ရေပန်းစားနေတဲ့ Line App နှင့် သူ၏တည်ထောင်သူ Takeshi Idezawa

စမတ်ဖုန်းတွေအတွက် Line Application ကို ၂၀၁၁ ခုနှစ်က ဂျပန်အရှေ့မြောက်ပိုင်း ကမ်းရိုးတမ်းဒေသကို ဖျက်ဆီးခဲ့တဲ့ ဧရာမငလျင်နဲ့ ဆူနာမီလှိုင်းတို့ ဖြစ်ပေါ်ပြီးနောက် သုံးလအကြာမှာ စတင်မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။ အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် လူတွေရဲ့ အသက်စည်းစိမ်တွေ၊ စီးပွားရေးနဲ့ ဆက်သွယ်ရေးတွေကို ကမောက်ကမဖြစ်စေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက အင်တာနက်ကုမ္ပဏီကြီး Naver ပိုင်ဆိုင်တဲ့ အခမဲ့မက်ဆေ့ဂျ် App ဖြစ်တဲ့ Line ဟာ ဖုန်းလိုင်းတွေပြတ်နေတာတောင် မိမိတို့ချစ်ခင်သူတွေဆီ ဆက်သွယ်လို့ရစေပါတယ်။ လအနည်းငယ်အကြာမှာ Line ဟာ တခြားမက်ဆေ့ဂျ် App တွေနဲ့တစ်မူကွဲပြားသွားပါတယ်။ အဲဒါကတော့ စာတိုပေးပို့မယ့်အစား ဖုန်းသုံးသူတွေအချင်းချင်း ပေးပို့နိုင်တဲ့ ကာတွန်းရုပ်စတစ်ကာလေးတွေပါပဲ။ ယခုအခါ ဂျပန်နိုင်ငံ မိုဘိုင်း(လ်)ဖုန်းသုံးသူဦးရေတစ်ဝက်ဖြစ်တဲ့ လူဦးရေ ၇၁ သန်းကျော်နဲ့ ပြည်ပက လူဦးရေ သန်း ၁၃၀ ခန့်ဟာ Line ကို သုံးနေကြပါတယ်။

idezawa2

Line သုံးသူတွေပေးပို့တဲ့ မက်ဆေ့ဂျ်အရေအတွက်ဟာ နေ့စဉ်ပျမ်းမျှ ၂၇ ဘီလီယံရှိပြီး ယခုအခါရွေးချယ်စရာ စတစ်ကာ ထောင်ချီရှိပြီး တချို့ကအခမဲ့၊ တချို့က အနည်းငယ်အခပေးသုံးရပါတယ်။ အဲဒီစတစ်ကာတွေက သုံးသူတွေရဲ့ ခံစားချက်မျိုးစုံကို ကိုယ်စားပြုကြပါတယ်။

အနောက်တိုင်းမှ WhatsApp ကအစ တရုတ်ပြည်မှ WeChat နဲ့ အိန္ဒိယမှ Hike တို့လို မက်ဆေ့ဂျ် App တွေ ကမ္ဘာတစ်ဝန်းမှာ အများကြီးရှိပြီး လစဉ်ပုံမှန်သုံးသူဦးရေ နှစ်ဘီလီယံခန့် ရှိပါတယ်။ နိုင်ငံအတော်များများမှာ အထူးသဖြင့်လူငယ်တွေအတွက် မက်ဆေ့ဂျ်ပို့ခြင်းဟာ ပြောဆိုဆက်သွယ်မှုအတွက် အခြေခံနည်းလမ်းအဖြစ် အစားထိုးပါတယ်။

သုံးစွဲသူတွေဟာ App တွေကို ပြောင်းမသုံးချင်တာကြောင့် App ကုမ္ပဏီတွေဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်ကြပါတယ်။ ဒါကြောင့် App ကုမ္ပဏီတွေ အခြေစိုက်ရာ မိခင်နိုင်ငံမှာ ယင်းတို့ကြီးစိုးထားပြီး ပြည်ပဈေးကွက်မှာတော့ တခြား App တွေနဲ့ ယှဉ်ပြိုင်နေရပါတယ်။

အဲဒီအခြေအနေမှာ Line ဟာ ယင်းရဲ့ပြိုင်ဘက်တွေ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းလိုက်ပါတယ်။ အဲဒါကပြောဆိုဆက်သွယ်ရေးအတွက် လက်တွေ့သုံးနိုင်တဲ့ ကိရိယာကို ငွေရှာပေးတဲ့ စီးပွားရေးလုပ်ငန်းအသွင် ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ Line ရဲ့ စတစ်ကာရောင်းချမှုဟာ လက်လီစီးပွားရေးလုပ်ငန်းဖြစ်လာပြီး တရုတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဂျပန်တို့မှ ဈေးကွက်ဝေစုရထားပါတယ်။ ယင်းလုပ်ငန်းမှ နှစ်စဉ်ဝင်ငွေ ဂျပန်ယန်းငွေ ၁၄၁ ဘီလီယံ၊ (အမေရိကန် ဒေါ်လာ ၁ ဒဿမ၂၇ ဘီလီယံကို) Line က ရရှိနေတယ်။

Line ရဲ့ စီအီးအို 'တခဲရှီအီဒေဇဝ' ကို တိုကျိုရှိ Line ရုံးချုပ်မှာ Monocle အွန်လိုင်းမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းထားပုံ ကောက်နုတ်ဖော်ပြရမယ်ဆိုရင် . . .

idezawa1

Line App ဟာ ဖြန့်ချိပြီး လအနည်းငယ်အကြာ ၂၀၁၁ ခုနှစ် ဆောင်းဦးရာဦမှာ အကြီးအကျယ်အောင်မြင်ခဲ့တာ ဘာကြောင့်လဲ

--------------------------------------------------

ကျွန်တော်တို့က သုံးလတာအတွင်းမှာ စမတ်ဖုန်းတွေအတွက် သီးသန့်ဖြစ်တဲ့ အခြေခံမက်ဆေ့ဂျ်အက်ပ်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ပုံရိပ်ယောင်ကာတွန်းစတစ်ကာ (Virtual Sticker) နဲ့ အခမဲ့ဖုန်းပြောတဲ့ ဖန်ရှင်အသစ်နှစ်ခု ထပ်တိုးခဲ့ပါတယ်။ ကျွန်တော်တို့က ရုပ်သံမှာကြော်ငြာတုန်း Apple က iPhone 4s ဖြန့်ချိပြီး ဂူဂဲလ်ရဲ့ အင်းဒရွိုက်ဆော့ဖ်ဝဲသုံးတဲ့ အကောင်းဆုံးဖုန်းတွေလည်း ပေါ်ထွက်လာပါတယ်။ ဂျပန်မိုဘိုင်းလ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းက ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း နေရာယူလာတယ်။ စကားပြောတဲ့ အက်ပ်သုံးတဲ့ ဖုန်းသုံးသူတွေဟာ အဲဒါသုံးဖို့သူများတွေကို ဖိတ်ခေါ်ရာက ဒီဝန်ဆောင်မှုဟာ ကူးစက်ပျံ့နှံ့သွားတယ်။ WhatsApp က ရှိနှင့်ပြီးသားဖြစ်ပေမယ့် သုံးရလွယ်ကူတဲ့ Interface နဲ့ ချစ်စရာကာတွန်းစတစ်ကာလေးတွေကြောင့် ပြည်သူတွေက Line ကို ပိုသုံးလာတယ်။

Line ရဲ့စတစ်ကာတွေဟာ ဂျပန်နဲ့ အာရှမှာ ဒီလောက်အထိပေါက်သွားတာ ဘာကြောင့်လို့ထင်ပါသလဲ

-----------------------------

ဂျပန်ပြည်သူတွေအချင်းချင်းဆက်သွယ်ရာမှာ အဓိပ္ပာယ်နှစ်ခွထွက်မှုရှိတတ်တယ်။ 'ဟုတ်ကဲ့' ဒါမှမဟုတ် 'ဟင့်အင်း' ကို ပြတ်သားစွာ မပြောချင်ကြတဲ့အခါ တွေဝေတဲ့မျက်နှာထားနဲ့ စတစ်ကာလေးတစ်ခုပို့လိုက်ရုံပဲ။ ကျွန်တော်တို့ရဲ့ ပထမဆုံးအရုပ်က 'လ' ပုံပါ။ သူက လူလား၊ ဘာလား၊ အထီးလား၊ အမလား သိရခက်တယ်။ ဒါပေမဲ့ သူ့မျက်နှာအမူအရာတွေကို တစ်ကမ္ဘာလုံးက နားလည်တယ်။ စစ်တမ်းကောက်ကြည့်တဲ့အခါ လခစားဝန်ထမ်းတွေနဲ့ အိမ်ရှင်မငယ်ငယ်တွေထက် အထက်တန်းကျောင်းသူကလေးတွေက ပိုသုံးကြောင်း တွေ့ရတယ်။ အခုဆိုရင် အဲဒီ 'လ' ပုံရယ် ခံစားချက်လုံးဝမရှိတဲ့ ဝက်ဝံရုပ်ရယ်ဟာ Line အတွက် ဝင်ငွေရှာပေးနေကြပြီ။ ရုပ်မြင်သံကြား ကာတွန်းဇာတ်လမ်းမှာပါတယ်။ Lamy ဖောင်တိန်တွေ၊ ဆမ်ဆောင်ဖုန်းအားသွင်းကိရိယာ (ချာဂျာ) တွေပေါ်မှာ ပါတယ်။

နယူးယောက်ကနေ ရှန်ဟဲအထိ ဆိုင်ပေါင်း ၂၀ ကျော်မှာ ရောင်းပေးတယ်။ တရုတ်ပြည်မှာ Line မသုံးရပေမယ့် ဒီအရုပ်တွေ ရေပန်းစားတယ်။ ကာလတိုအတွင်း ကျော်ကြားလာလို့ ထင်ရှားတဲ့ သီးခြားစီးပွားရေးလုပ်ငန်း ဖြစ်လာတယ်။

idezawa3

Line ရဲ့ဝင်ငွေတစ်ဝက်နီးပါးဟာ ကြော်ငြာကရတာနော်။ ဒီလိုရတဲ့ စကားပြောတဲ့ App လုပ်ငန်းမျိုးက သိပ်မရှိဘူး။ အဲဒါကို ခင်ဗျားတို့ ဘယ်လိုလုပ်သလဲ

----------------------------------

ကျွန်တော်တို့ကြော်ငြာတွေက သမားရိုးကျမဟုတ်ဘူး။ နေ့စဉ်ပျမ်းမျှ စတစ်ကာပေါင်းသန်းလေးရာပို့ကြတယ်။ အစက စတစ်ကာတွေကို အခမဲ့ပေးသုံးတယ်။ နောက်တော့ ဝေါ့ဒစ္စနေးဇာတ်ကောင်တွေနဲ့ ဂျပန်ကာတွန်းစီးရီး Doraemon တို့ကို ရောင်းစားတယ်။ ကုမ္ပဏီတွေက သူတို့ဇာတ်ကောင်တွေကို အခမဲ့ပေးနိုင်ဖို့ ကျွန်တော်တို့က သူတို့ကို မူပိုင်ကြေးပေးတယ်။ ဂျပန်ကုမ္ပဏီအများစုမှာ 'လာဘ်ကောင်' အရုပ်တွေရှိတယ်။ Spider-Man ရုပ်ရှင်ကို ကြော်ငြာဖို့ ပထမဆုံးစမ်းကြည့်တယ်။ သုံးသူတွေဟာ အခမဲ့စတစ်ကာတွေကို ကြိုက်တယ်။ ကြော်ငြာတွေကို ကြော်ငြာမှန်းမသိကြဘူး။ လူတွေက တီဗီကြော်ငြာတွေ မကြည့်ချင်ဘူး။ အွန်လိုင်းကြော်ငြာတွေကို Block လုပ်တယ်။ ဖုန်းစတစ်ကာသုံးရင်းနဲ့ ကြော်ငြာတွေကိုတော့ တွေ့နေရတယ်။

ပြိုင်ဘက်တွေဖြစ်တဲ့ WhatsApp ကိုရီးယားက KaKao Talk နဲ့ WeChat တို့နဲ့မတူအောင် Line ကို ဘယ်လိုခွဲထုတ်သလဲ

------------------------------------

Line ဟာ Smart Portal ဖြစ်တယ်လေ။ ဟိုတယ်ခန်း ကြိုငှားမလား။ လေယာဉ်လက်မှတ်ကြိုဝယ်မလား။ Line- အက်ပ်နဲ့လုပ်ရုံပဲ အင်တာနက် Browser သုံးတာနဲ့မတူဘူး။ အမေရိကတိုက်နဲ့ ဥရောပမှာ chat app တွေကို မက်ဆေ့ဂျ်ပို့ဖို့ အဓိကသုံးကြတယ်။ Line မှာ ဝန်ဆောင်မှုအစုံပါတယ်။ လူအများအပြားသုံးပေမယ့် အဲဒါကိုမသိဘူး။ သတင်းတွေဖတ်မလား၊ ရုပ်ပြတွေဖတ်မလား၊ လူတွေဟာ အင်တာနက်အတွက် Browser ထက် အက်ပ်ကို ပိုသုံးချင်လာတော့မှာပါ။

Line ကို ပြည်သူတွေ ဘယ်လိုသုံးရမလဲ

-------------------------

ဂျပန်မှာ ချောထုပ်၊ ချောစာပို့ဆောင်ရေး လုပ်ငန်းတွေဟာ ပစ္စည်းသွားပို့တဲ့အခါ ကာယကံရှင်ကအိမ်မှာမရှိလို့ အခက်တွေ့တယ်။ အိမ်ရှင်ရဲ့စာပုံးထဲ အသိပေးစာထည့်လည်း ဖွင့်မကြည့်ကြဘူး။ လူငယ်တွေက အီးမေးလ် သိပ်မသုံးတော့ဘူး။ ဒီတော့ ပို့ဆောင်ရေးကုမ္ပဏီက Line သုံးပြီးလက်ခံမယ့်သူဆီ အကြောင်းကြားတယ်။ Call Center တွေမှာ ပြောခအခမဲ့ဖုန်းနံပါတ်အစား Line ကို သုံးတဲ့အော်ပရေတာတွေ ခန့်ထားကြပြီ။ Line Pay ရဲ့ ဝန်ဆောင်မှုတစ်ခုအဖြစ် လူတွေစားသောက်ဆိုင်က ကျသင့်ငွေမျှပေးဖို့ Line ကို သုံးနိုင်တယ်။ Line နဲ့ မိတ်ဆွေတွေဆီ ငွေပို့နိုင်တယ်။ ဂျပန်မှာ ဘဏ်စာရင်းတစ်ခုကနေ ငွေလွှဲတာ အတော်စိတ်ညစ်ရတယ်။ ဝန်ဆောင်ခဈေးကြီးတယ်။ အွန်လိုင်းငွေပေးချေစနစ်ကို လူတွေသိပ်မသုံးဘူး။ ထိုင်း၊ ထိုင်ဝမ်နဲ့ ဂျပန်လူငယ်တွေ Line Pay ကို ပိုကြိုက်တယ်။ မကြာသေးခင် သုံးပတ်အတွင်း ငွေပို့၊ ငွေလွှဲမှုပမာဏ စုစုပေါင်းယန်းငွေတစ်ရာဘီလီယံကျော်တယ်။ပြောဆိုဆက်သွယ်မှုကနေ ဝန်ဆောင်မှုလုပ်ငန်းဖြစ်လာဖို့အတွက် နမူနာပေါ့။

ဘာကြောင့် e-commerce လုပ်ငန်းဝင်လုပ်တာလဲ

------------------------------

Rakuten နဲ့ Amazon က e-commerce ဈေးကွက်ကို ကြီးစိုးတယ်။ ကျွန်တော်တို့က သုံးစွဲသူတွေ Line app ကို ဖွင့်လိုက်တာနဲ့ ကြိုက်တာလုပ်လို့ရအောင် အဆင်ပြေစေချင်တယ်။ ဈေးဝယ်တာဟာ အဲဒါရဲ့အရေးပါတဲ့ လက္ခဏာပဲ။ တံဆိပ်ခေါင်း၊ ဒါမှမဟုတ် စတစ်ကာ၊ ဒါမှမဟုတ် သူတို့ဝယ်တဲ့ကုန်ပစ္စည်းတွေအတွက် သုံးနိုင်မယ့် အမှတ်ပေးစနစ်တစ်ခုလုပ်ပေးထားတယ်။ သူတို့က အဲဒါကို ငွေအဖြစ်ပြောင်းပြီး မိတ်ဆွေတွေဆီ ပို့လို့ရတယ်။

မကြာခင်က အဆုံးစီရင်ဖို့ ကြံစည်သူတွေကို တိုင်ပင်ဆွေးနွေးတားဆီးပေမယ့် အရေးပေါ်ဖုန်းလိုင်း (Hot-line) တစ်လိုင်းကို ဒေသဆိုင်ရာ ဂျပန်အစိုးရအဖွဲ့နဲ့ ခင်ဗျားတို့ စမ်းသပ်ခဲ့တယ်။ အစိုးရအဖွဲ့တွေပါ Line သုံးဖို့ ဖြစ်နိုင်စွမ်းရှိလား။ လူငယ်တွေ အဆုံးစီရင်မှုနှုန်းမြင့်မားတဲ့ နာဂါးနိုးစီရင်စုမှာ စမ်းသပ်ခဲ့တာပါ။ အဆုံးစီရင်ချင်တဲ့ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားတွေ တစ်ယောက်ယောက်နဲ့ စကားပြောလို့ရအောင် Line Channel တစ်ခု ဖွင့်ပေးထားတယ်။

idezawa4

Line ရဲ့ ရှေ့အစီအစဉ်က ဘာလဲ

---------------------------

မကြာခင်က Wave လို့ခေါ်တဲ့ အင်တာနက်ချိတ်ထားတဲ့ (A.I) (ဉာဏ်ရည်အတု) စပီကာတစ်မျိုး စတင်ရောင်းချခဲ့တယ်။ စမတ်ဖုန်းပြီးရင် ဘာပေါ်လာမလဲ ကြိုစဉ်းစားထားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ရဲ့ Clova A-I လက်ထောက် Wave စပီကာကို ထုတ်လုပ်တယ်။ တောင်ကိုရီးယားက အဓိကရှာဖွေရေးအင်ဂျင်ဖြစ်တဲ့ Naver နဲ့ပူးပေါင်းပြီး အဲဒါကို ခုနစ်လကြာတီထွင်တည်ဆောက်ရတယ်။ ကျွန်တော့်ရဲ့ လေးနှစ်အရွယ် သမီးလေးဆိုရင် အဲဒီစပီကာသုံးပြီး ကျွန်တော့်ဆီမက်ဆေ့ဂျ်တွေပို့တယ်။ ကျွန်တော်က သူ့ဆီစာပြန်ရေးရင် စပီကာက သူ့ကိုဖတ်ပြတယ်။ Amazon တို့ Google တို့နဲ့မယှဉ်နိုင်လို့ ကျွန်တော်တို့ ရှုံးမယ်လို့ လူတွေကထင်တယ်။ မတူပါဘူး။ Amazon က e-commerce ၊ Google က ရှာဖွေရေးဆော့ဖ်ဝဲ Line က ဆက်သွယ်ရေးပါ။

တခြားလုပ်ငန်းတွေ

---------------------

Takara Tomy ဆိုတဲ့ ကလေးကစားစရာအရုပ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Clova နည်းပညာထည့်တဲ့ မွှေးပွအရုပ်တွေ ထုတ်လုပ်ဖို့စီစဉ်နေတယ်။ ကျွန်တော်တို့ရဲ့ AI အသံမှတ်မိတဲ့ နည်းပညာတွေကြောင့် အဲဒီအရုပ်တွေက လူတွေမေးတာ ပြန်ဖြေနိုင်တယ်။ Gatebox ဆိုတဲ့ ကိရိယာကိုလည်း စမ်းသပ်နေတယ်။ အဲဒီကိရိယာမှာ Cleva AI နည်းပညာပါမယ်။ 3-D Hologram ကတစ်ဆင့် ပြောဆိုဆက်သွယ်လို့ရမယ်။ စပီကာ သက်သက်မဟုတ်ဘူး။

အမေရိကနဲ့ ဥရောပအတွက် ဘာတွေစီစဉ်ထားသလဲ

--------------------------------

အကြီးမားဆုံးစိန်ခေါ်မှုက စိတ်ပိုင်းဆိုင်ရာလို့ထင်တယ်။ ကျွန်တော်တို့စွန့်စားမှုတွေ ဆက်မယူတော့ဘူး။ လက်ခံကျင့်သုံးမှုနဲ့ ပြောင်းလဲမှုတွေကိုရပ်ပြီး ခံစစ်ဘက် ပြောင်းရမယ်။ ဒီကမ္ဘာကြီးထဲမှာ အရာရာက မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။

စိုးညွန့်ဇော်