ခေါင်းဆောင်မှု (Leadership)

leadership1

စီးပွားရေးလုပ်ငန်းတွင် Intangibles (ရုပ်ဝတ္ထုမရှိသော) တန်ဖိုးအများအပြားပင်ရှိသည်။ ယင်းတို့အထဲတွင် ပုံသေတိကျစွာ အဓိပ္ပာယ်သတ်မှတ်၍မရသည်မှာ Leadership ပင်ဖြစ်သည်။ ပညာရှင်များ၊ အတိုင်ပင်ခံများအနေဖြင့် မည်မျှပင်တိတိကျကျ ပုံသေအဓိပ္ပာယ် ချမှတ်လိုသော်လည်း ယနေ့အထိ မရနိုင်သေးပေ။ သို့ရာတွင် စီးပွားရေးစီမံခန့်ခွဲခြင်း လေ့လာမှုများတွင် Leadership မှာ အရေးပါဆုံး ရှေ့တန်းနေရာတွင်ပင် ရှိနေပေသေးသည်။

ခေါင်းဆောင်ကောင်းတို့၏ တန်ဖိုးမှာ လွန်စွာကြီးမားလှပေသည်။ ကုမ္ပဏီ၏တန်ဖိုးကို ရှယ်ယာဈေးကွက်တွင် တက်နှုန်းကောင်းအောင် လုပ်နိုင်သော CEO များ၏တန်ဖိုးမှာ Bill Gates ကဲ့သို့ ကမ္ဘာကျော်သည်။ သို့ရာတွင် ဈေးကွက်သဘောအရ မှားယွင်းလွဲချော်မှုအရလည်းကောင်း၊ အခြားစီးပွားရေး ကျဆင်းမှုများကြောင့်လည်းကောင်း ဈေးကွက်ပျက်၊ ဘဝပျက်သော CEO များလည်း ရှိပေသည်။ General Electric ကုမ္ပဏီမှ Jack Welch အဆိုအရ သူ၏အလုပ်သုံးခုမှာ မှန်ကန်သောလူများကိုရှာခြင်း၊ Resources စွမ်းအားများကို လိုသလိုချပေးခြင်းနှင့် အကြံဉာဏ်ကောင်းများကို လျင်မြန်စွာ ဖြန့်နိုင်ခြင်းဟု ဖြစ်သည်။

CEO  တစ်ယောက်အနေမှ ဟီးရိုးအဖြစ် ပြန်လာမည် မလာမည်ကို အတိအကျ မပြောနိုင်သော်လည်း တက်ကြွ၍ ဦးဆောင်နိုင်သော သူ၏တန်ဖိုးမှာ ငြင်းစရာမလိုပေ။ ဝယ်သူများနှင့် ဈေးကွက်များ ပြောင်းလဲလာသည်နှင့်အမျှ အဖွဲ့အစည်းများလည်း လိုက်၍ပြောင်းလဲရသည်။ အဖွဲ့အစည်းများကို ခေါင်းဆောင်ရန်လိုအပ်သော စွမ်းဆောင်ရည်များမှာလည်း ပြောင်းရမည်ဖြစ်သည်။ သမိုင်းကြောင်းတွင် ရှေးဦးအဖွဲ့အစည်းခေါင်းဆောင်မှုမှာ စစ်တပ်ပုံစံဖြင့် ဗိုလ်လုပ်သူ၏ အမိန့်အတိုင်းလိုက်နာကြရသည်။ ယနေ့ Knowledge Economy - အသိပညာခေတ်တွင် Knowledge Workers ဟု သတ်မှတ် ထားခံနေရသူများမှာ အမိန့်ပေးမှုဖြင့် တက်ကြွကြမည် မဟုတ်ပါ။ ပညာရှင် Warren Bennis ယုံကြည်သည်မှာ အနာဂတ်ယှဉ်ပြိုင်မှု အသာစီးရရန်မှာ ပညာအရင်းအနှီးများ ဖြစ်ပေါ်နိုင်မည့် လူမှုရေးတည်ဆောက်မှု ဖြစ်ရမည်ဟု ဖြစ်သည်။

leadership2

ခေါင်းဆောင်ကောင်းဖြစ်ဖို့ ဘာလိုသလဲ . . .

စက်မှုလုပ်ငန်း စိတ်ပညာရှင်ဖြစ်သူ Bennis က ခေါင်းဆောင်တစ်ဦးဖြစ်ရန် အချက်ခုနစ်ချက် လိုအပ်သည်ဟု ဆိုသည်။ နည်းပညာကျွမ်းကျင်မှု၊ သဘောတရားအမြင်ရှိမှု၊ လုပ်ငန်းအတွေ့အကြုံရှိမှု၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှု၊ အရည်အချင်းရှိသည့် လူတော်ကိုသိမှု၊ မှန်ကန်သော ဆုံးဖြတ်နိုင်စွမ်းရှိမှုနှင့် စာရိတ္တတို့ ဖြစ်သည်ဟု ထောက်ပြသည်။

လူတော်တော်များများတွင် ပထမသုံးချက် ရှိကြသည်။ ကျန်ပျော့ပျောင်းသည့်လေးချက်ကို ပိုင်နိုင်မှသာ တကယ်ဦးဆောင်မှုကို ပေးနိုင်သော အနာဂတ်၏ထူးချွန်သည့်ခေါင်းဆောင်များ ဖြစ်မည်။ ပညာရှင် Bennis က မန်နေဂျာသည် ခေါင်းဆောင်မဟုတ်ဟုဆိုသည်။ မန်နေဂျာများက They do things right (လုပ်တဲ့အရာတွေက မှန်တယ်) ဖြစ်ပြီး ခေါင်းဆောင်များက They do right things  (မှန်တဲ့အရာတွေကိုလုပ်တယ်) ဟု ဆိုသည်။ ခေါင်းဆောင်များသည် လူတို့၏မျှော်မှန်းချက်ကို ဖြည့်ဆည်းနိုင်သည်။ ထိရောက်သောခေါင်းဆောင်မှု ပေးနိုင်သူများသည် ပြင်းပြသောစိတ်ဓာတ်၊ မှန်ကန်သောရှုထောင့်၊ အလေးထားမှုတို့ဖြင့် အဖွဲ့အစည်း၏ ရည်ရွယ်ချက် အကောင်အထည်ဖော်သော ဖြစ်စဉ်ကို ပေးနိုင်သည်။ ယနေ့ Knowledge Workers များသည် စိတ်ပါလက်ပါ အလုပ်လုပ်ရန်အတွက် မိမိအလုပ်နှင့်ပတ်သက်သည့် ရှုထောင့်၊ အရေးပါမှုတို့ကို လိုလားကြသည်။

ပျော့ပျောင်းမှု . . .

ယခုနောက်ပိုင်း ခေါင်းဆောင်မှုလေ့လာရာတွင် စိတ်ရင်းမှန်မှု (Authenticity) ကို အထူးထည့်ပြောလာကြသည်။ မိမိကို အများကယုံကြည်စေလိုလျှင် ပင်ကိုအနေအထားအတိုင်းနေခြင်းမှာ အရေးကြီးသည်။ မိမိအနေဖြင့် ပွင့်လင်းမှုမရှိဘဲ ကွယ်ဝှက်နေသယောင် ထင်မှတ်စရာဖြစ်လျှင် (Authetic မဖြစ်လျှင်) အခြားသူများက မိမိနှင့်ပတ်သက်၍ တွေးထင်မှတ်စရာများ ရှိလာနိုင်သည်။ ထိုအခြေအနေမျိုးသည် နေထိုင်ရခက်ခဲစေနိုင်ပြီး စိတ်ရောကိုယ်ပါ အလုပ်မဖြစ်တော့ပေ။ စိတ်ရင်းအမှန်အတိုင်း ပွင့်လင်းညင်သာခြင်းမှာ ပျော့ညံ့ခြင်း မဟုတ်ဟု လက်ခံသည်။ ယခုနောက်ပိုင်းတွင် Authentic ဖြစ်ရန် သင်တန်းများပင် ရှိလာသည်။ သင်ယူခြင်းမှာ စိတ်ရင်းအမှန်ကို ဆန့်ကျင်သလိုဖြစ်သည်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း ပုံမှန်နေရဲထိုင်ရဲခြင်းအလေ့ကိုရရန်အတွက် အခွင့်အရေးပေးခြင်းဖြစ်သည်။

Emotional Intelligence (ခံစားမှုဉာဏ်ရည်) . . .

Emotional Intelligence (ခံစားမှုဉာဏ်ရည်) သဘောထားတစ်ခုမှာလည်း Authenticity နှင့် အလားတူ အရေးထားလာသော သဘောပင်ဖြစ်သည်။ Self Awareness (မိမိကိုယ်ကိုသိခြင်း)၊ Self-management (မိမိခံစားမှုကို ထိန်းနိုင်ခြင်း) တို့မှာ မိမိနှင့်ဆိုင်ပြီး Social Awareness (စာနာမှုကရုဏာစိတ်) နှင့် ဆက်ဆံရေးကို စီမံခန့်ခွဲခြင်းတို့ ဖြစ်သည်။

ကွဲပြားသောဟန်များ . . .

ခေါင်းဆောင်မှုဟန်ကို အမျိုးမျိုးခွဲခြားသတ်မှတ်သည်ကို တွေ့နိုင်သည်။ ပညာရှင် Patricia Pitcher က မတူကွဲပြားသော ဟန်သုံးမျိုးကို ခွဲခြားဖော်ပြသည်။

အနုပညာရှင် - စိတ်ကူးကောင်း၊ လှုံ့ဆော်နိုင်မှု၊ အမြင်ရှိခြင်း၊ စွန့်စားစွမ်းဆောင်၊ စိတ်ခံစားတတ်ခြင်း

လက်မှုပညာရှင် - တည်ငြိမ်သင့်တင့်မျှတ၊ ဆင်ခြင်ဆုံးဖြတ်၊ ကြိုတင်ခန့်မှန်း၊ ယုံကြည်ကိုးစားနိုင်

နည်းပညာရှင် - ဦးနှောက်သုံး၊ အသေးစိတ်လိုက်၊ အလျှော့မပေး၊ ခေါင်းမာ


အခြေအနေတစ်မျိုးစီအတွက် ခေါင်းဆောင်မှု ပုံစံတစ်မျိုးစီက ပိုသင့်တော်သည်ဟု ဆိုသည်။ 'ဆောက်လုပ်လိုလျှင် အနုပညာရှင်ကို ခေါ်ပါ၊ အခြေအနေကို ခိုင်မာစေချင်လျှင် လက်မှုပညာရှင်ခေါ်ပါ၊ ကိုယ်လုပ်ရမှာ မလုပ်ချင်တဲ့အလုပ်မျိုးဆိုရင် နည်းပညာရှင်ကို ခေါ်ပါ (ဥပမာ - အလုပ်ထုတ်ရမည့်ကိစ္စ)' ဟု ဆိုပါသည်။

အချုပ်အနေဖြင့်ဆိုရသော် Leadership နှင့် ပတ်သက်ခိုင်မာသည့် သီအိုရီ ဒီနေ့အထိ မတွေ့ရသေးဟု ဆိုပါသည်။ အများလက်ခံနိုင်မည့် Leadership Theory ဆိုပါက ကြိုတင်ပြောနိုင်ပြီး မှန်ကန်မှုကိုရရမည် (တစ်နည်းအားဖြင့် မှန်ကန်တဲ့ ကြိုတင်ပြောဆိုမှုလုပ်နိုင်ရမည် (Predictability)။ သို့သော်လည်း ပြည့်စုံသည့်  Leadership Theory ထွက်ပေါ်လာနိုင်ရန် အချိန်ကတော့ ရောက်နေပြီဟုလည်း ဆိုကြသည်။ ထိုသို့ဆိုလျှင် လုပ်ငန်းစီမံခန့်ခွဲမှုမှာ နောက်နှစ် ၂၀ အတွက် အကြီးမားဆုံး ဖြစ်ပေါ်တိုးတက်မှုဟု ပြောနိုင်မည်ဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)