ဝန်ထမ်းပေါင်းများစွာကို ဦးဆောင်နေသူတွေရော၊ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အကောင်းဆုံးတွေကို လုပ်ငန်းအတွက် ရယူသုံးစွဲဖို့ စဉ်းစားနေသူတွေရော၊ မိမိလုပ်ငန်းကို ခေတ်စနစ်နဲ့အညီ တိုးတက်ပြောင်းလဲအောင်လုပ်ဖို့ အမြဲခေါင်းစားနေရသူတွေအတွက်ပါ မဖတ်မဖြစ် စာအုပ် ၄ အုပ်ကို ညွှန်းဆိုပေးလိုက်ပါတယ်။
1.Radical Candor:"How to be a Great Boss Without Losing Your Humanity" Kim Scott
Kim Scott ရေးသားထားတဲ့ Radical Candor စာအုပ်ဟာ ဝန်ထမ်းတွေအပေါ် အမြဲတမ်းရန်လိုတတ်တဲ့ စီမံခန့်ခွဲသူနဲ့ ဝန်ထမ်းတွေကို အမြဲနားလည်ပေးတတ်တဲ့ စီမံခန့်ခွဲသူတွေကြားက အဖြစ်သင့်ဆုံး အခြေအနေတစ်ခုကို ရုပ်လုံးဖော်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ လေ့လာမှတ်သားစရာတွေကို လမ်းညွှန်ပြသထားတဲ့ ဒီစာအုပ်ထဲမှာ ချီးကျူးစရာနဲ့ ဝေဖန်ရှုတ်ချစရာတွေကို ပေါင်းစပ်ရေးသားထားပြီး ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွက်ပိုကောင်းတဲ့ရလဒ်တွေကို ဆောင်ကျဉ်းပေးနိုင်မယ့် စာအုပ်တစ်အုပ်ပါ။ ထက်မြက်တဲ့စီမံခန့်ခွဲသူတွေမှာ ဝန်ထမ်းတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိနေပြီး စာနာထောက်ထားမှုလည်း ရှိကြပါတယ်။
စီမံခန့်ခွဲမှုပညာရပ်မှာ ဒွိဟဖြစ်နေသူတွေနဲ့ စီမံခန့်ခွဲမှုပညာရပ်ကို လေ့လာလိုသူတွေအတွက် Radical Candor က လမ်းပြပေးထားပြီး လုပ်ငန်းခွင်စီမံခန့်ခွဲသူတွေနဲ့ စီမံခန့်ခွဲသူတွေကို ထပ်ဆင့်စီမံခန့်ခွဲရသူတွေအတွက် ရည်ညွှန်းရေးသားထားတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကိုအခြေခံပြီး စာဖတ်သူတွေကို အကောင်းဆုံး သင်ခန်းစာယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ Radical Candor ဟာ ကိုယ်ရဲ့ ကိုယ်ကျင့်တရား၊ လူသားချင်းစာနာထောက်ထားမှုတွေနဲ့ အောင်မြင်မှုကို ဘယ်လိုရယူနိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။ ကိုယ့်အလုပ်ကိုနားလည်ပြီး အလုပ်အကိုင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ဖို့ ကြိုးစားနေသူတွေအတွက် Radical Candor က အကောင်းဆုံး လက်စွဲစာအုပ်တစ်အုပ်ဖြစ်ပါတယ်။
2.Liz Wiseman : Multipliers,Revised and Updated : How the Best Leaders Make Everyone Smarter
ကျွန်တော်တို့အားလုံးဟာ ခေါင်းဆောင်နှစ်မျိုးနဲ့ တွေ့ကြုံဖူးကြပါတယ်။ ပထမခေါင်းဆောင်မျိုးကတော့ သူတို့အနားမှာရှိနေတဲ့ သူတွေရဲ့စွမ်းဆောင်ရည်၊ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို ပျောက်ကွယ်စေပြီး အခန်းထဲမှာ သူဟာစမတ်အကျဆုံးလူတစ်ယောက် ဖြစ်ချင်ပါတယ်။ သူတို့ဟာ အတွေးအခေါ်သစ်တွေကို သတ်သူတွေဖြစ်ပြီး စွမ်းဆောင်ရည်တွေကို ဆုံးရှုံးစေသူတွေဖြစ်သလို ထူးချွန်ထက်မြက်မှုတွေကိုလည်း ပျက်စီးစေသူတွေပါ။ ဒုတိယခေါင်းဆောင်မျိုးကတော့ သူတို့ရဲ့ထူးချွန်ထက်မြက်မှုတွေကို အနားမှာရှိနေတဲ့သူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းပိုပြီး တိုးတက်လာစေဖို့ အသုံးချတတ်ကြပါတယ်။ ဒီလိုခေါင်းဆောင်မျိုးက အခန်းထဲကို လျှောက်လာရင် အနားမှာရှိတဲ့လူတွေဟာ အတွေးသစ် အမြစ်သစ်တွေပေါ်လာပြီး ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ကြပါတယ်။ ဒီလိုခေါင်းဆောင်တွေဟာ အလုပ်သမားတွေကိုပိုပြီး အင်အားရှိလာစေဖို့ လှုံ့ဆော်နိုင်စွမ်းရှိတဲ့သူတွေဖြစ်တာကြောင့် ဆတိုးစေသူတွေ (Mulitipliers) လို့ သတ်မှတ်နိုင်ပါတယ်။ ဒီနေ့ခေတ်လိုခေါင်းဆောင်တွေကို အရေအတွက်နည်းနည်းနဲ့ အလုပ်များများလုပ်ဖို့ မျှော်လင့်ခံရတဲ့ အခြေအနေမှာ ဒီလိုခေါင်းဆောင်မျိုးတွေ ပိုပြီးလိုအပ်လာပါတယ်။
ခေါင်းဆောင်မှုပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Liz Wiseman က သူ့ရဲ့စာအုပ်ထဲမှာ ခေါင်းဆောင်နှစ်မျိုးရဲ့ပုံစံနဲ့ စွမ်းဆောင်ရည်ဆတိုးစေနိုင်တဲ့ ခေါင်းဆောင်တွေ စွမ်းဆောင်ရည်နဲ့ အဖွဲ့အစည်းတစ်ခုအတွက် အကျိုးသက်ရောက်စေမှုတွေကို လက်တွေ့ကျကျ ဝေဖန်ပိုင်းခြားပြထားပါတယ်။ ခေါင်းဆောင် ၁၅၀ ကျော်ကို လေ့လာထားတဲ့ အချက်အလက်တွေနဲ့ Wiseman ဟာ အကျိုးမရှိတဲ့ ခေါင်းဆောင်က စွမ်းဆောင်ရည်ဆတိုးစေတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ စည်းမျဉ်း ၅ ခုကို ရေးသားဖော်ပြထားပြီး ဒီစည်းမျဉ်းတွေကပင် ကိုယ်ထက်မြက်တဲ့သူတွေကိုပဲ အခြေခံထားတဲ့ စည်းမျဉ်းတွေတော့ မဟုတ်ပါဘူး။
လူတိုင်းလိုက်နာဆောင်ရွက်နိုင်တဲ့ စည်းမျဉ်းတွေဖြစ်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင် ဘယ်လိုပြုမှုဆောင်ရွက်မလဲဆိုတာကို လမ်းပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Wiseman ရဲ့ စာအုပ်ထဲမှာ ခေါင်းဆောင်နှစ်မျိုးကို နှစ်ပိုင်းခွဲခြားပြီးရေးသားဖော်ပြထားလို့ စာဖတ်သူအနေနဲ့ ရှင်းရှင်းလင်းလင်း ဝေဖန်ပိုင်းခြားလေ့လာနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
3.Scott D.Anthony , Clark G.Gilbert , Mark Johnson: "Dual Transformation: How to Reposition Today’s Business While Creating the Future"
စာရေးဆရာသုံးယောက်ပါဝင်ရေးသားထားတဲ့ Dual Transformation စာအုပ်ဟာ ဒီနေ့ခေတ် ခေါင်းဆောင်တွေ ရင်ဆိုင်နေကြရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲမှာ အခက်အခဲတစ်ခုကို ဘယ်လိုရင်ဆိုင်ကျော်လွှားသင့်တယ်ဆိုတာကို အကြုံပြုထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အကျဘက်ရောက်သွားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ပြုပြင်ပြောင်းလဲရေးဆိုတာက ဒီနေ့ခေတ် စီးပွားရေးဆိုင်ရာခေါင်းဆောင်တွေအတွက် စိန်ခေါ်မှုကြီးမားတဲ့ အခက်အခဲတစ်ခုပါပဲ။ Dual Transformation စာအုပ်က ကိုယ့်ရဲ့ကုမ္ပဏီကို ခိုင်မာတဲ့ဈေးကွက်နဲ့ အကျိုးအမြတ် ပိုရရှိအောင် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်နိုင်တယ်ဆိုတာကို လမ်းညွှန်ပြသထားတဲ့ စာအုပ်တစ်အုပ်ပါ။ အခက်အခဲတွေနဲ့ စိန်ခေါ်မှုဆိုတာ ခေါင်းဆောင်အဖွဲ့အစည်းအတွက် တကယ်တော့ အကြီးမားဆုံးအခွင့်အလမ်းတစ်ခုပါပဲ။ အခက်အခဲအကျပ်အတည်းတွေက ကြီးမားတဲ့ ဈေးကွက်သစ်တစ်ခုကို ဖန်တီးနိုင်မယ့်အခွင့်အလမ်းတွေကို တံခါးဖွင့်ပေးနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ဈေးကွက်ကိုခေါင်းဆောင်နိုင်တဲ့သူ ဖြစ်လာနိုင်တဲ့ ကာလတစ်ခုဖြစ်သလို စီးပွားရေးလောကမှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မယ့် အခိုက်အတန့်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီလိုအခြေအနေဖြစ်လာဖို့ Dual Transformation ရဲ့ အခြေခံအုတ်မြစ်တွေနဲ့ စတင်ပါတယ်။
Transformation A : ယနေ့ခေတ်စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများကို လျော့ကျစေရန် ပုံစံပြောင်းလဲခြင်း
(Adobe သည် Packaged Software ရောင်းချခြင်းမှ Software အထောက်အကူပြုသည့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သို့ ရဲဝံ့စွာလုပ်ငန်းပုံစံပြောင်းလဲခဲ့သည်။)
Transformation B : ဖွံ့ဖြိုးတိုးမှုပုံစံသစ်ကိုဖန်တီးခြင်း
(Amazon သည် Cloud Computing ဝန်ဆောင်မှုများပေးသည့် ကမ္ဘာ့အကြီးမားဆုံးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။)
Capabilities link : အခက်အခဲကို ငဲ့ကွက်မှုမရှိဘဲ အခွင့်ကောင်းယူကာ မမျှတသောနည်းလမ်းဖြင့် တိုက်ခိုက်ခြင်း
ပါရမီထူးတဲ့ ခေါင်းဆောင်တွေမှာ ရဲရင့်မှု၊ ပြတ်သားမှု၊ လေ့လာစူးစမ်းလိုမှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိရမယ်လို့ Anthony ၊ Gilbert နဲ့ Johnson တို့ သုံးယောက်က ဖော်ပြပါတယ်။
သူတို့လို ခေါင်းဆောင်မျိုးမရှိရင်တော့ Dual transformation က လုပ်ငန်းတစ်ခုကို တည်ထောင်သူ ဖြစ်လာနိုင်ပါတယ်။ Adobe ၊ Manila Water နဲ့ Netflix တို့လို အပြောင်းအလဲပြုလုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီတွေက သင်ခန်းစာတွေနဲ့ Dual transformation စာအုပ်က ကုမ္ပဏီအမှုဆောင်အရာရှိတွေကို အနာဂတ်လျှောက်လှမ်းရမယ့် စိန်ခေါ်မှုတွေအတွက် လမ်းပြပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
4.MachaelC.Mankins , Eric Garton : Time, Talent,Energy : Overcome Organizational Drag and Unleash Your Team’s Productive Power
ရှားပါးအရင်းအမြစ်စီမံခန့်ခွဲမှုက အောင်မြင်တဲ့ဈေးကွက်ပြိုင်ဆိုင်မှုရဲ့ အဓိကကျတဲ့သော့ချက်ဆိုတာကို စီးပွားရေးလုပ်ငန်းရှင်တိုင်း နားလည်ကြပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တိုင်းက သူတို့ရဲ့ဘဏ္ဍာရေးအရင်းအမြစ်ကို ဂရုတစိုက်ခွဲဝေသုံးစွဲတတ်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဘဏ္ဍာရေးအရင်းအနှီးက ပေါများနေပြီဖြစ်လို့ ဒီအရင်းအမြစ်နဲ့ အကျိုးအမြတ် မဖြစ်ထွန်းနိုင်တော့ပါဘူး။ အခုလိုအချိန်ကာလမှာ အမှန်တကယ်ရှားပါး အရင်းအမြစ်က ကိုယ့်အဖွဲ့အစည်းက လူတွေရဲ့စွမ်းဆောင်ရည်၊ ထက်မြက်မှုနဲ့အချိန်ကာလ ဖြစ်လာပါပြီ။ သူတို့ကို စီမံခန့်ခွဲမှုအတွက် အကြံဉာဏ်ကောင်းများစွာ ရှိထားပြီးဖြစ်ပေမယ့် အကြံပေးချက်အများစုက တစ်ဦးတစ်ယောက်ချင်းစီကို ကိုယ်စားပြုနေပါတယ်။ အမှန်တကယ် လိုအပ်နေတာက ကုမ္ပဏီရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှုအတွက် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုတဲ့ စီမံခန့်ခွဲမှုလမ်းညွှန်ချက်တွေပါ။
လူကြိုက်များခဲ့တဲ့ Harvard Business Review ဆောင်းပါး “Your Scarcest Resource” ကို ရေးသားခဲ့တဲ့ Michael Mankins နဲ့ စီမံခန့်ခွဲမှု အတိုင်ပင်ခံရုံး Bain & Company က ကျွမ်းကျင်သူ Eric Garton တို့ဟာ လူတွေရဲ့ စွမ်းဆောင်ရည်၊ ထက်မြက်မှုနဲ့ အချိန်တို့ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အချက်ကို သုတေသနပြုလုပ်ပြီး ဒီစာအုပ်ထဲမှာ ရေးသားဖော်ပြပေးထားပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်နှေးသွားစေနိုင်တဲ့အရာ၊ ကုန်ထုတ်လုပ်မှုလျော့ကျစေနိုင်တဲ့အရာ၊ လူတွေရဲ့စွမ်းဆောင်ရည်ကျဆင်းသွားစေနိုင်တဲ့အရာတွေကို သူတို့နှစ်ဦးဟာ လေ့လာတွေ့ခဲ့ပြီး ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို စာအုပ်ထဲမှာ အကြံပြုထားပါတယ်။ အောင်မြင်တဲ့ကုမ္ပဏီတွေက သူတို့ရဲ့ လူသားစွမ်းအင်၊ ထက်မြက်မှုနဲ့အချိန်တွေကို စီမံခန့်ခွဲပုံနဲ့ ဘဏ္ဍာရေးအရင်းအမြစ်နည်းတူ စည်းကမ်းချက်များစွာထားကြပုံကိုလည်း သာဓကပေါင်းများစွာဖော်ပြပေးထားတဲ့ ဒီစာအုပ်ဟာ စီမံခန့်ခွဲသူတွေအနေနဲ့ စွမ်းဆောင်ရည်မြင့်မားမှုကို ဘယ်လိုဖန်တီးမလဲဆိုတာကို လမ်းညွှန်ပြသပေးတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
ကိုဇေ(ရေဦး)