ပေးကမ်းခြင်းဆိုတာ အနုပညာပါ။ လူအများစုက စီမံခန့်ခွဲမှု ပညာထဲမှာ 'ပေးကမ်းခြင်း' ပါဝင်တယ်လို့ မတွေးကြဘူး။ ကျွန်မ ငယ်ငယ်လေးကတည်းက အဖေ့ရဲ့ ပေးကမ်းခြင်းပညာကို တွေ့မြင်ခဲ့ရပါတယ်။
ဒါဟာ မရှုပ်ထွေးပါဘူး။ ရိုးရိုးလေးပါ။ များများ စိုက်ပျိုးရင် များများရိတ်သိမ်းရမှာပါတဲ့။ အဖေ့ရဲ့ပေးကမ်း စွန့်ကြဲမှုတွေကို ကျွန်မ သက်သေပြုနိုင်ပါတယ်။ အဖေဟာ သူ့ရဲ့အချိန်၊ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်း ပေးကမ်းမှုကြောင့် လူတွေသူ့အနားရောက်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။
ဒီအကြောင်းတွေဟာ ကျွန်မစိတ်ထဲမှာ အမြဲရှိတော့ တစ်ဒေါ်လာ ၉၉ ပြားဆိုင်ဖွင့်ပြီးနောက်မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ U-Neek ဆိုင်ဖွင့်နိုင်ခဲ့တယ်။ ပေး ကမ်းခြင်းဆိုတာ ရင်ထဲအသည်းထဲက လာရမယ်လို့ ကျွန်မ ယူဆတယ်။ ကျွန်မရဲ့ ဆိုင်ကလေးမှာ တတ်နိုင်သမျ အမျိုးအစားစုံစုံလင်လင် တင်ထားချင်တယ်။ ဒါမှ ဝယ်သူ ဟာ ပေးမယ့်လက်ဆောင်ပစ္စည်းကို မှန်မှန်ကန်ကန် ရွေးချယ်လို့ရမှာပေါ့။ ပြီးတော့ ဝယ်သူစိတ်ကြိုက်ပစ္စည်းဖြစ်ရမယ်၊ (ကျွန်မ စိတ်ကြိုက် မဟုတ်ဘူးနော်။) သူတို့ဝယ်နိုင်တဲ့ပစ္စည်းမျိုးဖြစ်ရမယ်လို့ တွေးပါတယ်။
အဲဒီအချိန်က အရည်အသွေးကောင်းတဲ့ ပစ္စည်းတိုင်းကို ဈေးနှုန်းချိုချိုနဲ့ ရောင်းနိုင်တာမဟုတ်ဘူး။ အဲဒီအတွေးကြောင့် ကျွန်မရဲ့ တစ်ဒေါ်လာ ၉၉ ပြားဆိုင် မွေးဖွားလာတာပါ။
ပေးကမ်းခြင်းဆိုတာ ရင်ထဲက လာရမယ်၊ စက်ရုပ်ဆန်ဆန် အလုပ်မျိုးမဟုတ်ပါဘူး။ သဘာဝအလျောက် ကိုယ့်ရင်ထဲက ဖြစ်လာတာ။
တစ်ညမှာ ကျွန်မ ရုံးကပြန်တော့ နောက်မကျစဖူး နောက်ကျနေခဲ့တယ်။ အချိန်က သန်းခေါင်ကျော်ဖြစ်နေပေမဲ့ အမှိုက်ကောက်တဲ့အမျိုးသမီးကို အလုပ်လုပ်နေ တာ တွေ့ရတယ်။ အမှိုက်တွေထဲက ရောင်းစားလို့ရမယ့်ပစ္စည်းတွေ ရွေးပြီးကောက်နေတဲ့ ဒီအမျိုးသမီးကို တွေ့နေကျပါ။ အဲဒီညက ကျွန်မရဲ့ စိတ်ဟာ ရုတ်တရက်ညွတ်နူး သွားပြီး သူနဲ့ စကားပြောမိပါတယ်။ သူက အသက် ၅၀ ကျော်အရွယ်ရှိပြီ။ လက်ရှိ အခြေအနေက ကလေးလေးယောက်ရှိတယ်။ တစ်ယောက်က ဦးနှောက်ဉာဏ်ရည်မမီ တဲ့ကလေး၊ တစ်ယောက်ကတော့ ကျောင်းဆရာပါတဲ့။ ဒါပေမဲ့ သူဟာ အခုအချိန်ထိ သစ်သား၊ စက္ကူအပိုင်းအစတွေကို ကောက်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရ ပါတယ်တဲ့။
ကျွန်မ သူ့ကို အရင်က တွေ့ဖူးတာ များပြီ။ ကျွန်မဟာ ကိုယ်ပိုင်စတိုးဆိုင်ဖွင့်ထားလို့ အိမ်ပြန်နောက် ကျတဲ့အကြောင်းလောက်တော့ နှုတ်ဆက်စကားပြောဖြစ် ပါတယ်။ အဲဒီညကတော့ ကျွန်မအိတ်ထဲမှာပါလာတဲ့ ဒေါ်လာတစ်ထောင် သူ့ကိုပေးခဲ့တယ်။ ကျွန်မ ကြွားနေတာ မဟုတ်ဘူးနော်။ တစ်ခါတလေရပ်ပြီး သတိထားကြည့်ရင် ကိုယ့်ထက် အခြေအနေတအားဆိုးတဲ့သူတွေကို သတိထားမိလိမ့်မယ်လို့ ပြောချင်တာပါ။ ကျွန်မက ကိုယ်ပိုင်စီးပွားရေးလုပ်နေချိန်မှာ ချို့တဲ့နွမ်းပါးတဲ့ ဒီအမျိုးသမီးကတော့ ပိုက်ဆံအကြွေလေးနည်းနည်းရဖို့ စက္ကူပုံးအစအနတွေကို မိုင်ပေါင်းအများကြီးလျောက်ပြီး စုဆောင်းနေရတယ်လေ။
ပေးကမ်းချင်တဲ့ဆန္ဒကို ကျွန်မရဲ့ဝန်ထမ်းတွေဘက် ဖြန့်ကြက်ကြည့်ပါတယ်။ လစဉ်လတိုင်း ချီးမြှင့်သင့်တဲ့ ဝန်ထမ်းတွေကို မန်နေဂျာကတစ်ဆင့် ဆုကြေးပေး တယ်။ ပွဲလမ်းသဘင် အချိန်အခါနဲ့ တိုက်ဆိုင်ရင် ဝန်ထမ်းတွေဟာ လိုချင်စရာကောင်းတဲ့အိတ်တွေကို ရကြသေးတယ်။ ဒါဟာ နည်းတဲ့ပမာဏ မဟုတ်ဘူး။ ကျွန်မမှာ ဝန်ထမ်း ၁၅၀ တောင်ရှိတာ။
တစ်ခါတလေ ကျွန်မတို့ဟာ အတုံ့အလှည့်ပြန်ရဖို့ ပေးကမ်းတတ်ပါတယ်။ တစ်ဒေါ်လာ ၉၉ ပြားဆိုင်ဖွင့်တော့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ပရိယာယ်တွေ သုံးခဲ့တယ်။ ပစ္စည်းတစ်ခုဝယ်ရင် နောက်တစ်ခုကို အလကားရမယ်ဆိုတဲ့ (Buy one, get one free) ကူပွန်တွေ ဝေဖို့အကြံရတယ်။ လမ်းသွားလမ်းလာတွေကို ကူပွန်တွေဝေပြီး ဆွဲဆောင်တဲ့အခါ တကယ်အလုပ်ဖြစ်ခဲ့ပါတယ်။ တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လူတွေဟာ သူငယ်ချင်းတွေ မိသားစုတွေကို ခေါ်လာကြတယ်။ ၁၁ လအတွင်း ကျွန်မတို့ရောင်းရတဲ့ငွေတွေဟာ နှင်းခဲလုံးလို တစ်စတစ်စကြီးထွားပြီး ဒေါ်လာ ၃.၅ သန်းနား ကပ်လာပါပြီ။
နောက်နှစ်အနည်းငယ်မှာ ကျွန်မဟာ စူဗာဗန်း (Suburban) မောလ်ကြီးမှာ စတိုးဆိုင်တစ်ခုထပ်ဖွင့်ပြီး ပထမဆုံး သီတင်းပတ်အတွင်းရောင်းရတဲ့ ဒေါ်လာ ၁၆,၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။
ပေးကမ်းခြင်းဆိုတာ ကျွန်မဘဝရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာတယ်။ ကျွန်မဘာကိုပဲလုပ်လုပ်၊ ကျွန်မရဲ့လုပ်ငန်း မှာပေးကမ်းခြင်း ပါဝင်အောင် ရွေးချယ်ပါတယ်။ ဒါဟာ မွေးနေ့မှာ သူငယ်ချင်းတွေကို ပေးနေကျလက်ဆောင်၊ အထိမ်းအမှတ် လက်ဆောင်မျိုးနဲ့မတူပါဘူး။ ဆင်းရဲချို့တဲ့ရှာတဲ့ကလေးတွေ၊ လူ့အခွင့်အရေးဆုံးရှုံးနေရတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့တာဝန်ယူတာပါ။
ကျွန်မနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေဒိုင်ယာနာယန်း (Milcom Aerospace ရဲ့ CEO/ဥက္ကဋ္ဌ) ဆီကနေ အတု ယူခဲ့ရပါသေးတယ်။ သူဟာ ပေးကမ်းစွန့်ကြဲရက်ရောတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဆင်းရဲချို့တဲ့သူတွေကို ကြင်နာသနား တတ်တယ်။ ဒိုင်ယာနာနဲ့ ၂၀၀၁ ခုနှစ်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်မက ASME (Association for Small and Medium Enterprises) ရဲ့ ကောင်စီဝင်ဖြစ်ပြီး သူကနာယက ဖြစ်ပါတယ်။ မလေးရှားကို အတူသွားတဲ့လမ်းခရီးမှာ ဒိုင်ယာနာဟာ လူတစ်ယောက်ကို ခဏဝင်တွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီလူဟာ မတရားပစ်ခတ်ခံရတဲ့ သားကောင်အဖြစ် သတင်းစာထဲမှာ သူဖတ်ရတယ်။ ဒီလူကိုတွေ့ပြီးတော့ သူ့ကိုယ်ပိုင် ပိုက်ဆံ RM(ရင်းဂစ်) နှစ်သောင်းကို ကိုယ်ထိလက်ရောက်ပေးခဲ့တယ်။ အလုပ်များနေပေမဲ့ အချိန်ရအောင်ယူပြီး ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ကူညီမှုတွေက ဒီတစ်ခုတည်း မဟုတ်ပါဘူး။
၇၇ လမ်းမှာနေတဲ့ အီလင်ချူး (Elim Chew) ဆိုတာ ကျွန်မ သူငယ်ချင်းပါ။ သူဟာ ငွေကြေးလှူဒါန်းရုံသာမက သူ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို လေလွင့်လူငယ်တွေ ကူညီစောင့်ရှောက်ရေးမှာ သုံးခဲ့တယ်။ လူငယ်တွေရဲ့ ဘဝကို စဉ်းစားဆင်ခြင်ပြီး လေလွင့်လူငယ်လေးတွေအပေါ် မေတ္တာစိတ်ထားတယ်။ တစ်ခါတလေ သူစောင့်ရှောက်တဲ့ ကလေးက တိုးတက်မလာဘူးဆိုရင် သူတအားခံစားရတယ်။ ဒါပေမဲ့ သူ့ရဲ့ခံယူချက်က 'လူတစ်ယောက်ကို အခွင့်အရေး တစ်ခုရအောင် အမြဲပေးရမယ်' တဲ့။
ကျွန်မတို့ဟာ ပရဟိတအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တဲ့သူတွေ မဟုတ်ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ သူနာပြုတွေလိုပဲ ဦးဆောင်စွန့်စားစီးပွားရေးသမားတွေက ကိုယ့်လုပ်ငန်းခွင်က လူတွေကို လူ့အဖွဲ့အစည်းမှာ ဝင်ဆံ့အောင် ဆောင်ရွက်ပေးလို့ ရပါတယ်။
အခုအချိန်မှာ ကျွန်မဟာ ကျောင်းတွေ၊ အငယ်တန်းကောလိပ်တွေ၊ တက္ကသိုလ်တွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာ စီးပွားရေး၊ စီမံခန့်ခွဲရေးပညာရပ်တွေ ဟောပြောဖို့ အချိန်အများကြီးပေးနိုင်တဲ့သူဖြစ်သွားပြီ။
ကျွန်မရဲ့အချိန်တွေကို ဦးဆောင်စွန့်စားသူဖြစ်လာမယ့် လူအများစုအတွက် ကူညီရတာ အားပေးတိုက်တွန်းရတာမို့ အများကြီးကျေနပ်ရပါတယ်။ ကျေနပ်နှစ်သိမ့်မှုဟာ ကျွန်မရဲ့ ဆုလာဘ်ပါပဲ။ သူတစ်ပါးကို ဦးစွာကူညီခြင်း ကိုယ်ကျိုးထက် သူတစ်ပါးအကျိုးကို ဆောင်ရွက်မှဘုရားသခင်က ပေးအပ်လိုက်တဲ့ခွန်အားတွေ ထွက်ပေါ်လာတာပါ။ ဒီအချက် ဟာ အမှန်တရားဖြစ်ပြီး အရှုံးတွေကို ကျော်လွှားဖို့ ဖြေရှင်းနည်းဖြစ်တယ်ဆိုတာ ကျွန်မ တွေ့ရှိခဲ့ရပါတယ်။
ကျွန်မရဲ့ကုမ္ပဏီကို လွှဲပြောင်းယူမယ့်သူတွေရောက်လာတဲ့နေ့က ကျွန်မဟာ လုံးဝချေမှုန်းမခံဘူးလို့ ဆုံးဖြတ် ချက်ချထားခဲ့တယ်။ အရှုံးကို ရင်ဆိုင်ပြီး တစ်ဖက်လူကို လွှဲပြောင်းပေးလိုက်တာက ငါးစက္ကန့်လောက်ပဲကြာပါတယ်။ အနာကျက်ဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာနိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်က အချိန်မဆိုင်းဘဲ ဖြစ်လာတာ။
ဖိစီးမှုတွေကို ကျော်လွှားနိုင်တဲ့ လက်တွေ့နည်းတစ်ခုကတော့ သူများတွေထက် ရှေ့ကို မြန်မြန်ရောက်သွားအောင် လုပ်ဖို့ပါပဲ။ တစ်ယောက်ယောက်ကို မကူညီခင် '' ငါ့ရဲ့ဒုက္ခတွေ ကျော်လွှားသွားနိုင်အောင်စောင့်ဦးမယ်'' လို့ မတွေးပါနဲ့။ ကုမ္ပဏီပိတ်ပြီးနှစ်လအကြာမှာ ကျွန်မရဲ့ အတွေ့အကြုံတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ဘုရားကျောင်းတွေ၊ အစိုးရဥပဒေ ဘုတ်အဖွဲ့တွေမှာ စတင်ဟောပြောခဲ့တယ်။ ကျွန်မရဲ့ အဖြစ်အပျက်ကို ဥပမာပေးပြီး ဟောပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လူအများစုကို အားပေးနိုင်မယ်လို့ ယုံကြည်လို့ပါပဲ။
ဒါဟာ တခြားစီးပွားရေးရှုံးနိမ့်မှုတွေနဲ့မတူတဲ့ သီးသန့်ဇာတ်ကြောင်းဆိုတာ ကျွန်မသိတယ်။ ကော်ဇောအောက်က ဖုန်တွေလို လှည်းထုတ်ခံရတာမျိုး မလိုချင်ဘူး။ 'ဦးဆောင်စွန့်စားအမျိုးသမီးစွမ်းဆောင်ရှင်ပိုစတာ မိန်းကလေးဟာ ဆားစ်ရောဂါကြောင့် စီးပွားရေး ကျရှုံးသွားတယ်။ အဲဒီအရှုံးနဲ့တွေ့တာတောင် ဘဝကိုပြန်ပြီး ရင်ဆိုင်တယ်' ဆိုတာမျိုးပဲ လိုချင်ပါတယ်။
တချို့ဝေဖန်ရေးသမားတွေက ပြောတယ်။ ကျွန်မဟာ အရှုံးပေါ်မှာ မာနလွှမ်းခြုံထားတယ်တဲ့။ ပြန်ပြီးမေး ပါရစေ။ အောင်မြင်နေတဲ့အချိန်မှာပဲ စတားဖြစ်ပြီး ဒီရေကျတာနဲ့ ပျောက်ကွယ်သွားရမှာလား။ အရှုံးဆိုတာ အမြဲတမ်းရှိနေတာ မဟုတ်ဘူး။ အရှုံးဟာ လေ့လာသင်ယူဖို့ အသုံးဝင်တယ်။ တခြားသူတွေ ပန်းတိုင်ကို လျောက်တဲ့အခါ ဘေးချော်ပြီး ချောက် ထဲမကျဖို့ ကူညီနိုင်တယ်။
ကျွန်မရဲ့ စိတ်ကိုအကြီးအကျယ်ကျေနပ်စေတဲ့အဖြစ်အပျက်ကတော့ စိတ်ကျရောဂါနဲ့ ဆေးရုံတက်နေရတဲ့ မိန်းမငယ်လေးကို ကူညီဖို့ အခွင့်အရေးရခဲ့တာပါ။ သနားစရာကောင်းတဲ့ မိန်းကလေးဟာ အရှုံးတွေကြောင့် ဒဏ်ရာရခဲ့ တယ်။ မျော်လင့်ချက် ဘာတစ်ခုမှမရှိတော့လောက်အောင် စိတ်ဓာတ်ကျနေခဲ့ရှာတယ်။
အပတ်တိုင်း ကျွန်မဟာ သူရှိတဲ့ ဆေးရုံကိုသွားပြီး နေ့လယ်စာစားဖို့ ခေါ်တယ်။ ပုံမှန်မိတ်ဆွေတစ်ယောက်လိုပဲ ဆက်ဆံတယ်။ သူ့ထက်အခြေအနေဆိုးတဲ့လူတွေနဲ့ စကားပြောခိုင်းတယ်။ သူတို့က အားပေးစကားပြောကြတယ်။ သူ့ကို ဝိုင်းဝန်းအားပေးခဲ့တဲ့စကားတွေဟာ ထိရောက်မှုရှိပြီး စိတ်ကျရောဂါကို ကျော်လွှားနိုင်လာတော့ ကျွန်မ အလွန်ပျော်ရွှင်ရပါ တယ်။ တခြားလူကို ကူညီရလို့ ပျော်ရွှင်ရတာဟာ ကျွန်မရဲ့ကိုယ်ပိုင်ဘဝပြဿနာတွေကို မှေးမှိန်သွားစေတယ်။ အဲဒီလိုလုပ်ရင်းနဲ့ ကျွန်မရဲ့ ဘဝရည်မှန်းချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။
ပြီးတော့ ကျွန်မကြုံခဲ့ရတဲ့ပြဿနာတွေကလည်း တခြားသူတွေကို ကူညီဖို့ အသုံးဝင်မယ်ဆိုတာ သိလာတယ်။ ကိုယ်ကသာခွင့်ပြုမယ်ဆိုရင် ဒါတွေဟာ ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပြုပါ လူအများစုဟာ ဘဝမှာ သူတို့ကိုယ်သူတို့တောင် သတိမထားမိလိုက်ဘဲ ခြေချော်လက်ချော်ဖြစ်တတ်ကြတယ်။ ဒါဟာ ကျွန်မအတွက် ကြောက်ရွံ့မှုတစ်ရပ်အဖြစ် အမြဲရှိနေတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ဘဝမှာ နေခဲ့တာ၊ ဘာကိုပဲကြည့်ကြည့် ကိုယ့်ဘက်ကပဲ ကြည့်ခဲ့တာ၊ ကိုယ့်ရဲ့ကောင်းကွက်တွေကိုပဲ မြင်ခဲ့တာ၊ ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို တခြားသူတွေမြင်နေမှန်း မသိခဲ့တာတွေအတွက် ဖြစ်ပါတယ်။
အင်ပါယာဘုရင်ကြီးရဲ့ ဝတ်လဲတော်အသစ်ပုံပြင်လိုပေါ့။ နတ်တို့ပုဆိုးတိမ်မီးခိုးလို ဆက်သပါတယ် ဆိုတော့ မြှောက်ပင့်လိမ်ညာတဲ့ စကားကိုယုံပြီး ကိုယ်လုံးတီး ဖြစ်နေခဲ့တယ်လေ။
ကျွန်မဆယ်ကျော်သက်နှောင်းပိုင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ထင်ထင်ရှားရှား မှတ်မိနေသေးတယ်။ အဲဒီနေ့မှာ ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းက ကျွန်မကို ဆွဲခေါ်သွားပြီး 'စကားတအားများတာပဲ၊ သူချည်းပဲ ပြောနေတယ်။ သူများတွေလည်း ပြောလို့ရအောင် နားထောင်တဲ့ အလှည့်ပေးရမှာ မသိဘူး' တဲ့။ ရုတ်တရက် ကြက်သေသေသွားတယ်။ ဒါဟာ အမြင်သစ်ဖွင့်ပေးတဲ့ စကားဖြစ်ပေမဲ့ ကျွန်မ ထိခိုက်နာကျင်ခဲ့တယ်။ နာကျင်မှုဟာ နှစ်ပေါင်း အတော်ကြာအောင် စွဲကျန်ရစ်ပြီး ကျွန်မရဲ့ဒဏ်ရာကို သတိပေးသလိုဖြစ်ခဲ့တယ်။
အဲဒီနောက်ပိုင်း ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် အမြဲဂရုပြုနေမိတယ်။ ဒီအကျင့် ဘယ်လောက်စွဲနေပြီလဲဆိုရင် ကျွန်မစကားပြောတာများပြီလို့ ထင်တဲ့အခါတိုင်း နှုတ်ခမ်းကို ကိုက်ပြီး ရပ်ခဲ့တယ်။ မပြောသင့်ဘူးလို့ ထင်ရင်မပြောဘူး။ ပြီးတော့ နားထောင်တဲ့အကျင့်ကို ပျိုးထောင်ပြီး ဂရုတစိုက် နားထောင်တယ်။
ကျွန်မ သူငယ်ချင်းရဲ့ မှတ်ချက်ကိုကြားပြီးနောက် မှာ ကိုယ့်ကိုယ်ကိုယ် ပုံမှန်လေ့လာဆန်းစစ်တယ်။ ကိုယ့် အပြုအမူကို သူများက ဘယ်လိုတုံ့ပြန်သလဲ။ ကျွန်မတို့ တစ်ဦးချင်းစီက ကိုယ့်ကိုယ်ကိုယ်ပိုပြီး ဂရုပြုဖို့လိုပါတယ်။ ဒါဟာ အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်းပါပဲ။
ဒေါက်တာခင်စန်းမော်