မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ - အခန်း ၂
ဆွန်ဇူးက အောက်ပါအတိုင်းဆက်ပြောပါတယ်။ ''စစ်အကြောင်း နားလည်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟာ သူ့လူတွေရဲ့ ကံကြမ္မာကိုပဲ ထိန်းပေးနိုင်သူလည်းဖြစ်တယ်။ နိုင်ငံရဲ့ လုံခြုံရေးကိုလည်း အာမခံနိုင်သူဖြစ်တယ်''။
ခေါင်းဆောင်ရဲ့အရည်အချင်းများ . . .
လွန်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ နှစ်ပေါင်းများစွာတုန်းက ဆွန်ဇူးရဲ့ အယူအဆတွေကို ဆန်းစစ်သုံးသပ်ကြသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟိုယန်းဆီ (Ho Yeuhsi) က အောက်ပါအတိုင်း ဆိုခဲ့တယ်။
''တပ်မှူးတစ်ယောက်ခန့်အပ်ရာမှာ တွေ့ရတဲ့ အခက်အခဲတွေဟာ ဟိုရှေးရှေးတုန်းကနဲ့ ဒီကနေ့အတူတူချည်းပဲဖြစ်တယ်။ သူက ဒါကို ယနေ့ ကျွန်တော်တို့တစ်တွေက ရှေးခေတ်လို့ သဘောထားတဲ့အချိန်ကာလတုန်းက ပြောခဲ့တာဖြစ်တယ်''။
နပိုလီယန်ဟာ သူ့ရဲ့ မှတ်သားစရာစကားတွေထဲမှာ အောက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့တယ်။
''အင်မတန်တော်တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းအားလုံးကို လူတစ်ယောက်တည်းမှာ ပြည့်စုံနေဖို့ဆိုတာ အင်မတန်ရှားတယ်။ အဲဒီလို လူတော်တစ်ယောက်ရဲ့ သူများတွေနဲ့ မတူညီရုံသာမက အလိုလားအပ်ဆုံးလည်းဖြစ်တဲ့ အချက်ကတော့ သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာ သူ့ရဲ့ သူရသတ္တိနဲ့အညီအမျှ သဟဇာတဖြစ်နေခြင်းပါပဲ။ ဒီဗိုလ်ချုပ်မှာ သူရသတ္တိကပိုကဲနေရင် သူမစွမ်းဆောင်နိုင်တာတွေကို အလွန်ဆောင်ရွက်လုပ်ကိုင်တော့မှာဖြစ်တယ်။ သူရသတ္တိဘက်မှာ အားနည်းနေပြန်ရင်လည်း သူစီစဉ်ထားတဲ့အတိုင်း မလုပ်ရဲတော့ပါဘူး''။
မော်စီတုံးက ရေးဖူးတယ်။ ''လက်တွေ့ဘဝမှာ သူ့ကို ဘယ်သူမှနိုင်အောင် မတိုက်နိုင်ဘူးဆိုတဲ့ ဗိုလ်ချုပ်ကြီးမျိုးကို ကျွန်တော်တို့ လိုချင်နေလို့ မဖြစ်ဘူး။ ဒီလိုလူမျိုးက ခေတ်အဆက်ဆက်ရှားပါးတယ်။ ကျွန်တော်တို့ လိုချင်တာက ရဲစွမ်းသတ္တိလည်းရှိ၊ ဉာဏ်အမြော်အမြင်လည်းရှိတဲ့ ဗိုလ်ချုပ်မျိုးပဲ လိုချင်တယ်။ ဒီဗိုလ်ချုပ်မျိုးက တိုက်ပွဲတွေလည်း နိုင်အောင်တိုက်နိုင်လေ့ရှိတယ်။ ရဲစွမ်းသတ္တိကို ဉာဏ်အမြော်အမြင်နဲ့ ပေါင်းစပ်လုပ်ကိုင်လေ့ရှိတယ်''။
ဗြိတိသျှဗိုလ်ချုပ် J.P.c Feeler က ''စစ်သူကြီးတစ်ယောက်ရဲ့ အဓိကအရည်အချင်းတွေထဲက တစ်ခုကတော့ သမားရိုးကျတွေကို လိုက်လုပ်တာမဟုတ်ဘဲ မိမိဘာသာကြံဆဖန်တီးလုပ်ကိုင်တဲ့အရည်အချင်းပဲ ဖြစ်တယ်'' တဲ့။ '' ရန်သူက မျှော်လင့်မထားတာတွေ၊ ခုခံဖို့အသင့်မဖြစ်သေးတာတွေကိုလုပ်ကာ ရန်သူကို အငိုက်ဖမ်းတတ်တယ်၊ စိတ်ဓာတ်ကျသွားအောင်လုပ်တတ်တယ်'' တဲ့။ ''ဒါအပြင် ရှေ့ကိုအမြဲကြိုတွေးထားတယ်။ အခြေအနေကိုလည်း အမြဲချောင်းမြောင်းကြည့်လေ့ရှိတယ်။ ဒီတော့ စစ်သူကြီးကောင်းတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ရန်သူရဲ့ စိတ်အနေအထားကို ထောက်လှမ်းကြည့်တတ်တာ၊ ရန်သူတို့ အံ့အားသင့်သွားအောင် စိတ်ရှုပ်ထွေးသွားအောင်လုပ်တတ်တာဆိုတဲ့ အချက်တွေပဲဖြစ်တယ်'' တဲ့။
စစ်ရေးဆိုင်ရာ စာရေးဆရာတွေဟာ စံပြတစ်ဦးရဲ့ အရေးကြီးတဲ့ အရည်အချင်းတစ်ရပ်ကတော့ လူတွေအတွက် အကျိုးအပြစ်ကို ထည့်တွက်တတ်တာပဲဖြစ်တယ်လို့ အားလုံးကသဘောတူယူဆထားကြပါတယ်။ Pixon ဆိုတဲ့ စာရေးဆရာက သူ့ရဲ့ (On the Psychology of military Jnconpelene) စစ်ရေးစွမ်းရည်ချို့တဲ့ခြင်းကို စိတ္တဗေဒရှုထောင့်မှ လေ့လာကြည့်ခြင်းဆိုတဲ့ စာအုပ်ထဲမှာ လူအချင်းချင်းစာနာထောက်ထားတတ်ခြင်းဟာ စိတ်ဓာတ်တက်ကြွရေးနဲ့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် အဦးဆုံး မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
အောင်မြင်ရေးအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုကို ပိုင်ပိုင်နိုင်နိုင်ရအောင်ကြိုးစားပါ . . .
Fortune မဂ္ဂဇင်းကတင်ပြထားတဲ့ ချီးကျူးအားကျစရာအကောင်းဆုံး ကြီးပွားရေးလုပ်ငန်း ကုမ္ပဏီဆယ်ခုစာရင်းထဲမှာ အဲဒီကုမ္ပဏီတစ်ခုချင်းရဲ့ ဦးစီးခေါင်းဆောင်ပိုင်းရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုဖော်ပြထားပါတယ်။ ဒီကုမ္ပဏီတွေရဲ့ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့လုပ်ငန်းကို ကောင်းကောင်းနားလည်ကြကာ ကြပ်ကြပ်မတ်မတ် ခိုင်ခိုင်မာမာ ဦးဆောင်နိုင်ကြသူတွေဖြစ်ကြောင်း တွေ့ရတယ်။ အထက်ပါစာရင်းထဲမှာ များမကြာခင်ကပဲ ဖော်ပြခံခဲ့ရတဲ့ ထိပ်ဆုံးကုမ္ပဏီငါးခုကတော့ အောက်ပါအတိုင်းဖြစ်တယ်။ သက်ဆိုင် ရာ CEO တွေရဲ့ ရာထူးသက်တမ်းကိုလည်း ပူးတွဲထားတယ်။
၁။ Apple - Steve Jobs ဟာ Apple မှာ ဆယ်စုနှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး CEO အဖြစ် ဆောင်ရွက်ခဲ့တယ်။
၂။ Birkshine Hathaway - Warren Buffet ဟာ အနှစ်လေးဆယ်ကျော် ဦးစီးခေါင်းဆောင်တာဝန်ယူခဲ့တယ်။
၃။ General Electrie - Jeffery Jin melt က ဆယ်နှစ်နီးပါး CEO အဖြစ် လုပ်ကိုင်ခဲ့တယ်။
၄။ Google - Eric Schmidt ဟာ ၂၀၀၁ ခုနှစ်က စပြီး CEO အဖြစ် လုပ်ကိုင်ခဲ့တယ်။ ကုမ္ပဏီကတော့ ၁၉၉၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်တယ်။
၅။ Toyota - Katsmaki Watanabi ဟာ CEO ဖြစ် တာ လေးနှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ ကုမ္ပဏီမှာ ဝန်ထမ်းအဖြစ် ၄၅ နှစ်ကြာ လုပ်ကိုင်ခဲ့တယ်။ Toyota ရဲ့ CEO တွေဟာ သူ့လိုပဲအတွင်းကနေ တက်လာကြတာဖြစ်ပြီး လေးနှစ်မှ ခြောက်နှစ်အထိ အသီးသီးလုပ်ကိုင်ကြတယ်။
ထိပ်တန်းကုမ္ပဏီတွေရဲ့ ထင်ရှားတဲ့အမှုဆောင်အရာရှိတွေဟာ များသောအားဖြင့် သူတို့ရဲ့အလုပ်ကို ပါရဂူမြောက်ကျွမ်းကျင်စွာ နှစ်ရှည်လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်တယ်။ လက်ရှိတာဝန်တွေကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့ကြပြီး၊ ကုမ္ပဏီတွင်းက တခြားတာဝန်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှာပါ အောင်မြင်စွာ လုပ်ကိုင်ခဲ့ကြတယ်။
ဟိုရှေးခေတ်ရောမနိုင်ငံသားတွေဟာ Aqueduct လို့ခေါ်တဲ့ ရေသွယ်တံတားကို ဆောက်တဲ့အခါ ဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာဟာ ငြမ်းစင်ကို ဖယ်ရှားလိုက်တဲ့အခါ ရေသွယ်တံတားအောက်မှာ ရပ်နေတယ်။ သူသေတာ၊ ရှင်တာဟာ သူ့ရဲ့အလုပ်ကျွမ်းကျင်မှုပေါ်မှာပဲ မူတည်နေတာဖြစ်တယ်။
ကွန်ပျူတာအလုပ်ကို ကျွမ်းကျင်သူဟာ ကွန်ပျူတာကုမ္ပဏီကို လုပ်ကိုင်သင့်တယ်။ (Pepsi အလုပ်ကနေ Apple ကို ပြောင်းလုပ်လိုက်လို့ ဒုက္ခရောက်ပြီး ကြာကြာမခံတဲ့ Jothn Siuly ကို နမူနာအနေနဲ့ကြည့်ပါ)၊ အဖျော်ယမကာသမားတွေဟာ အဖျော်ယမကာကုမ္ပဏီကို လုပ်သင့်တယ်။ လေကြောင်းကျွမ်းကျင်သူတွေဟာ လေကြောင်းလုပ်ငန်းကုမ္ပဏီကို လုပ်သင့်တယ်။ စီးပွားရေးလုပ်ငန်းမှာ ကျွမ်းကျင်တဲ့သူတွေရဲ့ အရည်အချင်းတွေဟာ အထင်ကြီးလေးစားစရာကောင်းတယ်။ ကော်ဖီနဲ့ပတ်သက်လာရင် Starbucks ကို တည်ထောင်သူ Harow Schult နဲ့ ဘယ်သူအငြင်းအခုံ လုပ်နိုင်ပါ့မလဲ၊ မော်တော်ဆိုင်ကယ်အကြောင်းနဲ့ ပတ်သက်ရင် Harley-Dasidson ကို အမြတ်ငွေတွေပြန်ရလာအောင် စွမ်းဆောင်နိုင်တဲ့ Vaughu Beds နဲ့ ဘယ်သူက အန်တုယှဉ်ပြိုင်ပြောရဲပါ့မလဲ။
ဆိုင်ခွဲပေါင်း ငါးရာကျော်ကို အောင်မြင်စွာဖွင့်လှစ်ရောင်းချနိုင်ခဲ့တဲ့ Cretback Steak houses ဆိုတဲ့ အသား၊ ငါး အရောင်းဆိုင်ကြီးကို စတင်ဖွင့်လှစ်ခဲ့သူတွေဟာ ယခင်က အစားအသောက်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေ နှစ်ပေါင်းများစွာ ရှိခဲ့ကြသူတွေဖြစ်တယ်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ဒီဆိုင်ဟာ လူသိအများဆုံးနဲ့ အမြတ်အများဆုံးဝင်ခဲ့တဲ့ သား၊ ငါးဆိုင်တွေထဲမှာ ပါဝင်ခဲ့တယ်။
စွန့်စားရင်းနှီးလုပ်ကိုင်ကြသူတွေရဲ့ အဆိုအရ၊ ယခင်အတွေ့အကြုံနဲ့ စိတ်နေသဘောထားတွေဟာ လုပ်ငန်းစတင်လုပ်ကိုင်သူတွေအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ညွန့်သောင်း