Marc de la Fouchardière (Head of Advocacy & EU Affairs - EuroCham Myanmar)

EuroCham Myanmar ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး လက်ရှိဆိုရင်တော့ သုံးနှစ်ကျော် လေးနှစ်သက်တမ်းထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ အဲဒီအတွက် Chamber အနေနဲ့ မြန်မာနိုင်ငံအတွင်းလုပ်ငန်းစဉ်တွေ၊ ရှေ့ဆက်ရည်တည်လုပ်ဆောင်သွားမှာတွေနဲ့ပတ်သက်လို့ Head of Advocacy & EU Affairs ဖြစ်သူ Marc de la Fouchardière နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

marc1

တာဝန်ယူမှုအပိုင်း

--------------------

EuroCham Myanmar လို့ခေါ်တဲ့ ဥရောပကုန်သည်ကြီးများအသင်းမှာ အကြံပေးနဲ့ ဥရောပဆိုင်ရာကိစ္စရပ်တွေရဲ့ အကြီးအမှူးအနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကိုလာပြီး လုပ်ငန်းလုပ်ချင်တဲ့ ဥရောပနိုင်ငံတွေဆီကလာတဲ့ တောင်းဆိုမှုတွေကိုလည်း ဖြေရှင်းပေးပါတယ်။

အသင်းမှာချမှတ်ထားတဲ့မူဝါဒ

--------------------------------

ဥရောပကုန်သည်ကြီးများအသင်းကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီးတော့ အခုဆိုရင် သုံးနှစ်ကျော်ကြာလုပ်ကိုင်နေပြီးဖြစ်ပါတယ်။ EuroCham ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ ဥရောပကုမ္ပဏီတွေကို အကြံပေးဖို့နဲ့ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI တွေကို ပိုမိုဆွဲဆောင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ လုပ်ငန်းအခြေအနေကို တိုးတက်အောင်လုပ်ရာမှာ ကူညီဖို့ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက ဒီမှာရေရှည်တည်တံ့ခိုင်မြဲတဲ့တိုးတက်မှုကို တိုးမြှင့်ပေးဖို့လည်း ရည်ရွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ရေရှည်တည်တံ့ခိုင်မြဲတဲ့တိုးတက်မှုက နိုင်ငံအတွက် အေးချမ်းသာယာဝပြောမှုကို ယူဆောင်လာမှာလို့ ကျွန်တော်တို့က ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဥရောပနိုင်ငံတွေအတွင်းမှာလည်း မြန်မာနိုင်ငံက စီးပွားရေးအခွင့်အလမ်းတွေရှိတဲ့ နိုင်ငံဖြစ်တဲ့အကြောင်း ဖြန့်ပေးသလို၊ ဥရောပနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ဖို့ထောက်ပံ့ပေးထားပါတယ်။ အခုချိန်ထိတော့ Euro Cham Myanmar က အောင်မြင်နေတယ်လို့ ပြောရပါမယ်။ လာမယ့်နှစ်တွေမှာလည်း မြန်မာနိုင်ငံအတွင်းက ဥရောပကုမ္ပဏီအနေနဲ့ လုပ်ငန်းတွေတိုးတက်ဖို့ အများကြီးမျှော်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာလုပ်ဆောင်နေတဲ့ အသင်းရဲ့ဝန်ဆောင်မှုတွေ

----------------------------------

အသင်းကနေလုပ်ဆောင်တဲ့ အဓိကဝန်ဆောင်မှု မဏ္ဍိုင်နှစ်ခုရှိပါတယ်။ ပထမတစ်ခုက လုပ်ငန်းထောက်ပံ့မှုပါ။ ဈေးကွက်ထဲဝင်တဲ့အခါ သိရမယ့်အချက်အလက်တွေပေးခြင်း၊ ဒီနိုင်ငံမှာ ရုံးတွေဖွဲ့စည်းဖို့ ကူညီပေးခြင်း၊ မှန်ကန်တဲ့ပြည်တွင်းလုပ်ငန်း Partner တွေကို သိအောင်လုပ်ခြင်း၊ ပြည်တွင်းကကုမ္ပဏီတွေနဲ့ ဥရောပကုမ္ပဏီတွေအကြား Match-Making တွေတစ်ဆင့် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ဥရောပကုမ္ပဏီတွေနဲ့ လုပ်ငန်းတွဲလုပ်နိုင်အောင်ကူညီပေးခြင်း အစရှိတဲ့နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံဈေးကွက်ထဲကိုဝင်လာတဲ့ ဥရောပအသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ကူညီမှုပေးနေပါတယ်။ ဒါအပြင်  ကုန်သွယ်ရေးလုပ်ငန်းဆောင်တာတွေကို စီစဉ်ပေးပြီး ဈေးကွက်လေ့လာချက်တွေကိုလည်း ထုတ်ပေးပါတယ်။ ခြုံပြောရရင် ပထမမဏ္ဍိုင်အနေနဲ့ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ ဥရောပကုမ္ပဏီတွေကို ကူညီပါတယ်။

ဒုတိယမဏ္ဍိုင်ကတော့ အကြံပေးတဲ့အလုပ်ပါ။ ဒါကတော့ မြန်မာနိုင်ငံမှာ အရင်ကတည်းကရှိတဲ့၊ လုပ်ငန်းလုပ်နေတဲ့ကုမ္ပဏီတွေနဲ့ အဓိကသက်ဆိုင်ပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့အသံတွေကို မြန်မာအစိုးရဆီရောက်အောင်ကူညီတယ်၊ စာရွက်စာတမ်းကိစ္စတွေကို နေရာတကျဖြစ်အောင်ကူညီတယ်၊ ပြီးတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်ဖို့၊ စီးပွားရေးအခြေအနေတွေ တိုးတက်စေဖို့အတွက် မြန်မာအစိုးရကို အကြံပြုတာတွေပြုလုပ်ပေးတယ်။ လုပ်ငန်းအဖွဲ့တွေထဲမှာ ကျွန်တော်တို့က မော်တော်ယာဉ်ကနေစပြီး ဆောက်လုပ်ရေး၊ စွမ်းအင်နဲ့ Logistics တွေအထိ ၁၁ ဖွဲ့ကို ကိုယ်စားပြုပါတယ်။

ပြီးတော့ ကျွန်တော်တို့က CSR လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွပါဝင်ထားသလို နယ်စပ်ဒေသတွေက တရားမဝင်ကုန်သွယ်ရေးတွေကို ထိန်းချုပ်ဖို့ မြန်မာအစိုးရကိုလည်း ထောက်ပံ့ပေးနေပါတယ်။ အသင်းအနေနဲ့ EuroCham ရဲ့ အဓိကလုပ်ဆောင်ချက်က လုပ်ငန်းတွေကို ကိုယ်စားပြုပေးတာဖြစ်ပါတယ်။

EuroCham အနေနဲ့ အကြံပေးအဖွဲ့တွေ (ဥပမာ - သက်မွေးဝမ်းကျောင်းသင်တန်းတွေနဲ့ ပညာပေးတွေပါဝင်တဲ့ CSR အကြံပေးအဖွဲ့) ကို ဖန်တီးထားပြီးတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေကတစ်ဆင့် HR တိုးတက်ရေးနဲ့ သက်မွေးဝမ်းကျောင်းသင်တန်းတွေမှာလည်း ပါဝင်ပါတယ်။ ပြီး တော့ ဒီကုမ္ပဏီတွေကို အစိုးရဆီ သူတို့ပေးချင်တဲ့ အဓိက အကြောင်းအချက်တွေကိုလည်း ပေးပို့နိုင်ဖို့ ကူညီဆောင်ရွက်ပေးထားပါတယ်။ (http://eurocham-myanmar.org/)

မြန်မာနိုင်ငံမှာ ဥရောပလုပ်ငန်းတွေ ဘယ်လောက်ရှိလဲ၊ ဘယ်လိုလုပ်ငန်းအမျိုးအစားတွေလဲ

-------------------------------------

လက်ရှိအချိန်ထိတော့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်နေတဲ့ ဥရောပကုမ္ပဏီ ၃၃၀ ဝန်းကျင် ရှိပါတယ်။ သူတို့အဓိကလုပ်နေတဲ့ကဏ္ဍတွေက စွမ်းအင်၊ ဆောက်လုပ်ရေး၊ Logistics ၊ FMCG နဲ့ Manufacturing လုပ်ငန်းတွေ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်နဲ့ယှဉ်လိုက်ရင် အခုက ကုမ္ပဏီ ၂၆၈ ခု ထပ်တိုးလာတာဖြစ်ပါတယ်။ ကျွန်တော်တို့မြင်တွေ့ရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ကုမ္ပဏီကြီးတွေအများစုက ဈေးကွက်ထဲကို ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ ဥရောပက နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက လက်ရှိမှာ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက်ဖို့ စိတ်ဝင်စားနေတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် လမ်းကြောင်းဖွင့်ပေးသလိုဖြစ်စေပါတယ်။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကလည်း အဲဒီအသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲဝင်ရောက်လာဖို့ ထောက်ပံ့မှုပေးမှာဖြစ်ပါတယ်။

marc2

လက်ရှိမြန်မာ့စီးပွားရေးအပေါ်အမြင်

--------------------------

EuroCham မှာ ကျွန်တော်တို့မြင်တွေ့ရသလောက်ကတော့ လက်ရှိအခြေအနေက တိုးတက်လာပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံရှင်တွေကို ဆွဲဆောင်ဖို့ လုပ်ငန်းအခြေအနေတိုးတက်လာဖို့ လုပ်ဆောင်ရမယ့် အဓိကအချက်တွေ ရှိပါတယ်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာကုမ္ပဏီများဥပဒေတွေ Update တွေ လုပ်ထားတာကို တွေ့မြင်ရပါတယ်။ ဒါတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် သတင်းကောင်းတွေပါ။ ဒါကြောင့် ကျွန်တော်တို့က အပြုသဘောဆောင်ပြီး အကောင်းမြင်ပါတယ်။

တိုးတက်မှုနှေးကွေးသွားတဲ့ကဏ္ဍတွေလည်း အထင်အရှားရှိပါတယ်။ လက်ရှိမှာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြောင်းအရာတွေက ခရီးသွားကဏ္ဍပေါ်မှာ ဆိုးဆိုးရွားရွားသက်ရောက်စေပါတယ်။ ဆောက်လုပ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေလည်း နှေးကွေးသွားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ဝန်ကြီးဌာနတွေမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ပိုမိုပူးပေါင်းလုပ်ဆောင်မှုရှိလာဖို့အတွက် တက်တက်ကြွကြွပါဝင်၊ အကြံပြုပေးနေပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်နေတဲ့ ဥရောပရင်းနှီးမြှုပ်နှံသူတွေက လက်ရှိအခြေအနေကို အပြုသဘောအနေနဲ့ ရှုမြင်ထားဆဲဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ မရင်းနှီးသေးတဲ့ ရင်းနှီးမြှုပ်နှံသူအသစ်တွေကိုဆွဲဆောင်ဖို့ဆိုရင် တိုးတက်ဖို့ လုပ်ဆောင်ရမယ့်အရာတွေအများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီမှာ အကြံဉာဏ်နဲ့ ထောက်ပံ့မှုတွေပေးဖို့ပဲဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေ တိုးတက်အောင်လုပ်ဆောင်ရာမှာ အစိုးရကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။

UMFCCI တို့လို ပြည်တွင်းက အခြားအဖွဲ့အစည်းတွေနဲ့ အသင်းက ဘယ်လိုပူးပေါင်းလုပ်ဆောင်နေလဲ

--------------------------------

ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီလို ပြည်တွင်းအာဏာပိုင်တွေ၊ ပြည်တွင်းလုပ်ငန်းအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ရတာက ပုံမှန်ပဲလို့ ပြောလို့ရပါတယ်။ အစိုးရပေါ်လစီတွေ၊ အနာဂတ်အစီအစဉ်တွေနဲ့ မကိုက်ညီရင်၊ ပြီးတော့ ပြည်တွင်းလုပ်ငန်းအဖွဲ့အစည်းတွေ့ရဲ့ လမ်းကြောင်းနဲ့ မကိုက်ညီရင် ကျွန်တော်တို့က မလုပ်ပါဘူး။ EuroCham က လုပ်ဆောင်ခဲ့တဲ့ ပထမဆုံးအရာက ၂၀၁၆ ခုနှစ်အစောပိုင်းက UMFCCI နဲ့ MoU လက်မှတ်ရေးထားခဲ့တာဖြစ်ပါတယ်။ အစိုးရပေါ်လစီတွေ၊ ဦးတည်ချက်တွေနဲ့ကိုက်ညီစေဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အဓိကအနေနဲ့ မြန်မာ့ကုန်သွယ်ရေး၊ ကုန်သွယ်တိုးမြှင့်ရေးဦးစီးဌာနနဲ့လည်း MoU လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းအနေနဲ့ မြန်မာအစိုးရနဲ့ MoU လက်မှတ်ရေးထိုးခဲ့တာက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် သမိုင်းဝင်ကိစ္စရပ်လို့ ပြောလို့ရပါတယ်။ အစိုးရအနေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းရာမှာ စီးပွားရေးအခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်နေတယ်၊ အကြံပြုပေးနေတယ်၊ စိတ်ပါဝင်စားတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာရပ်တစ်ရပ်ကို သိရှိခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့အဖွဲ့က ကောင်းမွန်တဲ့လက္ခဏာရပ်လို့ စဉ်းစားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်တွင်းအာဏာပိုင်တွေ၊ ပြည်ထောင်စုအစိုးရနဲ့ ဦးစီးဌာနအမျိုးမျိုးအောက်ရှိ UMFCCI နဲ့ ပူးတွဲလုပ်ဆောင်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသအလိုက် အစိုးရပိုင်းတွေနဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အစရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ ဥရောပကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလုပ်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ အဟန့်အတားတွေက

-------------------------

ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့အဖွဲ့ဝင်တွေကို ကျွန်တော်တို့ကို အချက်အလက်တွေပေးဖို့ အမြဲတောင်းဆိုပါတယ်။ သူတို့ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေနဲ့ အဟန့်အတားတွေပေါ်မှာ Update တွေရဖို့ ကျွန်တော်တို့က ကုမ္ပဏီတွေနဲ့အမြဲ အဆက်အသွယ်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း Business Confidence Survey ကို ထုတ်ပြန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံးနဲ့ အခြားဥရောပကုမ္ပဏီတွေကို သူတို့ရဲ့အဓိကစိန်ခေါ်မှုတွေ၊ သူတို့အနေနဲ့ ဈေးကွက်ထဲဝင်ရောက်တဲ့အခါရှိခဲ့တဲ့ အခက်အခဲတွေ၊ အဆင်ပြေခဲ့တဲ့အရာတွေ၊ အဆင်မပြေခဲ့တဲ့အရာတွေနဲ့ပတ်သက် ပြီး မေးခွန်းတွေကိုဖြေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဓိကစိန်ခေါ်မှုတွေက စည်းမျဉ်းစည်းကမ်းနဲ့ဆိုင်တဲ့ကိစ္စတွေ၊ ကျွမ်းကျင်လုပ်သားတွေမရရှိတာ၊ စွမ်းအင်နဲ့ လမ်းအခြေအနေရရှိမှုစတဲ့အပေါ်မှာ အခြေခံအဆောက်အအုံအားနည်းတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ အဲဒါတွေကို စိန်ခေါ်မှုအနေနဲ့ ရှုမြင်သလို လုပ်ငန်းတွေအတွက် အခွင့်အရေးလို့လည်း  ရှုမြင်ပါတယ်။ လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ရင် တရားဥပဒေဆိုင်ရာဘောင်တွေ တိုးတက်ဖို့ စည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စရပ်တွေပေါ်မှာ ကျွန်တော်တို့အဖွဲ့ဝင်တွေနဲ့ လုပ်ဆောင်နေပါတယ်။

ပြည်တွင်းအာဏာပိုင်တွေ၊ အစိုးရတွေနဲ့အတူ နိုင်ငံရဲ့အခြေခံအဆောက်အအုံကို တိုးတက်အောင်လုပ်ဖို့ ကျွန်တော်တို့အဖွဲ့ဝင်တွေက ဆောက်လုပ်ရေးမှာ လုပ်ကိုင်နေပါတယ်။ ကျွမ်းကျင်လုပ်သားမရှိတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့အဖွဲ့ဝင်တွေအများစုက CSR ပရောဂျက်တွေနဲ့ သက်မွေးဝမ်းကျောင်း သင်တန်းဆိုင်ရာပရောဂျက်တွေမှာ ပါဝင်လုပ်ဆောင်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုက အခွင့်အရေးအဖြစ် လျင်လျင်မြန်မြန်ဖြစ်လာနိုင်တာကို တွေ့မြင်ရမှာပါ။ ဒါကတော့ ဥရောပမှာ ဒါကိုဘယ်လိုရှုမြင်တယ်၊ တိုးတက်အောင်လုပ်တယ်ဆိုတာနဲ့ သက်ဆိုင်ပါတယ်။

ပြီးခဲ့တဲ့ သုံး၊ လေးနှစ်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ဝန်းကျင်အပေါ်အမြင်

------------------------

အများကြီးတိုးတက်လာပါတယ်။ လုပ်ငန်းအခြေအနေကို တိုးတက်အောင်လုပ်ရာမှာ အစိုးရရဲ့လုပ်ကိုင်မှုကိုလည်း တွေ့မြင်ခဲ့ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာ့ကုမ္ပဏီများဥပဒေ ဒီနှစ်ခုကို ဒီနှစ်နွေရာသီမှာ အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီကဏ္ဍပေါ်မူတည်ပြီး တချို့ကုမ္ပဏီတွေက မူလဥပဒေတွေက ပိုလွယ်ကူတယ်၊ တချို့ကတော့ လက်ရှိဥပဒေအသစ်က ပိုလွယ်တယ်ဆိုပြီး ငြင်းခုံတာတွေရှိပါတယ်။ EuroCham Myanmar အနေနဲ့ မျက်မြင်တွေ့ခဲ့တဲ့ အရာတွေက ၂၀၁၄ ခုနှစ်အဆုံးမှာ EuroCham Myanmar စတင်ကတည်းက ပြုလုပ်ခဲ့တဲ့ တိုးတက်လာမှုတွေ ဖြစ်ပါတယ်။ အဲဒီကတည်းက အစိုးရသစ်နဲ့ လုပ်ဆောင်ခဲ့တဲ့တိုးတက်မှုတွေကို မြင်တွေ့ခဲ့ပါတယ်။ ဈေးကွက်နဲ့ ကဏ္ဍအသစ်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးခဲ့ပါတယ်။ ဒါက အဲဒီအချိန်မတိုင်ခင်က ဒီမှာမဝင်ရောက်သေးတဲ့ ကုမ္ပဏီတွေအများစုအတွက် အပြုသဘောဆောင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ Telecom ကုမ္ပဏီတွေက လျင်လျင်မြန်မြန်တိုးတက်ခဲ့တယ်။ Telecom ဈေးကွက်မှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဥရောပကုမ္ပဏီ Telenor ကို တွေ့မြင်ရတဲ့အတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။

EuroCham က ပြည်တွင်းကုမ္ပဏီတွေကို European Union ဆီ Promote လုပ်ပေးပါသလား

-----------------

ဒါက ကျွန်တော်တို့အနေနဲ့ စုံစမ်းစစ်ဆေးနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဥရောပနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ ပြည်တွင်းကုမ္ပဏီတွေကို အထောက်အပံ့ပေးနေတဲ့ ဥရောပရောဂျက်တချို့ရှိပါတယ်။ သိကြတဲ့အတိုင်း ဥရောပနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ဥရောပနဲ့ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲစေတဲ့ လမ်းညွှန်ချက်တွေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ ဒါဟာအတော်လေးကျပ်တည်းတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ ဒါကြောင့် European Chamber of Commerce အနေနဲ့ ပိုမိုများပြားတဲ့ ပြည်တွင်းကုမ္ပဏီတွေကို ဥရောပကုမ္ပဏီတွေနဲ့ လုပ်ငန်းအတူလုပ်ကိုင်နိုင်အောင် အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေကြားထဲမှာ ကြားခံအနေနဲ့ ဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ ဥရောပကုမ္ပဏီတွေနဲ့ စီးပွားရေးသဘောတူညီမှု ပြုတော့မယ်ဆိုရင် အဲဒီပြည်တွင်းကုမ္ပဏီတွေဟာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ အမှန်တကယ် ကိုက်ညီမှုရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့အချက်တွေ ပြည့်မီအောင် ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီဖက်အပိုင်းမှာ ပိုပြီးတော့ လှုပ်ရှားမှုများသလိုဖြစ်နေပါလိမ့်မယ်။

EU ကို ကုန်တင်ပို့ဖို့ ပြည်တွင်းကုမ္ပဏီတွေကို အထောက်အပံ့ပေးဖို့စီစဉ်ထားတဲ့ ဥရောပငွေကြေး ထောက်ပံ့မှုရရှိထားတဲ့ ပရောဂျက်တွေလည်း အများကြီးရှိပါတယ်။ အဲဒီအထဲမှာ MyanTrade လည်း ပါဝင်ပါတယ်။ နောက်ပြီး အစိုးရကလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဥရောပဆီ ထိထိရောက်ရောက် Promote လုပ်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ EuroCham ရဲ့အနာဂတ်အစီအစဉ်

--------------------------------

ကျွန်တော်တို့ရဲ့ အနာဂတ်အစီအစဉ်ကတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက EuroCham စတင်တည်ထောင်ခဲ့စဉ်တုန်းက အုတ်မြစ်ချခဲ့တဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ် Sector အသစ်တွေ၊ Advocacy Group အသစ်တွေ လတ်တလောမှာပဲ ထပ်ဖွင့်ထားပါတယ်။ အဖွဲ့တစ်ခုချင်းစီအလိုက် ရှင်းလင်းပြတ်သားတဲ့ လမ်းစဉ်တွေရှိထားပြီး အဲဒီအဖွဲ့တွေ အမှန်တကယ်အားကောင်းလာအောင် ဆောင်ရွက်သွားဖို့ အာရုံစိုက်ထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးဟာ အစိုးရရဲ့စီမံချက်တွေနဲ့ ညီညွတ်မှုရှိအောင် ဆောင်ရွက်သွားပါမယ်။ နောက်ပြီး အခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားပါမယ်။ လုပ်ဆောင်မှုအသစ်တွေ ထွက်ပေါ်ဖို့နဲ့ ဆန်းသစ်တီထွင်ဖို့သာမက ရှိပြီးသား ဆောင်ရွက်ချက်တွေကိုလည်း အထောက်အပံ့ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဥပမာ - Automotive Advocacy Group တွေက Road Safety Project တွေ၊ Campaign တွေကို စိတ်ဝင်တစားရှာဖွေနေကြပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ရှိပြီးသား Road Safety Project တွေ ရှိနေတယ်ဆိုတဲ့အချက်ကိုလည်း ကျွန်တော်တို့သိထားပါတယ်။ ကျွန်တော်တို့ရဲ့အိုင်ဒီယာက ဆန်းသစ်တီထွင်ထားတဲ့ အယူအဆအသစ်တစ်ခုနဲ့ ဝင်ရောက်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှိပြီးသားပရောဂျက်တွေကို ကျွန်တော်တို့ ဘယ်လိုကူညီထောက်ပံ့ပေးမလဲဆိုတဲ့ အယူအဆနဲ့လာတာ ဖြစ်ပါတယ်။

ကျွန်တော်တို့လုပ်ကိုင်နေတဲ့ အခြားပရောဂျက် တော်တော်များများရှိပါသေးတယ်။ ဥရောပနဲ့ ပြည်တွင်း SME လုပ်ငန်းတွေအပေါ် အလွန်အာရုံစိုက်ထားပါတယ်။ မကြာခင်ကာလမှာ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ အမျိုးသမီးခေါင်းဆောင်တွေကို အာရုံစိုက်ထောက်ပံ့ပေးမယ့် လုပ်ဆောင်ချက်တွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ 2018 White Book ကို ထုတ်လုပ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာ Myanmar EU Economic Forum ကို ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။ အစိုးရအဆင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဓိကပုဂ္ဂိုလ်တွေ၊ သင့်တော်တဲ့ Stakeholder တွေ၊ ကျွန်တော်တို့ရဲ့ အသင်းဝင်တွေအားလုံးနဲ့ သင့်တော်တဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့ကို White Book ထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေ၊ စီးပွားရေးအခြေအနေကို ဘယ်လိုတိုးတက်အောင်ဆောင်ရွက်မလဲ၊ ကျွန်တော်တို့ အတူတူပူးပေါင်းပြီးတော့ လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာတွေကို စုပေါင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်တွင်းကုမ္ပဏီတွေနဲ့ လုပ်ငန်းဆောင်ရွက်ရတာ ပျော်ရွှင်ပါတယ်။ တစ်ခါတလေမှာ တချို့က ကျွန်တော်တို့တွေက ဥရောပကုမ္ပဏီတွေကိုပဲ အထောက်အပံ့ပေးတယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါကလည်း မှန်ပါတယ်။ ကျွန်တော်တို့ အသင်းဝင်ဖို့အတွက် ဥရောပကုမ္ပဏီတွေကိုပဲ ခွင့်ပြုပေးထားတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်တဲ့ ဥရောပကုမ္ပဏီတွေကိုပဲ ကျွန်တော်တို့အနေနဲ့ ထောက်ပံ့ခွင့်ရှိပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့အနေနဲ့ EU Interest တစ်ခုတည်းကို ကိုယ်စားပြုဖို့ကနေ ရှောင်ဖယ်မသွားပါဘူး။ EU Interest ကိုယ်စားပြုမှု သက်သက်ဟာ EU စီးပွားရေးကိုပဲ အကျိုးရှိစေပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အထောက်အပံ့ပေးမှာ မဟုတ်ဘူးလို့လည်း မယူဆနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပြည်တွင်းကုမ္ပဏီတွေအတွက်လည်း မြင်သာတဲ့ Package အမျိုးအစားအစုံအလင်ကို ထောက်ပံ့ပေးထားပါတယ်။ ဥရောပကုမ္ပဏီတွေဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပြည်တွင်းက ခွင့်ပြုချက်တွေ၊ ပြည်တွင်းစီးပွားဖက်တွေ၊ ကျွမ်းကျင်လုပ်သားတွေ၊ အခြေခံအဆောက်အအုံတွေ စသဖြင့် လိုအပ်ပါတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့က EU Interest ကို အထောက်အပံ့ပေးပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကိုလည်းပဲ ကူညီထောက်ပံ့ပေးပါတယ်။

EU လုပ်ငန်းတွေနဲ့ တွဲလုပ်နိုင်ဖို့ ပြည်တွင်းကုမ္ပဏီတွေအတွက် အကြံပြုချက်တွေက

---------------------

အခုချိန်ထိတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က သိပ်မလုပ်ဖြစ်သေးပါဘူး။ များမကြာမီမှာတော့ အဲဒါကို လုပ်ဆောင်နိုင်ဖို့မျှော်မှန်းပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကိုယ့်လုပ်ဆောင်ရမယ့်အရာကို ပြီးမြောက်အောင်လုပ်ဖို့ပါ။ အဓိကအချက်ကတော့ အချက်အလက်ရရှိဖို့နဲ့ ပထမဆုံး EU နဲ့ နောက်ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီဖို့ပဲလို့ ကျွန်တော်ယူဆပါတယ်။

ဒါကြောင့် အချက်အလက်တွေရအောင်လုပ်ပါ၊ လုပ်နေပြီးသား ရှိပြီးပရောဂျက်တွေဆီက အကူအညီတွေ ရယူဖို့မကြောက်ပါနဲ့။ ဥပမာ-ပြည်တွင်းကုမ္ပဏီတွေကို ထောက်ပံ့ပေးဖို့ကူညီနေတဲ့ GIZ နဲ့ EU က ငွေကြေးထောက်ပံ့ပေးထားတဲ့ MyanTrade တွေမှာ အသေးစားနဲ့ အလတ်စားကူညီပေးရေးနေရာ။ မြန်မာနိုင်ငံက ရိုးရိုးသားသားပေးနိုင်တာတွေအများကြီးရှိတယ်လို့ ထင်တယ်။    စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းအုပ်စုတွေ (ဥပမာ-ကော်ဖီ၊ သရက်၊ ပဲ စသဖြင့်) မှာ ဥရောပဈေးကွက်ကို ပြည်တွင်းကုမ္ပဏီတွေ အများကြီးလမ်းပွင့်သွားတာကို မြင်ရတဲ့အတွက်ပျော်ရွှင်မိပါတယ်။ စိုက်ပျိုးရေးက သေချာပေါက် ထောက်ပံ့ပေးရမယ့်ကဏ္ဍပါ။ ကျွန်တော်တစ်ယောက်တည်းရဲ့မျှော်လင့်ချက်ကတော့ ဒီကပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ပါ။

EuroCham က ဥရောပနိုင်ငံတွေကိုပဲ လက်ခံတာလား

-----------------

ဟုတ်ပါတယ်။ ဥရောပနိုင်ငံတွေကိုပဲ လက်ခံပါတယ်။ ဒါပေမဲ့ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ဥရောပနဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်နိုင်မယ့်အခြေအနေတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံမဟုတ်တဲ့ အခြားကုမ္ပဏီတွေကို ကျွန်တော်တို့အဖွဲ့ဝင်အနေနဲ့ ခွင့်ပြုပြီး ဆွေးနွေးပေးပါတယ်။ ဥပမာ- Prestige Automobiles (BMW Myanmar) လို ဥရောပထုတ်ကုန်တွေဖြန့်ချိတဲ့ ပြည်တွင်းကုမ္ပဏီတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဥရောပနိုင်ငံပီသဖို့ အရေးကြီးပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့အင်အားဖြစ်လို့ပါ။ အကြံပေးအလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က မြန်မာအစိုးရနဲ့တပြေးညီပဲဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့က ဥရောပကုမ္ပဏီတွေနဲ့အတူ ဥရောပအကျိုးစီးပွားကို ကိုယ်စားပြုတယ်၊ တခြားကနေရရှိတဲ့ တခြားအကြံပြုချက်တွေအားလုံးအပြင် ဥရောပအမြင်တွေကိုလည်း ပေးပါတယ်။