ဘယ်အချိန်မှာ အသင့်ဖြစ်မှာလဲ

လောလောဆယ်တွင် အခြေအနေအကြောင်းကြောင်းကြောင့် မြန်မာ့စီးပွားရေးတုံ့ဆိုင်းနေသော်လည်း ယခင့်ယခင်များနှင့်မတူ ပြိုင်ဆိုင်မှုအနေအထားကို သတိပြုရန်ဖြစ်ပါသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချီတက်နေသော ကျွန်တော်တို့နိုင်ငံကြီးတွင် မည်သည့်ကိစ္စမျိုးကိုမျှ 'မြန်မာ့နည်း မြန်မာ့ဟန်' ဖြင့် အကောင်အထည်ဖော်ရန် မဖြစ်တော့ပေ။ နိုင်ငံတကာနှင့် ဒေသအတွင်းဆိုင်ရာကုမ္ပဏီများအနေဖြင့် နည်းပညာ၊ ငွေရေးကြေးရေး၊ ဗဟုသုတ၊ ဈေးကွက်အားသာမှုတို့ဖြင့် ဈေးကွက်ကို စနစ်တကျ ထိုးဖောက်သွားမည်ဖြစ်ပါသည်။ ဤတွင်လည်း မဟာဗျူဟာအမျိုးမျိုးရှိရာ (က) အလံစိုက်ထားခြင်း (ခ) ဈေးကွက်ကို အသိပေးခြင်း (ဂ) ဈေးကွက်ကို အဆင့်ဆင့်အလိုက် ထိုးဖောက်ခြင်းတို့ ဖြစ်ပါသည်။

လက်ရှိ Taxi လုပ်ငန်းတွင်ပင် ဈေးကွက်ရယူမှုအတွက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြသည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ ကနဦး Hello ၊ Oway ၊ ဒေသတွင်းမှ Grab ၊ နိုင်ငံတကာမှ UBER တို့အနေဖြင့် ကားငှားစီးသူတို့၏ အကျိုးအတွက် ဝန်ဆောင်မှုကို ပြိုင်ဆိုင်နေကြပြီဖြစ်ပါသည်။ ဤနေရာတွင် အာရှနိုင်ငံ၏ ဥပမာလေးတစ်ခုကိုကြည့်လျှင် အလားတူ Taxi လုပ်ငန်းများ တည်ထောင်ခဲ့သော Tencent နှင့် Alibaba တို့သည် အစကနဦးတွင် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သူမျှအကျိုးမရှိမှန်း သဘောပေါက်သွားသဖြင့် နှစ်ဦးပူးပေါင်း၍ UBER ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။

အလားတူမကြာသေးမီကပင် ဂျာမနီကိုယ်စားပြု METRO အုပ်စုကြီးအနေဖြင့် YOMA အုပ်စုနှင့် လက်ကားရောင်းဝယ်ဖြန့်ဖြူးမှုလုပ်ဆောင်ရန် ပူးပေါင်းသကဲ့သို့ Unilever အနေဖြင့် ပြည်တွင်းအုပ်စုကြီးဖြစ်သော Europe & Asia Commerical (EAC) နှင့် အကျိုးတူပူးပေါင်းရန် သဘောတူညီခဲ့ကြပါသည်။ အပေါ်ယံတွင် တည်ငြိမ်နေသော ပင်လယ်ပြင်၏ မျက်နှာပြင်ကဲ့သို့ ရေအောက်တွင် လှုပ်ရှားမှုများ ရှိနေတတ်ရာ မည်သူနှင့်မည်သူ ညှိနှိုင်းဆောင်ရွက်နေသည်ကို ခန့်မှန်းရန်ခက်ခဲပါသည်။

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြိုင်ဆိုင်ရန် ခက်ခဲသည်မှန်သော်လည်း ဦးဆောင်သူ၏ အမြော်အမြင်၊ နာမည်ကောင်းရှိခြင်း၊ လုပ်ငန်းစာရင်းဇယားများကို စနစ်တကျထားရှိခြင်း၊ မိမိ၏အမှတ်တံဆိပ်ကို စနစ်တကျပြင်ဆင်ဈေးကွက်ရှာခြင်းတို့ဖြင့် မိမိ၏အနေအထားကို ထိန်းသိမ်းထားနိုင်ပါကြောင်း။

မောင်သာ