စီမံကိန်းမန်နေဂျာတစ်ယောက်ဟာ တောလမ်းတစ်နေရာကို လျှောက်သွားရင်း ဖားပြုပ်တစ်ကောင်က သူ့ကို လှမ်းခေါ်တာကို ကြုံရသတဲ့။ သူလည်း စကားပြောတတ်တဲ့ အဲဒီဖားပြုပ်ကို အင်္ကျီအိတ်ထဲထည့်ထားပြီး ဆက်လျှောက်လာသတဲ့။ အဲဒီအချိန်မှာ ဖားပြုပ်က သူ့အင်္ကျီအိတ်ထဲကနေ ခေါင်းပြူထွက်လာပြီး ''ဒီမှာ၊ ဒီမှာရှင့်၊ ရှင်ကျွန်မကို နမ်းလိုက်စမ်းပါ၊ နမ်းလိုက်ရင် ကျွန်မဟာ သိပ်ချောတဲ့မင်းသမီးလေးဘဝကို ပြန်ရမှာပါ၊ အဲဒီအခါကျ ရှင့်ကို အရှင်သခင်အဖြစ် တစ်ပတ်တိတိ အလုပ်အကျွေးပြုပါ့မယ်'' လို့ ပြောပါသတဲ့။ စီမံကိန်းမန်နေဂျာက ဖားပြုပ်ကလေးကို အိတ်ထဲက ထုတ်ယူပြီး အပြုံးနဲ့ပဲ တုံ့ပြန်လိုက်ပြီးနောက် အိတ်ထဲကို အသာကလေး ပြန်ထည့်ပေးလိုက်ပါသတဲ့။ ခဏကြာတော့ ဖားပြုပ်ကလေးက အိတ်ထဲက ခေါင်းပြူထွက်လာပြန်ပြီး ''ဒီမှာရှင့်၊ ရှင် ကျွန်မကိုနမ်းပြီး မင်းသမီးလေးဘဝကို ပြန်ရအောင်လုပ်ပေးမယ်ဆိုရင် ကျွန်မရှင်နဲ့ ရှင်နေစေချင်သလောက်နေပေးပြီး ရှင်ဖြစ်ချင်တာတွေ ပြည့်ပြည့်စုံစုံဖြည့်ဆည်းပေးပါ့မယ်'' လို့ ထပ်ကမ်းလှမ်းလိုက်ပြန်ပါသတဲ့။ ဒါပေမဲ့ မန်နေဂျာက ဖားပြုပ်ကို အိတ်ထဲက ထုတ်၊ ပြုံးပဲပြပြီး အိတ်ထဲပြန်ထည့်လိုက်ပါသတဲ့။ ဒီတော့ ဖားပြုပ်က '' ဘယ်လိုဖြစ်ရတာလဲ ရှင်၊ ကဲ ဒီမှာ ၊ ရှင်ကျွန်မကိုနမ်းပြီး မင်းသမီးလေးအသွင် ပြန်ပြောင်းပေးမယ်ဆိုရင် ရှင်နဲ့ကျွန်မ တစ်သက်လုံးအတူနေမယ်၊ ပြီးတော့ ရှင်ဖြစ်ချင်တာ အကုန်လုပ်ပေးပါ့မယ်''လို့ ထပ်ပြောလိုက်ပါသ တဲ့။ ဒီတော့ စီမံကိန်းမန်နေဂျာက ''မင်း နားမလည်ပါဘူး ဖားပြုပ်မကလေးရဲ့၊ ငါက အားအားယားယား အချိန်ပိုရှိတဲ့ကောင် မဟုတ်ဘူး၊ ဒီတော့ရည်းစားထားဖို့လည်း အချိန်ရတာ မဟုတ်ဘူး။ ဒါကြောင့် ငါ့အတွက်က စကားပြောတတ်တဲ့ ဖားပြုပ်ကလေးက ပိုအဆင်ပြေလို့ပါကွာ'' လို့ ပြန်ပြောလိုက်ပါသတဲ့။
ဥပဒေသ ။ ။ ဘဝကို စနစ်တကျ စီမံကိန်းချဖော်ဆောင်ခြင်းက ကောင်းပါသည်။ သို့သော် မိမိ၏ မူလချမှတ်ထားမှုများအပေါ် အသေဆုပ်ကိုင်ထားမည်ဆိုလျှင်တော့ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို အရယူဖို့ အခွင့်အရေး လက်လွှတ်သွားတတ်ပါသည်။
အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်