနိုင်ကြမှာဖြစ်တဲ့အတွက် ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီအပေါ် သူတို့ရဲ့သစ္စာရှိမှု (စွဲစွဲမြဲမြဲ ဝယ်ယူအားပေးလိုမှု) ဖြစ်ပေါ်လာစေနိုင်တယ်။ အဲဒီပါတီပွဲတွေ၊ အခမ်းအနားတွေဟာ ရောင်းကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုကို အများသိသွားအောင် အဓိကထား ကျင်းပရတဲ့ပွဲတွေဖြစ်တယ်။ ဒီနည်းကို သုံးကြတဲ့ကုမ္ပဏီတွေကို နမူနာပြရမယ်ဆိုရင် Avon ရဲ့ အလှအပ ပါတီပွဲတွေနဲ့ Ann Summers ရဲ့ ပါတီပွဲတွေ ဖြစ်တယ်။ အဲဒီအခမ်းအနားတွေ ပွဲတွေမှာ ဒီကုမ္ပဏီရဲ့ဖောက်သည်တွေကို ပစ္စည်းအရောင်းခိုင်းတယ်။ သူတို့နဲ့ အတူပွဲလာတက်တဲ့ အသိမိတ်ဆွေတွေကို အဲဒီပစ္စည်းတွေ ဝယ်အောင်ရောင်းကြရ တာ ဖြစ်တယ်။ ပါတီပွဲလာတက်သူတွေက ကုမ္ပဏီရဲ့ မေတ္တာလက်ဆောင် နမူနာပစ္စည်းတွေကို စမ်းသုံးကြည့်ကြ၊ ပစ္စည်း အမျိုးမျိုးရဲ့ ကောင်းကွက်တွေကို ကိုယ်တွေ့အရ ဆွေးနွေးဖလှယ်ကြရတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ဆွေလို မျိုးလို ခင်မင်သွားကြ၊ ရယ်ရယ်မောမောဆက်ဆံသွားကြတဲ့အတွက် ''ကုမ္ပဏီကတို့ကို ပစ်မှတ်ထား ကြော်ငြာနေတာပဲ'' ဆိုတဲ့ အတွေးမျိုး မရှိကြတော့ဘူး။ ဝယ်ချင်စိတ်ပဲ ပိုပြီး ပေါ်ပေါက်လာကြတော့တယ်။ ဒီအရောင်းပရိယာယ်ကို အမြဲတမ်း ပြောင်ပြောင်တင်းတင်းကြီးလုပ်စရာမလိုပါဘူး။ ဒီနည်းကို ၂၀၀၆ ခုနှစ်တုန်းက Diages ဆိုတဲ့ကုမ္ပဏီက သုံးခဲ့ဖူးတယ်။ Baileys Irish Cream ဆိုတဲ့ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တယ်။ လန်ဒန်ညကလပ်ပါတီပွဲတွေမှာ ကောက်တေးပါတီပွဲတွေ လုပ်ပြီး တက်ရောက်လာတဲ့သူတွေကို မေတ္တာလက်ဆောင်အဖြစ် Bailey တံဆိပ်အရက်တွေနဲ့ ဒီBailey ကို သုံးစွဲနည်းတွေကို ပေးကမ်းတယ်။ ဒီလိုပွဲမျိုးတွေ လုပ်ပေးတာဟာ ပစ္စည်းအကြောင်း ကြော်ငြာရုံပဲဖြစ်ဖြစ်၊ တကယ်ပဲရောင်းရောင်း၊ အကျိုးကျေးဇူးအနေ နဲ့ကတော့ ပျော်စရာလည်းကောင်း၊ ထိလည်းထိရောက်တဲ့မားကက်တင်းနည်း တစ်နည်းဖြစ်တယ်။ လက်တွေ့ဆောင်ရွက်ရန် - ဒီပွဲမျိုးတွေကို လူငယ်လူရွယ်တွေ၊ ခေတ်ဆန်တဲ့သူတွေအတွက်ချည်း မရည်ရွယ်သင့်ဘူး။ မိမိရည်ရွယ်တဲ့ဖောက်သည်တွေ အကြိုက်လုပ်သင့်တယ်။ - တက်ရောက်လာသူတွေ အေးအေးဆေးဆေး စိတ်လက်ပေါ့ပါးစွာ ပါဝင်ဆင်နွှဲနိုင်အောင် လုပ်ပါ။ - မိမိရဲ့ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးတဲ့အနေနဲ့ နမူနာတွေ အခမဲ့ပေးပါ။ - ဒီပွဲမျိုးတွေလုပ်ရာမှာ သူများတွေနဲ့မတူ ထူးခြားအောင် လုပ်ပါ။ ဒါမှ လူသိများလာနိုင်မှာဖြစ်တယ်။ - လူတန်းစားအမျိုးမျိုးကို ထည့်စဉ်းစားပါ။ - မိမိကုမ္ပဏီရဲ့တန်ဖိုးထားတာတွေနဲ့ လုပ်နည်းလုပ်ဟန်တွေ အညီအညွတ်ရှိပါစေ။
ညွန့်သောင်း