Leadership Pipeline ခေါင်းဆောင်မှုပိုက်လိုင်း

ခေါင်းဆောင်သူအင်အား အစဉ်ကောင်းသော စီးပွားရေးလုပ်ငန်းဖြစ်ရန် (အောင်မြင်မှုရဖို့လိုအပ်တဲ့ စီးပွားရေးအသုံးလက်နက် ၁၀၀)

ကုမ္ပဏီ၏ ခေါင်းဆောင်ရည်တိုးတက်ရေးနှင့် လုပ်ဆောင်စွမ်းအားကောင်းမှုတို့မှာ ခွဲ၍မရပေ။ ပညာရှင်သုတေသီများ၏အဆိုအရ ခေါင်းဆောင်နိုင်မည့်သူများ ကုမ္ပဏီတွင်းသို့ အစဉ်အမြဲဝင်ရောက်ရရှိနိုင်ရန်မှာ ကုမ္ပဏီအတွင်း ချမှတ်ထားသော ဘောင်များသည် အနာဂတ်ခေါင်းဆောင်များ၊ မန်နေဂျာများကို ဆွဲဆောင်စီးဝင်စေနိုင်ရမည်။ မပြတ်စီးဝင်ခြင်းကို ပိုက်လိုင်းဖြင့် နှိုင်းထားသည်။

Leadershippipeline

Overview - ခြုံငုံတင်ပြခြင်း . . .

''Leadership Pipeline"ဝေါဟာရသုံးထားခြင်းသည် စွမ်းဆောင်နိုင်မှု အရည်အချင်းရှိသော ခေါင်းဆောင်များ အစဉ်တစိုက်ရရှိနိုင်သောဖြစ်စဉ်ကို ဆိုလိုသည်။ လွယ်ကူရှင်းလင်းပြီး အဆင့်တိုင်းတွင်လုပ်ရမည်များမှာ လက်တွေ့ကျကျ အောင်မြင်မှုအတွက်...

- လူတစ်ဦးစီနှင့် ကုမ္ပဏီများအနေဖြင့် အဆင့်လိုက်ထူးခြားစွာ လုပ်ရမည်များ၊ လိုအပ်ချက်များကို သိနားလည်ရမည်။

- လူတစ်ဦးချင်းက မိမိကျွမ်းကျင်မှုတိုးရန် အခွင့်အရေးများကို အပြည့်အဝအသုံးချ၍ မိမိ၏အသက်မွေးမှုပညာ မြင့်မားတိုးတက်ရန် အားထုတ်ရမည်။

- အဖွဲ့အစည်းများကလည်း လုပ်သားများ၏ ကိုယ်ပိုင်စွမ်းရည်ဖွံ့ဖြိုးရေးကို စီမံခန့်ခွဲပြီး လုပ်ငန်းဗျူဟာများဖြင့် လုပ်ငန်း၏စွမ်းရည်များ တိုးတက်ရန်ဆောင်ရွက်ရမည်။

ဖြစ်မြောက်အောင်မြင်မှုအတွက် လုပ်ရန် (How it works) . . .

Leadership Pipeline သဘောအလိုမှာ လုပ်ငန်းတွင်းမှ စွမ်းရည်များကို အရေးပါသောနေရာများတွင် တာဝန်ယူခွင့်ရရှိရမည်။

သို့မှသာလျှင် လုပ်ငန်းဖွဲ့စည်းထားမှု၊ လုပ်ငန်းဖြစ်စဉ်များ၊ ဆုပေးစနစ်များအရ လိုလားသောအပြုအမူနှင့် လုပ်ကိုင်မှုများရရှိမည်။ လုပ်သားများအနေဖြင့်လည်း တိုးတက်မည့်လမ်းကို နားလည်သဘောပေါက်၍ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်အောင်မြင်နိုင်အောင် အားထုတ်မည်ဖြစ်သည်။

- အဆင့်တစ်ခုတိုင်းတွင် လိုအပ်သောအရည်အချင်းများကို သိနေရမည်။

- အဆင့်တိုင်းရှိ မန်နေဂျာများနှင့် ခေါင်းဆောင်များသည် ယင်းအဆင့်တွင်ရှိရမည့် လိုအပ်သောကျွမ်းကျင်မှုနှင့် တန်ဖိုးထားမှုများအသုံးပြုပြီး အခြားသူများပါ ထိရောက်စွာလုပ်ကိုင်နိုင်မည်။

သမားရိုးကျခေါင်းဆောင်မှုဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ရှိပြီးကျွမ်းကျင်မှုကို အားဖြည့်ပေးပြီး လိုအပ်မှုအသစ်များကို အလေးထားခြင်းမရှိပေ။

Leadership Pipeline တွင် နည်းလမ်းတကျအလေးထားသည်မှာ ပြောင်းလဲမှုနှင့် စွမ်းရည်မြင့်မားမှုရှိရန် နောက်တစ်ဆင့်မြင့်သော တာဝန်များအတွက် အခြေခံကောင်းများပေါ် တည်ဆောက်ရမည်။ လုပ်ငန်းခွင်တွင် လိုအပ်သောအချိန်၊ ပံ့ပိုးမှု၊ အချိန်စီမံခန့်ခွဲမှုနှင့် အဆင့်မြင့်ကဏ္ဍနှင့်အညီ တန်ဖိုးထားမှုများ ဖွံ့ဖြိုးခွင့်ရှိရမည်။ သို့မှသာ လက်ရှိလုပ်ငန်းများနှင့် ရှေ့တွင်လုပ်ရမည့်လုပ်ငန်းများအတွက်ပါ လုံလောက်မည်။

အောင်မြင်စွာပြောင်းလဲရန် လုပ်ရမည့်လုပ်ငန်းများ . . .

အသက်မွေးမှုလုပ်ငန်းစွမ်းရည်တိုးတက်၍ အဆင့်ဆင့်ပြောင်းလဲမှုကို ချောမွေ့စွာလုပ်နိုင်ရန် အဓိကကျသော အဆင့်ခြောက်ဆင့်ရှိသည်။

(၁) မိမိကိုယ်ကို စီမံခန့်ခွဲခြင်းမှ အခြားသူများကိုပါ စီမံခန့်ခွဲနိုင်ရန်

(၂) အခြားသူများကို စီမံခန့်ခွဲခြင်းမှ မန်နေဂျာများကို စီမံခန့်ခွဲနိုင်ရန်

(၃) မန်နေဂျာများကို စီမံခန့်ခွဲခြင်းမှ လုပ်ငန်းဌာနတစ်ခုကို တာဝန်ယူညွှန်ကြားနိုင်ရန်

(၄) ဌာနတစ်ခု၏ ညွှန်ကြားရေးမှူးက စီးပွားရေးလုပ်ငန်းတစ်ခုလုံး၏ ညွှန်ကြားရေးမှူးတာဝန်ကို ယူနိုင်ရန်

(၅) စီးပွားရေးလုပ်ငန်းညွှန်ကြားရေးမှူးက လုပ်ငန်းအုပ်စုညွှန်ကြားရေးမှူး တာဝန်ယူနိုင်ရန်

(၆) လုပ်ငန်းအုပ်စုညွှန်ကြားရေးမှူးက ကုမ္ပဏီညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူရန်

လက်တွေ့တွင် အဆင့်ဆင့်ပြောင်းလဲမှုများကို ပံ့ပိုးမှု၊ ကြိုတင်ပြင်ဆင်မှုများ ရလေ့မရှိပေ။ မိမိရှေ့က လူများကိုစံထားပြီး အမှားအမှန်၊ အတွေ့အကြုံတို့မှ သင်ယူကြရသည်။ ဖော်ပြခဲ့သော ခေါင်းဆောင်မှုပိုက်လိုင်းတွင် အဆင့်တိုင်း၌ အောင်မြင်ရန် မည်သို့လုပ်ရမည်ကို တိတိကျကျ ဖော်ပြသည်။ အထူးသဖြင့် အဓိကလိုအပ်မှုသုံးချက်တို့မှာ . . .

(၁) စွမ်းဆောင်ကျွမ်းကျင်မှုအသစ်များ တိုးတက်ရရှိရန်

(၂) အချိန်စီမံခန့်ခွဲမှု ပိုမိုကောင်းရန်

(၃) အဖွဲ့အစည်းမှလိုအပ်သော တန်ဖိုးထားမှုများကို လက်ခံရန်

အထက်ပါစွမ်းဆောင်ရည်များကို အဆင့်တစ်ခုစီတွင် ရရှိခြင်းဖြင့် နောက်တက်မည့်အဆင့်တွင် အောင်မြင်မှုအခြေခံပင် ဖြစ်သည်။ ကျွမ်းကျင်မှုစွမ်းရည်၊ အချိန်စီမံခန့်ခွဲမှုနှင့် အဖွဲ့၏တန်ဖိုးထားမှုများကို အလေးထားခြင်းဖြင့် လုပ်ငန်း၏တိုးတက်အောင်မြင်မှု၊ ဝန်ထမ်းတစ်ဦးချင်း၏ အောင်မြင်မှုနှစ်ခုစလုံးကို ရရှိမည်ဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)