KT Group နဲ့ Revolution Precrafted တို့ လက်မှတ်ရေးထိုးပွဲ

KT1

မြန်မာနိုင်ငံမှာ လုပ်ငန်းခွဲပေါင်းများစွာ လုပ်ကိုင်နေတဲ့ KT Group နဲ့ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ခြံမြေဆိုင်ရာလုပ်ငန်းဖြစ်တဲ့ Revolution Precrafted တို့က  မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရည်ရွယ်ပြီး သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်က Yangon Restaurant မှာ ပြုလုပ်ခဲ့ပါတယ်။

KT Group ဟာ ၁၉၅၀ ပြည့်နှစ်မှ စတင်ကာ အိမ်ရာမြေဖော်ထုတ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ စွမ်းအင်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် လယ်ယာလုပ်ငန်းကဏ္ဍအထိ လုပ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံရဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Revolution Precrafted ကုမ္ပဏီက နည်းပညာအခြေပြု အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ တစ်ခုတည်းသော ကုမ္ပဏီတန်ဖိုး တစ်ဘီလီယံကျော် တန်ဖိုးရှိတဲ့ Start-up ဖြစ်ပါတယ်။ ဗိသုကာပညာရှင်တွေ၊ ဒီဇိုင်းပညာရှင်တွေ၊ အနုပညာရှင်တွေ အများကြီးနဲ့ပူးပေါင်းကာ ခေတ်မီပြီးတော့ အရည်အသွေးမြင့်ဝန်ဆောင်မှုတွေပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။ ကုမ္ပဏီတည်ထောင်သူ Robbie Antonio ဆိုသူက ဒီဇိုင်းရေးဆွဲသူနဲ့ Property Developer ဖြစ်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုပြီး အိမ်ရာတွေ၊ ဟိုတယ်တွေ၊ အိမ်ထောင်ပရိဘောဂတွေ၊ ယာယီတဲစခန်းတွေနဲ့ ရုံးအဆောက်အအုံတွေနဲ့ ကြိုတင်ပုံဖော်ထုတ်လုပ် ဒီဇိုင်းချထားတဲ့နေအိမ်တွေကို ဆောက်လုပ်ပေးတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ၃၆ စတုရန်းမီတာရှိ Origin ပုံစံ အိမ်တွေနဲ့ ၂၃ စတုရန်းမီတာရှိတဲ့ Cubic Basis အိမ်ပုံစံတွေကို သွင်းယူတည်ဆောက်သွားမှာဖြစ်ကြောင်း၊ Prefabricated အိမ်တွေဟာ သုံးလကနေ ခြောက်လအတွင်းသာ ကြာမြင့်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံအိမ်ရာမြေလုပ်ငန်းအတွက် KT Group နဲ့ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်တွေကို Revolution Precrafted မှ CEO ဖြစ်သူ Robbie Antonio ကို မေးမြန်းခဲ့ပါတယ်။

KT2

Robbie Antonio

Founder & CEO

Revolution Precrafted

~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်မယ့်အချိန်

---------------

ဒီနှစ်ကုန်ပိုင်းလောက်မှာ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပြုလုပ်မယ့် အိမ်ခြံမြေလုပ်ငန်းတွေအတွက် Revolution Precrafted ကုမ္ပဏီက ၁.၂ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ရုံးတွေ အိမ်ခန်းတွေအပြင် တခြားအဆောက်အအုံတွေ ဆောက်လုပ်ခြင်းလုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ လုပ်ငန်းတွေကို ရန်ကုန်မှာပဲ စတင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ဖန်တီးထားတဲ့ အရာတွေအားလုံးကို မြန်မာနိုင်ငံ Market က ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

အိမ်ရာဈေးနှုန်းတွေက ဘယ်လောက်ကနေစတင်ပါသလဲ

------------------------

အခုလတ်တလောကတော့ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ပတ်ဝန်းကျင်မှာရှိပါတယ်။ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်ကို လိုက်ပြီးတော့ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံ ဈေးကွက်နှုန်းထားထက် မနည်းမများ အနေအထားကို ပေးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်အစောပိုင်းမှာ Prefab Homes ဖန်တီးသူတွေက ဒူဘိုင်းမှာရှိတဲ့ The World's Islands Projects မှာ ၃.၂ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုမီနီယံနဲ့ ဟိုတယ်ဗီလာတွေ ဆောက်လုပ်ဖို့ သဘောတူညီချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ KT Group နဲ့ ပူးပေါင်းထားတဲ့ နှစ်ဦးနှစ်ဖက်သဘောတူညီချက်တွေကို အခြေခံပြီး လုပ်ဆောင်ပါမယ်။

မြန်မာနိုင်ငံရဲ့ အနေအထားကိုလိုက်ပြီး နည်းပညာကို ပြောင်းလဲမှာလား၊ နိုင်ငံတကာနည်းပညာအတိုင်းပဲ သုံးမှာလား

--------------------------

နည်းပညာပိုင်းကတော့ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ နောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့အရာကိုလည်း ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ အိမ်တွေကို သုံးလကနေ ခြောက်လအတွင်း ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။ ဆောက်လုပ်တဲ့နေရာမှာလည်း ကမ္ဘာ့အကောင်းဆုံး ဒီဇိုင်နာတွေက ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ လှပမှုကို အခြေခံရုံတင်မကဘဲနဲ့ နေထိုင်အသုံးပြုမှုလွယ်ကူအောင်ပါ သေချာလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

အရစ်ကျငွေချေစနစ်ပါဝင်ပါသလား

--------------------------

အိမ်ရာလုပ်ငန်းမှာ ငွေပေးချေမှုပုံစံက တကယ်ကို အရေးပါပါတယ်။ ကျွန်တော်တို့ ပြုလုပ်ထားတဲ့အရာတွေက နေထိုင်သူတွေအတွက် လွယ်ကူစေဖို့ကို ရည်ရွယ်ပြီး လုပ်ဆောင်ထားတာဖြစ်ပါတယ်။ နောက်ပြီး ဈေးကွက်မှာ တကယ်ကို အဆင်ပြေအံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ဈေးနှုန်းပိုင်းဆိုင်ရာမှာ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံက တကယ်ကိုလှပတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကို အခုလိုပြုလုပ်ပေးရတဲ့အတွက် တကယ်ကို ထူးခြားရင်ခုန်ပါတယ်။ အများကြီးလည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့လို Global Company တစ်ခုအနေနဲ့ မြန်မာပြည်ဈေးကွက်ကို ဝင်ရောက်ခွင့်ရတဲ့အတွက်လည်း တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။