အင်တာနက်ကြောင့် အမျိုးမျိုးသောပြောင်းလဲမှုများရှိသော်လည်း မပြောင်းလဲသည့်ကိစ္စများကိုလည်း တွေ့နေရပါသည်။ ထိုမပြောင်းလဲသည့်အရာများအနက်တစ်ခုမှာ အသေးစား၊ အငယ်စားများနှင့် ကာလရှည်ကြာသည့်အခါတွင် ငွေပိုရှာ၍ရသည်ဆိုသည့်တွေ့ရှိချက် ဖြစ်ပါသည်။ ထိုတွေ့ရှိချက်သည် Long Tail အမြီးရှည်ဟု ညွှန်းသည့် သီအိုရီဖြစ်သည်။
စီးပွားရှာခြင်းကို လုပ်ငန်းအသေးစားလေးများ နှင့် စခဲ့ကြသည်မှာမှန်သော်လည်း စက်ရုံ၊ အလုပ်ရုံကြီးများနှင့် Mass Production လုပ်လာသည့်အချိန်တွင် လုပ်ငန်းလေးများ ပျောက်လုနီးပါးဖြစ်ခဲ့ရပါသည်။ အကြီးစားအရောင်းဆိုင်ကြီးများသည် ရောင်းအားကောင်းသည့် ကုန်များသာ တင်ရောင်းလာပြီး ကုန်ပစ္စည်းအမျိုးအစားစုံကို မထားကြတော့ပါ။
ရောင်းအားအကောင်းဆုံး၊ အကျော်ကြားဆုံးများ ခေတ်စားပြီး အသေးစားများပျောက်လုနီးပါးဖြစ်ချိန် ... အထူးသဖြင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းများမှာ အဆိုးဆုံးဖြစ်ပါသည်။ အမြီးရှည်သဘောတရားအဆိုအရ အသေးစားလေးများ ရှင်သန်နိုင်ရုံမကဘဲ သူတို့အားလုံး၏ ရေရှည်စုစုပေါင်းအရောင်းသည် ရောင်းအကောင်းဆုံးတွေထက် သာနိုင်သည်ဟု ဆိုပါသည်။ ဥပမာတစ်ခုအဖြစ် အင်တာနက်၊ Online မှ စာအုပ်များရောင်းသည့် Amazon.com အနေဖြင့် Touching the Void ဟု အမည်ရသည့်စာအုပ်သည် ဆယ်နှစ်ကြာရောင်းပြီးမှ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်လာသည်ကို ဥပမာအဖြစ် ထောက်ပြခဲ့ပါသည်။ ထိုဖြစ်ရပ်ကို မီဒီယာနှင့် Entertainment လုပ်ငန်းများအတွက် စီးပွားရေးအရောင်း Model တစ်ခုဟု ပြောပါသည်။ အင်တာနက်က စာအုပ်ရောင်းသည့် Amazon.com သည် စာအုပ်ထားရန်နေရာများစွာမလိုအပ်ဘဲ စာအုပ်အမျိုးမျိုးအကြောင်း သတင်းဖြန့်ပြီး လိုအပ်သမျှ ရောင်းပေးနိုင်သည်။ ထို့ပြင် စာအုပ်တင် မဟုတ်ဘဲ Digital Album စာအုပ်များလည်း ဖြန့်နိုင်သည်။ သုတေသနလုပ်ကြည့်သည့်အခါ အရောင်းဆိုင်များတွင် မရသည့်စာအုပ်များ၏ရောင်းအားက အများဆုံးဖြစ်သည်ကို တွေ့ရသည်။
ရောင်းရသည့်စာအုပ်အရေအတွက်ကို Graph ပုံဆွဲကြည့်မည်ဆိုလျှင် ခေတ်စားကျော်ကြားသည့်စာအုပ်များက အစပထမတွင် ရောင်းအားကောင်းပြီးနောက် သိပ်မကြာခင်မှာပဲ အရောင်းကျသွားသည်ကို တွေ့ရသည်။ ထိုဖြစ်ရပ်သည် Graph တွင် ခေါင်းတိုဖြစ်သည်။ အခြား စာအုပ်များကတော့ တစ်ချိန်တည်းတွင် အများကြီးရောင်းရခြင်းမဟုတ်ဘဲ အကြာကြီးတဖြည်းဖြည်းနှင့်ရောင်းနေရသည်က အမြီးရှည်ဖြစ်သည်။ ကြာရှည်တွင် တဖြည်းဖြည်းနှင့်ရောင်းနေရသော စာအုပ်များ၏အရောင်းက ပိုကောင်းနိုင်ပါသည်။
ထိုအရောင်း Model နှင့်ပတ်သက်သည့်အကြံပေးချက်မှာ . . .
၁။ ဘာမဆိုရှိအောင်၊ ရအောင်လုပ်ပါ။
၂။ လိုချင်တဲ့သူတွေ တွေ့အောင် သိအောင် လုပ်ပါ။
အချုပ်အားဖြင့် အသေးစား၊ အငယ်စားလေးများသည်လည်း အင်တာနက်ခေတ်တွင် ဝယ်သူများနှင့်တွေ့ရန် လွယ်လာသည့်အတွက် တဖြည်းဖြည်းချင်း အချိန်ယူရောင်း၍ရသည်ဆိုသောအချက်ဖြစ်ပါသည်။
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)