ကျေးဇူးသစ္စာ(Loyalty)

အရောင်းအဝယ်လုပ်သူတိုင်းသည် အရောင်းကောင်း၍ အမြတ်ပေါ်နိုင်သောနည်းကို လိုကြသည်၊ ရှာကြသည်။ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော Brand & Company က ဝယ်သူများကို နီးစပ်ခိုင်မြဲစွာ ထိန်းထားနိုင်ခြင်းသည် လုပ်ငန်းတိုးတက်မှု၊ အမြတ်ငွေတိုးမှုတို့နှင့် ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ရှိပြီး ယင်းအခြေအနေကို ခိုင်မြဲသော ကျေးဇူးသစ္စာ မေတ္တာ (Loyalty) စိတ်ဓာတ်ဟု လက်ခံသည်။

ဈေးဝယ်သူဖောက်သည်များနှင့် အရင်းအနှီး စီးပွားဖက်တို့မှာ တစ်ဦးကိုတစ်ဦး အင်အားဖြည့်ကြသူများ ဖြစ်သည်။ လေယာဉ်လိုင်းများက သူတို့၏ လေယာဉ်လိုင်းကို မကြာခဏစီးနင်းသူများအား Frequent flyer အဖြစ် အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးပြီး ဈေးလျှော့ပေးသည်။ အခြားလုပ်ငန်းများတွင်လည်း Discount Card ပေးခြင်း၊ လက်ဆောင်ပစ္စည်းပေးခြင်းတို့ လုပ်သည်။ ထို့ပြင် ဖောက်သည်များက သတင်းကောင်းများဖြန့်၍ အကျိုးရှိနိုင်ပြီး ရင်းနှီးမှုကြောင့် ရောင်းရဝယ်ရ လွယ်ကူအဆင်ပြေသည်ဟု လက်ခံသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ဝယ်သူများ၊ ဝန်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်အကျိုးပြုမှုကို သဘောပေါက်နားလည်ပြီး 'ကျေးဇူးသစ္စာ' ရှိမှုကို စီမံခန့်ခွဲရာတွင် အလေးထားအသုံးပြုကာ လုပ်ငန်းဖြစ်စဉ်တွင် တန်ဖိုးများတိုးပွားမှုကိုရယူဖို့ ကြိုးစားကြသည်။ စီးပွားရေးလုပ်ငန်း၏ အဓိကဦးတည်ချက်မှာ အမြတ်ရရှိဖို့ရန်ပင်မဟုတ်ဘဲ လုပ်ငန်းတန်ဖိုးတိုးမြင့်အောင်လုပ်ခြင်းဖြင့် အကျိုးအမြတ်ရလဒ်ရရှိရန်ဖြစ်သည်။ အမြတ်ရရှိမှုသက်သက်ဆိုလျှင် လုပ်သားများ အလုပ်ဖြုတ်၊ လခများလျှော့၊ ရောင်းဈေးတင်ခြင်းတို့ဖြင့် လုပ်နိုင်သော်လည်း လုပ်သားများ၏ သစ္စာရှိမှု၊ ဝယ်သူများ၏ ခင်မင်လေးစားကျေးဇူးသိမှု ရမည်မဟုတ်ပေ။

loyalty

အလုပ်သမားများနှင့် ဝယ်သူများ၏ မေတ္တာကို ရရှိရန်မှာ အမှန်တန်ဖိုးရှိရှိ ပစ္စည်းထုတ်လုပ်ခြင်း၊ စေတနာရှိရှိ ဆက်ဆံခြင်းသည်သာဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းခြင့် ကောင်းမွန်မှန်ကန်သော တန်ဖိုးဖြစ်ပေါ်တိုးတက်စေမည်။ မိမိ၏ အကောင်းဆုံးဖောက်သည်များကို ရယူထိန်းသိမ်းထားနိုင်ခြင်းဖြင့် ဝန်ထမ်းကောင်းများကိုလည်း ရွေးချယ်ခန့်ထားနိုင်ပြီး လုပ်ငန်းတွင်း၌ ကျေနပ်စွာလုပ်ကိုင်၍ ဝယ်သူများအား ဝန်ဆောင်မှုကျေနပ်စွာပေးနိုင်ခြင်းဖြင့် အပြန်အလှန်တန်ဖိုးရှိရှိ သစ္စာရှိရှိ ဖွံ့ဖြိုးတိုးတက်မည်။

မှန်ကန်သောမေတ္တာစေတနာဖြင့် လုပ်ကိုင်ကြခြင်းဖြင့် ထုတ်လုပ်မှုများတိုးတက်မှုရှိပြီး အကျိုးအမြတ်ရော စီးပွားဖက်များနှင့်ပါ ကြီးပွားအောင်မြင်မှုများရမည် ဖြစ်သည်။

Loyalty ကို တန်ဖိုးရှိသော၊ မေတ္တာစေတနာရှိသော လုပ်ငန်းစနစ်အဖြစ် တွန်းအားပေးခဲ့သော Fred Reichheld  ၏ အဆိုအရ အမြတ်ကိုဗဟိုထား၍ အမြတ်ရရန်ပင် အဓိကထားလုပ်ပါက Destructive Profit ပျက်စီးမှုအမြတ်လမ်းပင်ဖြစ်သည်ဟု ဆိုသည်။ လုပ်ငန်းရပ်တည်မှုအတွက် အကျိုးရှိအောင် လုပ်ကိုင်ကြရမည် မှန်သော်လည်း အမြတ်ကိုသာ အာရုံစိုက်၍ မြတ်ကိုမြတ်အောင် လုပ်မည်ဆိုပါက Destructive Profit (ပျက်စီးစေသောအမြတ်) သာဖြစ်နိုင်မည်ဟု သတိထားရန် နှိုးဆော်သည်။ စီးပွားရှာရင်း သစ္စာ၊ မေတ္တာ၊ မုဒိတာပါ ရနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)