အားသာချက်နဲ့ အားနည်းချက်တွေကို စဉ်းစားကြည့်တဲ့အခါ အမှန်တကယ်အားသာချက်ရရှိရေးဟာ အဓိကစဉ်းစားရမယ့်အချက်ဖြစ်တယ်။ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေ ချမှတ်တဲ့အခါ သင့်ရဲ့ပြိုင်ဘက်ဟာ သင့်ကို ဘယ်လိုမှမယှဉ်နိုင်တဲ့ အနေအထားမျိုးဖြစ်သွားအောင် ရေးဆွဲချမှတ်ရမှာဖြစ်တယ်။ ရန်သူရဲ့အားနည်းချက်ကို သင့်ရဲ့အားသာချက်နဲ့ ဖိနှိပ်ထားနိုင်ဖို့အရေးဟာ စိတ်နဲ့ စီစဉ်ရခြင်းဖြစ်တယ်။ ဒါဟာ မဟာဗျူဟာချမှတ်ခြင်းဖြစ်တယ်။ ဒါပေမဲ့ ဒီမဟာဗျူဟာကို နည်းဗျူဟာနဲ့ အကောင်အထည်ဖော်ရတဲ့အလုပ်ကတော့ လက်တွေ့လုပ်ရတဲ့ အလုပ်ဖြစ်တယ်။
ပြိုင်ဘက်ရဲ့ အားနည်းချက်ဟာ ဘယ်ဒေသ ဘယ်နေရာမှာ ရောက်ရှိလုပ်ကိုင်နေတယ်ဆိုတဲ့အချက် ဒါမှမဟုတ် ဘာကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေသလဲဆိုတဲ့ အချက်တွေမှာ ရှိနိုင်တယ်။ ဒါတွေကိုတွေ့အောင်ရှာပါ။
ဆွန်ဇူးက အောက်ပါအတိုင်းမိန့်ဆိုပါတယ်
----------
ယေဘုယျအားဖြင့်ပြောရရင် စစ်မြေပြင်မှာ အရင်ဦးအောင်ရောက်ရှိသိမ်းပိုက်ထားနိုင်တဲ့သူဟာ ရန်သူအလာကို အေးအေးဆေးဆေး စောင့်နေနိုင်တယ်။ နောက်ကျလာပြီး တိုက်ရတဲ့သူကတော့ ခြေကုန်လက်ပန်း ကျသွားမှာဖြစ်တယ်။ ဒါကြောင့် စစ်တိုက်စွမ်းရည်ရှိသူဟာ မိမိရောက်နေတဲ့စစ်မြေပြင်ကို ရန်သူကိုလာအောင် လုပ်တယ်။ ရန်သူက ခေါ်လို့သာတိုက်ရတာ မလုပ်ဘူး။
ရန်သူကို စစ်မြေပြင်ကို သူ့ဆန္ဒသဘောအလျောက် လာအောင်လုပ်နိုင်တယ်ဆိုတာ သူ့ကိုအခွင့်အရေးတချို့ ပေးထားလို့ ဖြစ်တယ်။ မလာနိုင်အောင်လုပ်နိုင်တယ်ဆိုတာကတော့ သူ့ကို ထိခိုက်နစ်နာအောင် လုပ်နိုင်ဖို့ ဖြစ်တယ်။
ဒါကြောင့် စစ်စတင်တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေ့မှာ တောင်ကြားလမ်းတွေကို ပိတ်ပါ။ ဆက်သားတွေ ဖြတ်သန်းသွားမှုမရှိအောင်လုပ်ပါ။ လုပ်ငန်းအစီအစဉ်တွေကို မဆောင်ရွက်ခင် အစည်းအဝေးမှာ စေ့စေ့စပ်စပ် စစ်ဆေးပါ။ ပြီးရင် နောက်ဆုံးစီစဉ်ထားမှုတွေကို ချမှတ်ဆောင်ရွက်ပါ။
ရန်သူကတံခါးဖွင့်ထားရင် အမြန်ဝင်ရောက်သွားပါ။ ရန်သူနဲ့စစ်တိုက်ဖို့ အချိန်းအချက်လုပ်မနေဘဲ ရန်သူတန်ဖိုးထားတဲ့နေရာကို သိမ်းပိုက်ပါ။ ရန်သူရဲ့အခြေအနေကိုလိုက်ပြီး တိုက်ခိုက်ရာမှာ ဆုတ်သာတက်သာ ဆောင်ရွက်ပါ။
ပထမတော့ မိန်းမပျိုတစ်ယောက်ရဲ့ ရှက်ကိုးရှက်ကန်း မဝံ့မရဲဖြစ်နေတဲ့ အမူအရာမျိုးပြပါ။ နောက်ရန်သူက သင့်ကိုဝင်လာခွင့်ပေးလိုက်တဲ့အခါ ယုန်ကလေးတစ်ကောင်အလျင်အမြန်ပြေးလွှားသွားတဲ့ အရှိန်အဟုန်မျိုးနဲ့ ဝင်တိုက်ပါ။ ဒါဆိုရင် ရန်သူဟာ သင့်ကိုခုခံဖို့ တအားနောက်ကျသွားမှာဖြစ်တယ်။
လက်ဦးမှုရယူရေးနဲ့ပတ်သက်ပြီး မော်စီတုန်းက ပြောခဲ့တာရှိတယ်။ စစ်ခေါင်းဆောင်တစ်ဦးရဲ့ လက်ဦးမှု ရယူနိုင်စွမ်းကို ဘယ်တန်ခိုးရှင်ကမှ ချီးမြှင့်ပေးအပ်ထားတာမဟုတ်ဘူး။ ဉာဏ်စွမ်းဉာဏ်စရှိတဲ့ စစ်ခေါင်းဆောင်ဟာ အခြေအနေကို သေသေချာချာ လေ့လာခန့်မှန်းတယ်။ စစ်ရေးဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကိုလည်း သေသေချာချာ လေ့လာခန့်မှန်းပြီး လုပ်ကိုင်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုခဲ့တယ်။
''မဟာဗျူဟာရဲ့ အခြေခံ'' ဆိုတဲ့ ရေးသားတင်ပြချက်ထဲမှာ ဗိုလ်ကြီးဂျွန်စတုန်း (Captain Johnstone) က ''ရန်သူကို လက်ဦးလုပ်ကိုင်ခွင့်ပေးလိုက်တာနဲ့ မိမိတို့ရဲ့ လက်ဦးလုပ်ကိုင်နိုင်ရေးဟာ ပြန်ရဖို့ မလွယ်တော့ဘူးဖြစ်သွားတယ်လို့ သတိပေးထားတယ်။ ခုနစ်ရက်လောက် ရန်သူရဲ့ထိုးနှက်မှုကို ခုခံဖယ်ရှားပေးနေရကာ အသေးစိတ်လုပ်ကိုင်နေရရင် ရန်သူနောက်ဘာဆက်လုပ်တော့မှာပဲဆိုတာတွေးပြီး ထိတ်လန့်နေမှာဖြစ်တယ်။ ဒီတော့ ရန်သူက နည်းနည်းရန်စလိုက်ရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အစီအစဉ်တွေကိုလည်း မိမိတို့က လက်လွှတ်ပစ်လိုက်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
---------------------
ကိုယ်ကဦးအောင်လုပ်ထားလိုက်ပြီဆိုကတည်းက ကိုယ်က တစ်ပန်းသာသွားပါပြီ။ Minnesota Mining & Manufacturing (3M) ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လေးနှစ်တုန်းက မရှိခဲ့ဖူးတဲ့ ကုန်ပစ္စည်းအသစ်တွေကို ရောင်းချလိုက်နိုင်တဲ့အတွက် ဝင်ငွေအားလုံးရဲ့ သုံးပုံတစ်ပုံကို အဲဒီအရောင်းကနေ ရရှိခဲ့ပါတယ်။
တစ်နှစ်အတွင်းမှာကို အဲဒီကုန်ပစ္စည်းအသစ်တွေအတွက် မူပိုင်ခွင့်ငါးရာကျော်ရရှိခဲ့တယ်။ Pacing Plus ဆိုတဲ့ အစီအစဉ်တစ်ရပ်ကို လက်ဦးမှုရယူကာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကုန်ပစ္စည်းတွေ မြန်မြန်ရောင်းထွက်ခဲ့တယ်။ ကုန်ပစ္စည်းအသစ်တွေကို ဖွံ့ဖြိုးတိုးတက်လာနေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဦးတည်ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Wal-Mart ဟာလည်း အချိန်ကာလအနည်းငယ်အတွင်းမှာ ကမ္ဘာ့အကြီးမားဆုံး လက်လီကုန်စုံအရောင်းဆိုင်ကြီး ဖြစ်လာခဲ့တယ်။ စရိတ်စကသက်သာစွာ ထုတ်လုပ်ကာ ဈေးချိုချိုနဲ့ရောင်းတဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပုံလုပ်ကိုင်နည်းကို အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံး စတင်လုပ်ကိုင်ကာ နောက်ပိုင်းမှာ ပြည်ပဈေးကွက်တွေမှာပါ လုပ်ကိုင်နိုင်ခဲ့တယ်။ ကုမ္ပဏီဟာ ပထမဦးစွာ ထုနဲ့ထည်နဲ့ ထုတ်လုပ်ရောင်းဝယ်တဲ့ ဈေးကွက်ထဲဝင်ရောက်တယ်။ အဲဒီအတွက် အစားအသောက်တွေကိုပါ ဈေးကွက်တင်ရောင်းချကာ Super Center ဆိုတဲ့ ဧရာမစတိုးဆိုင်ခွဲကြီးတွေ တိုးချဲ့ဖွင့်လှစ်တယ်။ များမကြာမီက သူလက်ဦးမှုရယူလုပ်ကိုင်လိုက်တဲ့ လုပ်ငန်းတွေထဲမှာ အင်တာနက်ကတစ်ဆင့် အရောင်းအဝယ် လုပ်ငန်းတွေလည်း အခိုင်အမာရပ်တည်လာနိုင်ခဲ့ပါတယ်။ စပိန်နဲ့ ပေါ်တူဂီဘာသာစကားတွေပြောဆိုတဲ့ လက်တင်အမေရိကကလူတွေအတွက် အထူးအရောင်းဆိုင်တွေလည်း ဖွင့်လှစ်နိုင်ခဲ့တယ်။
ရည်ရွယ်ချက်အောင်မြင်ရေးအတွက် အထိရောက်ဆုံးနည်းကတော့ လက်ဦးမှုရယူနိုင်တဲ့ အခွင့်အလမ်းကို အမိအရရယူကာ လုပ်ငန်းကို ထိန်းထားနိုင်ခြင်းဖြစ်တယ်။ မိမိဘက်က ဦးအောင်စတင်လုပ်ကိုင်နိုင်ရင် ပြိုင်ဘက်ကို ထိန်းကွပ်ထားနိုင်သွားပါတယ်။ ပြိုင်ဘက်ကလည်း လှုပ်လှုပ်ရွရွဖြစ်လာမှာပါပဲ။
လက်ဦးမှုရယူတယ်ဆိုတာ ပထမဦးဆုံးအနေနဲ့ မိမိရဲ့ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို စိတ်ကူးထဲမှာ အဆင့်ဆင့်ရေးဆွဲရတဲ့ အလုပ်ဖြစ်တယ်။ အဲဒီရည်မှန်းချက် အစီအစဉ်တွေ Strategy ကို လက်တွေ့ Factical Action နဲ့ အကောင်အထည်ဖော်သွားရတာဖြစ်တယ်။ မိမိက သူများတွေထက်ဦးအောင် လုပ်ကိုင်လိုက်ခြင်းကြောင့် မိမိဟာဆက်ပြီး လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ အခွင့်အလမ်းရသွားတယ်။ ပြိုင်ဘက်က လက်ဦးမှုရသွားရင်တော့ မိမိဘက်က သူ့နောက်က တုံ့ပြန်လုပ်ကိုင်ရဖို့ပဲရှိတယ်။ မိမိဦးအောင် လုပ်ကိုင်နိုင်ရင် စိတ်ဓာတ်အရ တက်ကြွမှုရလာတယ်။
အောင်အောင်မြင်မြင် လက်ဦးမှုရယူနိုင်ရေးအတွက် အဓိကလိုအပ်ချက်တွေကတော့ ကျွမ်းကျင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ သတင်းအချက်အလက်ရရှိထားမှုတွေဖြစ်ပါတယ်။ အများအားဖြင့် ဖြစ်တတ်တာက အချိန်လုံလုံလောက်လောက်မရှိတာရယ်၊ လိုအပ်တဲ့လူအင်အား၊ ပစ္စည်းအင်အားစတဲ့ အရင်းအမြစ်တွေ မလုံလောက်တာရယ်၊ သတင်းအချက်အလက်လုံလုံလောက်လောက်မရတာတွေရယ် ဖြစ်တယ်။ ဒါကြောင့်လည်း လက်ဦးမှုရယူရတဲ့ အလုပ်ဟာ စွန့်စားလုပ်ရတဲ့အလုပ်မျိုးဖြစ်လေ့ရှိတယ်။
အချက်အလက်အသေးစိတ်ရဖို့ဆိုတာ အင်မတန်ဖြစ်ခဲတယ်။ အချက်အလက်တွေကိုရရှိရေးအတွက် လုပ်ရိုးလုပ်စဉ်အရ ကြိုးစားရတာမှန်ပေမယ့်၊ ခက်ခဲတဲ့အခြေအနေမှာ သတင်းအချက်အလက်တွေကို စောင့်မျှော်နေရရင်တော့ အမှားကြီးမှားသွားပါတယ်။ လက်ဦးမှုရယူနိုင်ရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေရထားဖို့လိုပေမယ့် တစ်ခုခုကို မြန်မြန်လုပ်ကိုင်လေလေ မိမိအတွက် အခွင့်အလမ်းပိုရလာနိုင်လေလေ၊ အကျိုးတွေလည်း ပိုရှိလာနိုင်လေလေဖြစ်တယ်။
သတိပြုရမယ့်အချက်ကတော့ လက်ဦးမှုရယူလိုက်နိုင်တိုင်း ပြဿနာအားလုံးရှင်းသွားတာမဟုတ်ဘူးဆိုတဲ့ အချက်ဖြစ်တယ်။ လုပ်ကိုင်လိုတဲ့ဆန္ဒကို ဝေဖန်ချင့် ချိန်နိုင်တဲ့ဉာဏ်နဲ့ ယှဉ်သွားရမယ်။
ညွန့်သောင်း