ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ် . . .
ကျွနု်ပ်တို့ဟာ စစ်ပွဲကို ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဆုတ်သာတက်သာ ဆောင်ရွက်တိုက်ခိုက်ခဲ့လို့ အောင်ပွဲခံခဲ့တာဖြစ်ကြောင်း လူတွေကို ပြောပြတဲ့အခါ လူတွေက သဘောမပေါက်ကြပါဘူး။ ကျွနု်ပ်တို့စစ်ပွဲ အောင်နိုင်ခဲ့တာဟာ နည်းဗျူဟာတွေ သုံးခဲ့လို့ဆိုတာကိုတော့ လူတွေအားလုံးသိကြပါတယ်။ ဒါပေမဲ့ ရန်သူကို ချေမှုန်းနိုင်အောင် အဲဒီနည်းဗျူဟာတွေကို ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာ မသိကြဘူး။ နည်းဗျူဟာတစ်ခုတည်း သုံးလို့ စစ်အောင်သွားတာမျိုးမရှိပါဘူး။ အခြေအနေကိုလိုက်ပြီး နည်းဗျူဟာတွေလည်း အမျိုးမျိုး မရေတွက်နိုင်အောင် ပြောင်းလဲသုံးကြရတာ ဖြစ်တယ်။
စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေသများဟာ ရေနဲ့ သဘောသဘာဝတူတယ်။ ရေရဲ့သဘောသဘာဝက မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းတာပဲ။ အောင်မြင်တဲ့ စစ်ဆင်ရေးနည်းဥပဒေသဆိုတာ ရန်သူရဲ့ အားသာချက်ကို ရင်မဆိုင်ဘဲ ရှောင်သွေပြီး သူ့ရဲ့အားနည်းချက်ကိုပဲ ဖိပြီးတိုက်ခိုက်တာဖြစ်တယ်။ ရေဟာ မြေရဲ့ အနိမ့်အမြင့်အနေအထားကိုလိုက်ပြီး စီးဆင်းရာလမ်းကြောင်းပြောင်းတယ်။ စစ်သားကလည်း ရန်သူရဲ့ အခြေအနေကိုလိုက်ပြီး အောင်မြင်ရေးနည်းလမ်းကို ရှာဖွေသုံးစွဲသွားတယ်။
ဒါကြောင့် စစ်ဆင်ရေးမှာ ပုံသေအနေအထား ယူထားတာမရှိဘူး။ အမြဲမပြောင်းလဲတဲ့ နည်းဗျူဟာလည်း မရှိဘူး။ အခြေအနေအရ ပြောင်းလဲလုပ်ကိုင်နိုင်သူဟာ မြင့်မြတ်မှန်ကန်တယ်။ ဓာတ်ကြီးငါးပါးထဲမှာ ဘယ်ဓာတ်ကမှ အားအကြီးဆုံးမဟုတ်ဘူး။ ရာသီလေးပါးထဲမှာ ဘယ်ရာသီမှ အမြဲထာဝရဖြစ်ပေါ်နေတာမဟုတ်ဘူး။ နေ့ရက်တွေဆိုရင်လည်း တချို့က တိုတောင်းကြတယ်။ တချို့ကရှည်လျားကြတယ်။ ဒါဆိုရင်လည်း တစ်ခါတစ်ရံ ဆုတ်သွားတယ်။ တစ်ခါတစ်ရံတက်လာတာပါပဲ။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
-----------------------
စီးပွားရေးတိုးတက်နှုန်းကျဆင်းတဲ့ အချိန်မျိုးတွေမှာ အဲဒီအချက်ကို အခွင့်ကောင်းယူကာ လက်သွက်ကြသူများဟာ ဈေးသက်သက်သာသာနဲ့ ဈေးကွက်ကိုရယူသွားနိုင် ကြ တယ်။ ၂၀၀၉ ခုနှစ်တုန်းက Sun Microsystems က IBM ကို လွှဲပြောင်းလုပ်ကိုင်ဖို့ လေလံကို ရှောင်လွှဲခဲ့တယ်။ ဒီအခါ Oracle က ချက်ချင်းဝင်ရောက်ပြီး Sun ကို IBM က မူလပေးတဲ့ လေလံဈေးထက်နည်းနည်းပဲပိုတဲ့ ငွေနဲ့ ဝယ်ယူနိုင်သွားတယ်။
ဆုတ်သာတက်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းရဲ့ ဆန့်ကျင်ဘက်ကတော့ အသေစွဲကိုင်ထားခြင်းဖြစ်တယ်။ အဲဒီလို အသေစွဲကိုင်လုပ်ကိုင်နေပြီဆိုရင်တော့ ရလဒ်ကို ကြိုပြောလို့ရတယ်။ ပြိုင်ဘက်က ဒီအချက်ကို သိပြီး ရှေ့ဘယ်လိုဖြစ်မလဲဆိုတာ ပြိုင်ဘက်က သိသွားရင် ဆုံးရှုံးဖို့ အလားအလာတွေဖြစ်တယ်။
အောင်မြင်ဖို့ဆိုတဲ့ကိစ္စဟာ မလွယ်ပါဘူး။ ကြိုတင်အစီအစဉ်လုပ်တာနဲ့အတူ အကောင်အထည်လည်း တစ်ပြိုင်နက်လုပ်ရတယ်။ အစီအစဉ်ရေးဆွဲရာမှာ အခြေအနေလိုက်ပြီး ပြောင်းလဲရေးဆွဲသင့်တာ ရေးဆွဲရတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံက အသုံးပြုခဲ့တဲ့ လျှပ်တစ်ပြက်စစ်ဆင်ရေးဟာ ဆွန်ဇူးတင်ပြခဲ့တဲ့ ရေတိုရဲ့သဘာဝဟာ အဟန့်အတားများကို ကွေ့ပတ်ကာစီးဆင်း တယ်ဆိုတဲ့ သဘောတရားကို အသုံးချသွားတာ တွေ့ရတယ်။ ဂျာမနီဟာ ရှေ့တန်းတစ်မျက်နှာတို့ အကျယ်ကြီးယူကာ ဆောင်ရွက်တာဖြစ်တယ်။ ခုခံမှုနဲ့ကြုံတဲ့အခါ ကွေ့ဝိုက်ရှောင်ရှားပြီးယူကာ တိုးဖောက်သွားနိုင်ခဲ့တယ်။ ပထမပင်လယ်ကွေ့စစ်ပွဲ အစည်းအဝေးမဟာမိတ်တပ်များရဲ့ စစ်ဦးစီးဗျူဟာ အဲဒီနည်းကို သုံးခဲ့တယ်။
စီးပွားရေးလုပ်ငန်းတွေမှာလည်း ဒီနည်းကို သုံးနိုင်တယ်။ အဟန့်အတားအပိတ်အဆို့တွေကို ကွေ့ဝိုက်ရှောင်ရှားကာ မိမိတို့ရဲ့ အရည်အချင်းတွေကို အကျိုးရှိနိုင်တဲ့နေရာမှာ အာရုံစိုက်သုံးစွဲသွားသင့်တယ်။
ညွန့်သောင်း