ဘဝမှာ ဘာတွေရရှိခဲ့သလဲဟု ပြန်လည်ဆန်းစစ်ရာတွင် ဘယ်လောက်အားထုတ်ခဲ့သလဲဆိုသည်က အဓိကကျပါသည်။ ထို့အပြင် ဘာကိုရွေးချယ်ခဲ့သလဲဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားရပါမည်။ အားအပြည့်အ၀ စိုက်ထုတ်ခဲ့သော်လည်း ရွေးချယ်မှုမှားယွင်းခဲ့သောကြောင့် ထိုက်တန်သလောက်မရခဲ့သည်များ ရှိခဲ့ဖူးသည်။ ရွေးချယ်မှုဟုဆိုရာ၌ တစ်ဦးချင်းစီပေါ်မူတည်၍ အမျိုးမျိုးကွဲပြားနိုင်ပေသည်။ လူတစ်ဦးချင်းစီ၏ ဖြစ်တည်မှု၊ ပညာရေးနောက်ခံ၊ အတွေ့အကြုံ၊ နေမှုပုံစံနှင့် တန်ဖိုးထားမှုပေါ်မူတည်၍ ဦးစားပေးမှုများက ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ တချို့အတွက် ရွေးချယ်စရာပေါများ၍ တချို့အတွက် ရွေးချယ်စရာနည်းပါးလှသည်။ ဤသည်မှာလည်း အထက်ဖော်ပြခဲ့သည့် လူတစ်ဦးချင်းစီ၏ နေထိုင်ဖြတ်သန်းမှုများပေါ် မူတည်လျက်ရှိနေပါသည်။
သို့ဖြစ်ရာ လူ့ဘဝလောကတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ မိမိ၏ပျော်ရွှင်ကျေနပ်မှု၊ မပျော်ရွှင်မှု၊ အဆင်ပြေမှု၊ မပြေမှုတို့သည် မိမိကိုယ်တိုင်၏ အားထုတ်မှုနှင့် ရွေးချယ်မှုတို့အပေါ်တွင်သာ မူတည်ပါလိမ့်မည်။ မိမိရွေးချယ်မှုအပေါ် ကောင်းခြင်း၊ ဆိုးခြင်းအတွက် မိမိကိုယ်တိုင်တာဝန်ယူရမည် ဖြစ်ပေသည်။
အယ်ဒီတာ