အထက်ပါစီမံခန့်ခွဲမှုသဘောတရားကို ရှေးကျပြီဟုဆိုနိုင်သော အဆိုစကားမှာ လူတိုင်းသိသောစီမံခန့်ခွဲမှု အတွေးသမားကြီး Peter Drucker က ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေသော The Practice of Management စာအုပ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
Management by Objectives (MBO) ၏ အဓိပ္ပာယ်မှာ များစွာသောအလုပ်များလုပ်နေခြင်းမှာ ဘာအတွက်ဖြစ်သည်ကို သိနေရန်နှင့် ရည်ရွယ်ချက် မပျောက်ရန်ဖြစ်သည်။ သို့ဖြစ်၍ MBO ကို Management by Results ဟုလည်း ညွှန်းဆိုသည်။
Drucker ၏ အဆိုအရ အလုပ်လုပ်ရာတွင် အရေးပါသောအချက်ငါးချက်တွင် ပထမဦးဆုံးမှာ ရည်ရွယ်ချက်၊ ဦးတည်ချက်ကို သတ်မှတ်ရန်ဖြစ်သည်။ ကျန်လုပ်ငန်းများမှာ စည်းရုံးရန်၊ စိတ်တက်ကြွဖို့ လှုံ့ဆော်ရန်၊ ဆက်သွယ်မှုရှိရန်၊ တိုင်းတာရန်နှင့် နောက်ဆုံးအနေဖြင့် လုပ်သားများနှင့်အတူ မိမိပါတက်ကြွရန်တို့ဖြစ်သည်။ MBO ၏သော့ချက်မှာ မန်နေဂျာ၊ အကြီးအငယ်အားလုံး ဦးတည်ချက်ကို အသီးသီးသိထားခြင်းနှင့် သဘောတူမှုယူထားခြင်းဖြစ်သည်။ လူတိုင်းက မိမိတာဝန်ယူရမည့်အလုပ်ကို သိပြီး၊ ညှိနှိုင်းထားပြီးဖြစ်လျက် ပြီးစီးမှုကိုလည်း တိုင်းတာစောင့်ကြည့်ထားပြီး လိုအပ်ပါက ညှိနှိုင်း၍ လုပ်ငန်းကို သတ်မှတ်ထားသော သွင်းအားစုများအတွင်း အကောင်းဆုံးပြီးစီးနိုင်မည်။
MBO ဖြစ်စဉ်ကို ပထမဦးစွာ စိစစ်သုံးသပ်၍ လုပ်ငန်းအတွက် ဖြစ်နိုင်ခြေအကောင်းဆုံး ရည်ရွယ်ချက်ကို ချမှတ်သည်။ အဆင့်တစ်အနေဖြင့် ဒါရိုက်တာဘုတ်အဖွဲ့ထိုင်၍ အဖွဲ့အစည်းတစ်ခုလုံးအတွက် ရည်မှန်းချက်ကို ဖော်ထုတ်ရမည်။ ထို့နောက် ရည်မှန်းချက်အတွက် မည်သည့်လုပ်ငန်းတာဝန်များလုပ်ရန် လိုအပ်ပြီး မည်သူကတာဝန်ယူရမည်ကို သတ်မှတ်ရမည်။ ထိုအလုပ်များနှင့်ပတ်သက်ပြီး ကောင်းမွန်စွာပြီးစီးမှု လိုအပ်ချက်များကိုပါ သတ်မှတ်၍ အပေါ်မှအောက်ထိ အဆင့်ဆင့်တာဝန်များခွဲပြီး ဖြစ်သွားရမည်။
အောက်ပိုင်းတာဝန်များကိုထပ်၍ Plan of Action များ ရေးဆွဲရမည်။ တစ်ဦးစီအနေဖြင့် မိမိတို့ သဘောတူထားသည့်တာဝန်ကို အမှန်တကယ် တာဝန်ယူရမည်ဖြစ်သည်။ ဤသို့စီမံခန့်ခွဲခြင်းမှာ Management by Objectives (MBO) ဖြစ်ပြီး Management by Activities မဟုတ်သဖြင့် မန်နေဂျာများသည် မိမိလက်အောက် အလုပ်သမားများနှင့် သဘောတူထားသော ရည်မှန်းချက်ဖြစ်သောကြောင့် လုပ်သားများကို အသေးစိတ်လမ်းညွှန်ရန် မလိုပါ။
သို့ဖြစ်၍ MBO မှာ တာဝန်ချပေးခြင်း Delegation ပင်ဖြစ်ပြီး လူငယ်များအားစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း Empowerment ၏ အစပင်ဖြစ်သည်။ မန်နေဂျာအနေနှင့် လုပ်ကိုင်နိုင်စွမ်းကို ယုံကြည်မှုရှိပြီး ယခုအခါများတွင် Multinational Companies များနှင့် ထိုကုမ္ပဏီများ၏ လက်အောက်ခံပြည်တွင်းကုမ္ပဏီများ ဆက်သွယ်မှုပုံစံနှင့် တူညီသည်။ Head Office အနေဖြင့် Country Manager သည် ပြည်တွင်းအခြေအနေကို ပိုမိုအကျွမ်းတဝင်ရှိသည်ဖြစ်၍ စီမံခန့်ခွဲမှုကို စိတ်ချယုံကြည်၍ တာဝန်လွှဲပေးထားသည်။
Strategy Link (ဗျူဟာချိတ်ဆက်မှု) . . .
ဖော်ပြခဲ့သည့်အတိုင်းဆောင်ရွက်ခြင်းဖြင့် MBO တည်ဆောက်မှုကြောင့် ထိပ်ပိုင်းဗျူဟာနှင့် အောက်ပိုင်း အကောင်အထည်ဖော်ရသူများ တိုက်ရိုက်ချိတ်ဆက်မှုရသည်။ ဖြစ်စဉ်တစ်ခုလုံးကို လမ်းမှန်အတိုင်းဖြစ်စေရန် ရည်မှန်းချက်အတိုင်း တိုးတက်မှုကို မှန်မှန် စောင့်ကြည့်ရန် လိုအပ်သည်။ လုပ်သားများ၏ လုပ်ကိုင်နေမှုကိုလည်း အကဲဖြတ်ရမည်။ အကဲဖြတ်မှုကို လုပ်ကိုင်သူသို့ ပြန်သိစေရမည်။ ပြန်လည်သိစေရန် စနစ်တကျဆုံးဖြတ်မှု၊ သို့မဟုတ် အလုပ်တစ်ခု လုပ်ရမည့်အခါတိုင်း ထွက်ပေါ်လာရမည့်ရလဒ်ကို ရေးချထားရမည်။ လုပ်ငန်း ပြီးသင့်သလောက်ပြီးသည့်အခါ မျှော်မှန်းထားချက်နှင့် လက်တွေ့ လုပ်ကိုင်ပြီးစီးမှု ကိုက်ညီမှု ရှိ မရှိကို မှန်မှန် စစ်ဆေးရမည်။ စိစစ်တွေ့ရှိချက်မှ မည်သည့်နေရာတွင် ကောင်းခဲ့ပြီး မည်သည့်နေရာတွင် လိုအပ်နေသည် ... စသည်ဖြင့် မည်သို့ပြင်ဆင်ရန်လိုအပ်နေသည်တို့ကို ထောက်ပြရမည်။
လုပ်ကိုင်မှုကောင်း၍ ရည်မှန်းချက်အတိုင်း အောင်မြင်သူတို့အား ချီးမြှောက်၍ လုပ်ငန်းလုပ်ကိုင်မှု ညံ့သူတို့ကို ဒဏ်ပေးရမည်။ လုပ်ငန်းတွင်အစဉ်တစိုက် ရည်မှန်းချက်မီအောင်မလုပ်နိုင်သူကို အလုပ်မှထုတ်ပယ်ဖို့ စဉ်းစားရမည်။
MBO ၏ အားနည်းချက်မှာ ရည်မှန်းချက် မည်ရွေ့မည်မျှဖြစ်ရမည် မှန်ကန်စွာချမှတ်ခြင်း၊ လိုအပ်လျှင် ပြင်ဆင်ရခြင်း၊ လုပ်ငန်းရေးမှတ်ခြင်း စသဖြင့် အလုပ်များသည်။ အချိန်ယူသည်။ ထို့ပြင် လုပ်ငန်းတစ်ခုလုံး၏ ရည်မှန်းချက်များသည် အမှန်တကယ်ရရှိနိုင်မည့် ရည်မှန်းချက်များဖြစ်ရန် လိုသည်။ MBO စီမံခန့်ခွဲမှုအတွက် SMART ရည်မှန်းချက်များဖြစ်ရန် လိုသည်ဟု ဆိုသည်။
Specific - မရေမရာဖြစ်၍ ရမည်မဟုတ်၊ တိကျရမည်။
Measurable - ရည်မှန်းချက်သည် တိုင်းတာ၍ ရရန်လိုသည်။
Achievable - သိပ်မလွယ်သင့်၊ လုပ်၍မရနိုင်တာ မဖြစ်သင့်။
Realistic - လက်တွေ့ကျရမည်။
Time-related - ပြီးစီးရမည့်အချိန် သတ်မှတ်ရမည်။
ယခုအချိန်အခါ MBO မှာ တိကျလွန်းပြီး အသုံးပြုရန်ခက်ခဲမှုကြောင့် သဘောတရားအားဖြင့် မှန်ကန်သော်လည်း အသုံးနည်းလာသည်။ တစ်ဖြောင့် တည်းလမ်းကိုလိုက်ခြင်း၊ တစ်သမတ်တည်း ဆုံးဖြတ်ခြင်းတို့က လူများ၏ပြောင်းလဲနိုင်မှု၊ အခြေအနေ ပြောင်းလဲနိုင်မှုတို့ကို လုံးဝထည့်မစဉ်းစားသလို ဖြစ်နေသည်။ ပြောင်းလဲမှုအမျိုးမျိုးကို နေ့စဉ်ရင်ဆိုင်နေရခြင်းကြောင့် MBO မှာ အသုံးပြုမှု ခက်ခဲလာသည်။
Team – Building ၊ Morale ၊ Ethical Behavior နှင့် Systems Thinking တို့ကို ပို၍ အသားပေးလာသည့်အခါတွင် Results-based Management ၊ Management by Objectives တို့မှာ အလုပ်ကိုသာ အဓိကထားသည့် သီအိုရီအဖြစ် ဝေဖန်မှုများရှိလာသည်။
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)