မြန်မာနိုင်ငံရဲ့ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Web Portal တစ်ခုဖြစ်တဲ့ JobNet.com.mm က ကြီးမှူးပြီး Job Net Banking & Finance Career Conference 2017 ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံအတွင်းက ဘဏ်လုပ်ငန်းစနစ်များ အခုလက်ရှိထက် ပိုမိုဖွံ့ဖြိုးရန်နဲ့ ငွေကြေးပိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ်များ လိုအပ်နေမှုကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး ပွဲကျင်းပခြင်းဖြစ်ပြီး ဒီကဏ္ဍများမှ အလုပ်ရှာဖွေရေးကျွမ်းကျင်သူပေါင်း တစ်ထောင့်ငါးရာကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ပွဲတွင် Platinum စပွန်ဆာအဖြစ် CB ဘဏ်၊ UAB ဘဏ်နဲ့ MyWorld Careers ၊ Gold စပွန်ဆာအဖြစ် True Money ၊ MAB ဘဏ် ၊ Wall Street English တို့က ပံ့ပိုးပေးထားကြပြီး အခြားငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်တဲ့ UMG ၊ MIB ၊ Deloitte ၊ ရိုးမဘဏ်နဲ့ J Sat တို့ကလည်းပါဝင်ပြီး အလုပ်အကိုင်များ တိုက်ရိုက်ခေါ်ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံစာရင်းကိုင်အသင်း၊ Myanmar Institute of Finance နဲ့ Win Thin & Associates တို့မှ ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လာရောက်ဟောပြောပေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုတာများကို ဆွေးနွေးခဲ့ကြပါတယ်။
ပွဲမှာပါဝင်ပြသခဲ့သူ UAB Bank မှ CEO & Spceial Advisor to Chairman Mr Christopher Loh နဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့သူ ဒေါ်ကင်ချောစုတို့ကို ပွဲနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။
Mr Christopher Loh
CEO & Special Advisor to Chairman
UAB Bank
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ မင်းရဲ့အမြင်ကို ပြောပြပေးပါ . . .
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက နုနယ်သေးတယ်လို့ ထင်ပါတယ်။ ပြောင်းလဲမှုတွေ ဝင်လာတော့မှာပါ။ အခုကျွန်တော်တို့လိုပဲ စာရင်းအင်းပိုင်းဆိုင်ရာစံနှုန်းသစ်တွေ ဝင်လာပါလိမ့်မယ်။ ဘဏ်လုပ်ငန်းဆိုင်ရာစာရင်းစစ်နည်းပညာပိုင်းမှာလည်း ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ပိုများလာပါလိမ့်မယ်။ တွေ့လာရနိုင်တဲ့ အခက်အခဲကတော့ ဘဏ်လုပ်ငန်းကဏ္ဍအတွက် လုပ်သားအင်အားပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ဘဏ်လုပ်ငန်းနဲ့ ငွေကြေးပိုင်းကိုပဲ အထူးပြုပြီး ကျင်းပပေးတဲ့ Career Fair မျိုးက ရှေ့လျှောက်မယ့်လမ်းကြောင်းမှာ ဘဏ်လုပ်ငန်းကဏ္ဍမှာရှိတဲ့ အခွင့်အရေးတွေကို လူတွေကို သိအောင်လုပ်ဖို့ ကူညီရာမှာ အလွန်ကောင်းမွန်ပါတယ်။ ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကျွမ်းကျင်လုပ်သားလိုအပ်ချက်က ပိုမိုများပြားလာမှာဖြစ်ပြီး ဒီအတွက် ဒီလိုအလုပ်အကိုင်ပြပွဲကနေ လူတွေသိအောင် လုပ်နိုင်မှာဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းနဲ့ ငွေကြေးပိုင်းဆိုင်ရာအလုပ်တွေကို စတင်လုပ်ကိုင်တော့မယ့်သူတွေအတွက် ဘာအကြံပေးချင်ပါသလဲ . . .
အကြံပေးချင်တဲ့ ပထမတစ်ချက်က စူးစမ်းသိချင်စိတ်ရှိဖို့ပါ။ ဒုတိယအချက်က သင်ယူဖို့ဆန္ဒပြင်းပြရပါမယ်၊ လုပ်ငန်းက အခုမှ အစပိုင်းအခြေအနေမှာဖြစ်နေတဲ့အတွက် ဒီအချက်တွေက အရေးကြီးပါတယ်။ အလုပ်အပေါ် ပေါ့ပေါ့တန်တန်လေး မတွေးစေချင်ပါဘူး၊ အလုပ်ကို ကိုယ့်အသက်မွေးကြောင်းအနေနဲ့ စဉ်းစားရမယ်၊ အလုပ်အပေါ် နှစ်သက်စွဲလမ်းမှုရှိရပါမယ်။ ဘဏ်ကိုလည်း ဘဏ်လို့ပဲ မတွေးစေချင်ဘူး၊ ကျွန်တော်တို့ရှိနေတဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြီးအကျိုးပြုနိုင်တဲ့လုပ်ငန်းတစ်ခုလို့ စဉ်းစားရင် ရပါပြီး ကျွန်တော်တို့ဆိုရင်လည်း ဘဏ်ကို ဖွင့်လှစ်တဲ့ရည်ရွယ်ချက်ကိုက ကျွန်တော်တို့နဲ့ ထိစပ်လုပ်ကိုင်နေတဲ့ လူတစ်ဦးချင်းစီနဲ့ လုပ်ငန်းတွေကို ကူညီဖို့ပါ။ ဒါကြောင့် ဘဏ်မှာလုပ်တဲ့ဝန်ထမ်းတွေကလည်း ဘဏ်အတွက်ပဲမဟုတ်ပဲ လူ့အဖွဲ့အစည်းကို ပြန်ပြီးအကျိုးပြုဖို့ လုပ်ကိုင်နေတယ်ဆိုတာကို သိထားသင့်ပါတယ်။
ဒီလို Career Conference မျိုးက မြန်မာနိုင်ငံက အလုပ်ရှာဖွေသူတွေရဲ့ဈေးကွက်ကို ဘယ်လိုအကျိုးပြုစေမလဲ . . .
မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းက တိုးတက်လာနေပါတယ်။ ဒီလိုမျိုးပွဲက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လို့ ထင်ပါတယ်။ ဒီလိုမျိုး ဘဏ်လုပ်ငန်းနဲ့ငွေကြေးအတွက် သီးသန့် Career Conference ကို တက်ရောက်ခြင်းက ပွဲတက်သူတွေကို အသိပညာတွေ့ခွင့်စေပါတယ်။ ဒီပွဲကနေ အလုပ်ရသူပေါင်း နှစ်ထောင်၊ သုံးထောင်လောက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ဒီပွဲက ဘဏ်လုပ်ငန်းကဏ္ဍကပေးနိုင်တဲ့ အရာတွေနဲ့ပတ်သက်ပြီး အများကြီးနားလည်ဖို့ လူတွေကို အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ပွဲမှာဆိုရင် မတူညီတဲ့ Background က Speaker တွေရဲ့ ဟောပြောဆွေးနွေးမှုတွေလည်း ပါဝင်တယ်။ အလုပ်ရှာဖွေနေသူတွေအနေနဲ့ ဘဏ်လုပ်ငန်းမှာလုပ်နေတဲ့အရာတွေ၊ အခွင့်အလမ်းတွေ၊ ရှေ့ဆက်နေတဲ့ တိုးတက်မှုတွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော၊ နိုင်ငံတကာအမြင်နဲ့ရော ရှုမြင်ချက်တွေနဲ့ပတ်သက်ပြီး ပိုပြီးသိရှိလာမယ်လို့ ယုံကြည်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပွဲမှာ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းကဏ္ဍတိုးတက်ဖို့ နည်းပညာက ဘယ်လိုအထောက်အပံ့ပေးနိုင်တယ်ဆိုတာပါ။ ဒါကြောင့် ဒီပွဲလေးက အလုပ်ရှာဖွေနေသူတွေအနေနဲ့ မတူတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ် ကောင်းမွန်စွာရှုမြင်စေနိုင်သလို၊ ကိုယ်ရွေးချယ်မယ့် အသက်မွေးဝမ်းကြောင်းအလုပ်အကြောင်းကို ပိုမိုသိရှိပြီး ဆုံးဖြတ်ချက်ချနိုင်စေမှာဖြစ်ပါတယ်။
ဒေါ်ကင်ချောစု
Managing Partner
Katalysts Investment Group
ပွဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဘဏ်နဲ့ ငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်လုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက် အကြံပေးချင်တာတွေ . . .
ဒီနေ့ကျွန်မဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ မြန်မာပြည်ရဲ့ Banking နဲ့ Finance မှာ ဘယ်လိုမျိုး ဝန်ထမ်းတွေလိုအပ်တယ်၊ သူတို့ရဲ့ Skill က ဘယ်လိုမျိုးဖြစ်ဖို့ အရေးကြီးတယ်ဆိုတာတွေပါပဲ။ ပွဲကို လာတက်တဲ့သူတွေထဲမှာ အလုပ်ရှာနေတဲ့သူတွေ၊ ကျောင်းသူကျောင်းသားတွေပါဝင်ပါတယ်။ ဒါကြောင့် သူတို့အတွက် လိုအပ်တဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာပါ။ ကျွန်မအနေနဲ့ Education System အရပြောရရင် အလွတ်ကျက်တာ အရမ်းများတယ်။ အလွတ်ကျက်တာများတဲ့အခါကျတော့ အလုပ်ခွင်ထဲရောက်ရင် ဆက်ပြီးတော့မလုပ်နိုင်ကြပါဘူး။ ကျောင်းမှာ ဘယ်လောက်တော်တော် အလုပ်ခွင်ထဲရောက်ရင် ကိုယ်လုပ်မဲ့အလုပ်နဲ့ ကိုယ်ရထားတဲ့ဘွဲ့နဲ့ အပ်စပ်ချင်မှ အပ်စပ်မှာဖြစ်ပါတယ်။ ဘဏ်တွေမှာ တချို့ဆို Physics နဲ့ ကျောင်းပြီးလာတဲ့လူငယ်တွေရှိပါတယ်။ အဲဒီလို ကလေးတစ်ယောက်က ဘဏ်မှာအလုပ်ဝင်နေပြီဆိုရင် စာရင်းကိုင်တို့၊ စီးပွားရေးတို့နဲ့ ကျောင်းပြီးပြီး အလုပ်ဝင်တဲ့ လူငယ်တွေထက်တော့ ပိုပြီးအားစိုက်ထုတ်ရမှာပါ။ ပိုကြိုးစားပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ရပါမယ်။
ဒီထက်ပိုပြီးအရေးကြီးတာက လူငယ်တွေက Soft Skill မှာ အားနည်းတယ်။ ဥပမာ- Team Work မှာ ဘယ်လိုမျိုးတူတူ လက်တွဲလုပ်မလဲဆိုတာမျိုး၊ Stress ကို မခံနိုင်ကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ကျောင်းမှာဆိုရင် စာမေးပွဲနီးလို့စာကျက်တဲ့ Stress လေးပဲရှိတယ်။ ကျန်တဲ့လိုအပ်ချက်တွေကို မိဘတွေက ဖြည့်ဆည်းပေးကြတယ်။ လုပ်ငန်းခွင်ထဲမှာကျတော့ ကိုယ့်ကိုယ်ကိုယ် Manage လုပ်ရတယ်။ ကိုယ့်အလုပ်လည်း Manage လုပ်ရတယ်၊ ဘေးကလူနဲ့လည်း တည့်အောင်နေရတယ်။ အပေါ်ကကိုယ့်ရဲ့ Supervisor နဲ့လည်း Relationship ကောင်းအောင်တည်ဆောက်ရတယ်။
မြန်မာပြည်မှာက လူငယ်တွေအတွက် ပထမဦးဆုံးအလုပ်က ကိုယ်ဝင်လိုက်တဲ့အလုပ်ဖြစ်နေတယ်။ Prepare လုပ်ဖို့ အချိန်မရှိဘူး။ ဖြစ်နိုင်တဲ့အခါကျရင် ကျောင်းသားဘဝမှာ အချိန်တွေအများကြီးရှိတယ်။ ကျောင်းသုံးလပိတ်တဲ့အခါမှာ Part Time အလုပ်လေးသွားလုပ်ဖို့ ကျွန်မအကြံပေးချင်ပါတယ်။ တခါတလေကျရင် ကိုယ့်မိသားစုအသိုင်းအဝိုင်းထဲမှာ အသေးစားစီးပွားရေးလုပ်တဲ့သူတွေ ရှိချင်ရှိမယ်။ ဥပမာ- အဒေါ်၊ အစ်ကိုတို့ရဲ့ဆိုင်မှာ တစ်ပတ်မှာ သုံးရက်လောက်ဝင်လုပ်ပါ။ အဲဒီလိုမျိုးလေးလုပ်ခြင်းအားဖြင့် လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာသိသွားမယ်။ Time Management မှာပိုပြီးတော့ အားသာလာမယ်။ ဥပမာ- ကိုယ်သွားမယ့်အလုပ်နဲ့ အချိန်ကို နားလည်သွားမယ်၊ ကိုယ်ရမဲ့လခနဲ့ ကိုယ်သုံးမဲ့ပိုက်ဆံကို စီစစ်တတ်သွားမယ်။
ကိုယ့်ဘဝအတွက်အကျိုးရှိမယ့် ဘဝအတွေ့အကြုံတွေကို ငယ်ငယ်တည်းက သင်ယူထားရမယ်။ အလုပ်ခွင်ဝင်တဲ့အခါ သင်ယူစရာတွေအများကြီးရှိပါတယ်။ Technical Skill လည်းသင်ရမယ်၊ Soft Skill လည်းသင်ရမယ်၊ Language လည်း အားနည်းလို့ သင်ရမယ်ဆိုရင် လူတစ်ယောက်က တစ်ချိန်ထဲမှာ အများကြီးမသင်ယူနိုင်တဲ့အတွက် အရေးကြီးတဲ့အရာကို အရင် Focus လုပ်ထားသင့်ပါတယ်။
ကျွန်မအတွေ့အကြုံအရ ဘဏ်လုပ်ငန်းမှာဆိုရင် အလုပ်ဝင်မယ့် လူငယ်တစ်ယောက်ကို အင်္ဂလိပ်စာကောင်း မကောင်း အရင်ကြည့်တယ်။ ပြီးတော့မှ ဘဏ်လုပ်ငန်းကို ပြန်သင်ပေးတယ်။ ကျွန်မကိုယ်တိုင်လည်း အလုပ်ခန့်ဖို့ စဉ်းစားရင် ဘယ်ဘာသာစကားတွေတတ်သလဲဆိုတာကို အရင်ကြည့်ပါတယ်။ ဥပမာ ဘွဲ့ရလူငယ်တစ်ယောက်က ကိုရီးယားနဲ့ကျောင်းပြီးတာလား၊ ပြင်သစ်နဲ့ ကျောင်းပြီးတာလားဆိုပြီး ဘာသာစကားကျွမ်းကျင်မှုကို အရင်ကြည့်တယ်။ ကျွန်မတို့ဘက်က လုပ်ငန်းပိုင်းဆိုင်ရာ Training လုပ်ပေးလို့ရတယ်၊ ဘာသာစကားလေ့ကျင့်ပေးတာမျိုးကို မလုပ်ပေးနိုင်တဲ့အတွက် ဒီလိုကြည့်ရတာဖြစ်ပါတယ်။
Career တစ်ဆစ်ချိုးပြောင်းလဲချင်သူတွေအတွက် အကြံပြုချက် . . .
Mid Career ထဲမှာ ရောက်နေတဲ့သူတွေကိုလည်း စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ Career ကို ကိုယ်ဘယ်လိုပြုပြင်နိုင်မလဲဆိုတာကို ပြန်စဉ်းစားကြည့်ပါ။
အရင်တုန်းကဆိုရင် MBA တွေ၊ Master တွေ တတ်ချင်ရင် နိုင်ငံခြားမှာသွားတက်ရတယ်။ အခုဆိုရင် ကျွန်မတို့လက်ထဲမှာ Opportunity ရှိနေပြီ၊ ရန်ကုန်မှာ နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတဲ့ကျောင်းတွေရှိတယ်။ အဲဒီအတွက် ကောင်းတဲ့ကျောင်းမှာ သွားတက်ပါ။
သုတေသနတွေအရ လူတစ်ယောက်က တစ်သက်မှာ အလုပ်ငါးခုလောက်တော့ပြောင်းလေ့ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အဓိကက ကိုယ့်မှာဘာ Skill ရှိလဲဆိုတာ သိအောင်လုပ်ရပါမယ်။ ဥပမာ ကိုယ်က Accounting ကို ကျွမ်းကျွမ်းကျင်ကျင် သိတယ်၊ အင်္ဂလိပ်ဘာသာစကားလည်း ရတယ်ဆိုရင် နိုင်ငံခြားဘဏ်လုပ်ငန်းမှာ သွားလုပ်ရင်လည်း လုပ်နိုင်ပါမယ်။ Accounting ပညာက ကိုယ့်ကို တံခါးဖွင့်ပေးပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကိုယ်လိုချင်တဲ့နေရာကို တန်းရောက်ချင်မှရောက်မယ်။ ကိုယ်လိုချင်တဲ့နေရာနဲ့ ကိုယ့်ကိုပေးမယ့်နေရာက တူချင်မှ တူမယ်၊ လစာလည်းအရင်ကထက် နည်းရင်နည်းသွားမယ်၊ ရာထူးနည်းနည်းလျော့သွားမယ်၊ အဲဒီလိုမျိုးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ်က Skill မရှိသေးဘူးဆိုရင် ဖြည့်ရမယ်။