မြန်မာ့စီးပွားရေးလုပ်ငန်းရှင်အများစုသည် ခေတ်အဆက်ဆက်က တီထွင်ကြံဆမှု၊ နည်းမျိုးစုံဖြင့် ရပ်တည်နိုင်ရန်နှင့် အောင်မြင်နိုင်ရန် ကြိုးစားခဲ့ကြရပါသည်။ (သမားရိုးကျနည်းများဖြင့် ကြိုးစားကြသူများရှိသကဲ့သို့) ပါမစ်များနှင့် လုပ်ပိုင်ခွင့်များ လက်လွှဲရောင်းစားခြင်း၊ လာဘ်ထိုးခြင်း၊ အကျိုးတူပူးပေါင်းရန် အခွင့်နေရာများ ရယူလုပ်ကိုင်ခြင်း၊ အခွန်ဘဏ္ဍာများရှောင်ခြင်းတို့ လုပ်ဆောင်ခဲ့ကြပါသည်။ ယခုအခါ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများဝင်ရောက်လာခြင်း၊ မီဒီယာများ၏ လေ့လာစောင့်ကြည့်မှု အားကောင်းလာခြင်း၊ ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ခေတ်မီလာခြင်းတို့ကြောင့် ယခင်ပုံစံများဖြင့် စီးပွားရေးလုပ်ဆောင်ရန် ခက်ခဲလာပါမည်။ နိုင်ငံတကာစီးပွားရေးပုံစံမျိုး လုပ်ဆောင်လိုပါက နိုင်ငံတကာအသိဉာဏ်နှင့် အသိစိတ်ဓာတ်မျိုးဖြင့် လုပ်ဆောင်တတ်ရန် လိုအပ်ပါသည်။
Huawei ကုမ္ပဏီအုပ်စုတည်ထောင်သူ Ren Zhengfei ၏ အဆိုအရ ယခုအချိန်တွင် ဗဟုသုတအခြေခံသည့် စီးပွားရေးပုံစံဖြစ်ရာ ခေါင်းဆောင်များအနေဖြင့် မိမိတာဝန်ယူဦးဆောင်နေရသည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို ခရေစေ့တွင်းကျသိထားရန် လိုအပ်ပါသည်။
လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူများကို ခန့်အပ်ခြင်း၊ လက်ရှိမန်နေဂျာများကို ပြုစုပျိုးထောင်ခြင်း၊ လုပ်ငန်းနှင့် ပတ်သက်သည့်သတင်းများကို ဖတ်ရှုလေ့လာခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ခြင်း၊ ရက်တိုသင်တန်းများနှင့် ဆွေးနွေးပို့ချမှုများ တက်ရောက်ခြင်းတို့ဖြင့် ပြင်ဆင်ထားရန် လိုအပ်ပါသည်။
မောင်သာ