ပြည်တွင်းဈေးကွက်ရှိ မြန်မာ့ထုတ်ကုန်အများစုမှာ

မြန်မာ့ထုတ်ကုန်အများစုမှာ ကုန်ကြမ်းကိုတန်ဖိုးထပ်ဆင့်၍ ပြုပြင်ထုတ်လုပ်သော ထုတ်ကုန်များဖြစ်ပြီး နည်းပညာမြင့်ထုတ်ကုန် မပါသလောက်ပင်ဖြစ်သည်။

ဤထုတ်ကုန်များတွင် အမှတ်တံဆိပ်တစ်ခုချင်းအနေဖြင့် နိုင်ငံတကာဈေးကွက်သို့ ထဲထဲဝင်ဝင် ခိုင်ခိုင်မာမာ ထိုးဖောက်နေရာယူနိုင်သည့်သူ ရှာပါးနေပါသေးသည်။

လောလောဆယ်ဆယ်တွင် ပြည်တွင်းဈေးကွက် မြန်မာ့ထုတ်ကုန်အများစုမှာ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသည့် နိုင်ငံခြားထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေကြရသည်။

အဓိကအားဖြင့် အိမ်နီးချင်းထုတ်ကုန်များသည် အရည်အသွေးနှင့် ထုတ်ပိုးပုံကောင်းမွန်သေသပ်ပြီး ဈေးသက်သာအောင် စီမံနိုင်သည်။ အချို့မှာ တရားမဝင်နည်းလမ်းများဖြင့် တင်သွင်းလာခြင်းကြောင့် အခွန်အခလည်း သက်သာပေရာ ပြည်တွင်းထုတ်ကုန်များအနေနှင့် အသည်းအသန်ယှဉ်ပြိုင်နေရပေသည်။

ပြည်တွင်းထုတ်ကုန်များအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းပိုမိုရှိလာရန် လိုအပ်ချက်များစွာရှိနေသေးသည်။ ထုပ်ပိုးမှု၊ စက်ကိရိယာ၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီး၊ နည်းပညာတို့မှာ အဓိကလိုအပ်ချက်များဖြစ်သည်။ ဤသည်တို့ ပြည့်ဝစုံလင်ရန် လုပ်ငန်းရှင်များအနေနှင့် အတော်ပင်အားထုတ်ရဦးမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ထိုက်သင့်သော ပံ့ပိုးမှု၊ လုပ်သာကိုင်သာရှိစေမည့် ဖြေလျှော့မှု၊ အခြေခံအဆောက်အဦကောင်းများကို စီမံပံ့ပိုး၍ ပြိုင်တူတွန်းနိုင်မှသာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်လာမည် ဖြစ်ပါသည်။

အယ်ဒီတာ့အမှာ