လုပ်ငန်းအီးမေးလ်ရေးတဲ့အခါ အသုံးဝင်စေမယ့် နည်းလမ်း ၃၇ ခု

jobemail

၁။ ကျေးဇူးတင်စကားဆိုပါ။

-----------------------------

ဘယ်လောက်ပဲ သေးငယ်တဲ့ကိစ္စဖြစ်ပါစေ၊ တစ်စုံတစ်ယောက်က အချိန်ပေးပြီး ကိုယ့်ကိုကူညီတဲ့အခါမျိုးမှာ အီးမေးလ်ရဲ့အဆုံးမှာ ကျေးဇူးတင်စကားပြောတာက ယုံကြည်မှုတည်ဆောက်ရာကျပါတယ်။

၂။ စာကြောင်းတစ်ကြောင်းစီက စာလုံးတစ်လုံးကို ဖယ်ထုတ်ပါ။

----------------------------------

စာရေးရခြင်းအကြောင်းက ကိုယ်ပြောလိုတဲ့အကြောင်းအရာကို စာလက်ခံသူဆီရောက်ဖို့ပါ။ ဒါကြောင့် အီးမေးလ်တစ်စောင် ရေးပြီးပြီဆိုရင် အဲဒီထဲက မလိုအပ်တဲ့ စာလုံးတစ်လုံးကို ဖယ်ထုတ်ပါ။

၃။ စာပိုဒ်တစ်ပိုဒ်စီက စာကြောင်းတစ်ကြောင်းကို ဖယ်ထုတ်ပါ။

-----------------------

အီးမေးလ်ကို သုံး၊ လေးပိုဒ်လောက်ထိ ရေးနေမိပြီဆိုရင် အဲဒါက တကယ်ရောလိုအပ်သလားဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ မလိုဘူးလို့ယူဆရင် ဖယ်ထုတ်လိုက်ပါ။ စာကြောင်းက တိုတိုနဲ့ထိမိလေ၊ ပိုကောင်းလေပါ။

၄။ နောက်ဆုံးရာဇသံပေးတာမျိုးမလုပ်ပါနဲ့။

-----------------------------------

ကိစ္စတစ်စုံတရာနဲ့ပတ်သက်လို့ နောက်ဆုံးသတ်မှတ်ရက် နီးလာကြောင်း Client ဆီ အီးမေးလ်ပို့တဲ့အခါ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမထိခိုက်ရအောင် စကားလုံးအသုံးအနှုန်း ချိုသာရပါမယ်။

၅။ စိတ်ရှုပ်နေချိန် အကြောင်းမပြန်ပါနဲ့။

-------------------

စိတ်ခံစားမှုတစ်ခုခုရှိနေချိန်မှာ အီးမေးလ်ရေးပို့ခဲ့မိတဲ့အတွက် နောင်တစ်ချိန်မှာ နောင်တရကောင်း ရနိုင်ပါတယ်။ စိတ်ရှုပ်နေချိန်မှာ အီးမေးလ်မပို့ပါနဲ့။ ကိုယ့်ရဲ့ စိတ်တိုစရာအကြောင်းကိစ္စက ပိုကြီးလေ၊ အီးမေးလ်ပို့ဖို့ စောင့်ရမယ့်အချိန် ပိုယူရလေဖြစ်ပါတယ်။

၆။ အရေးကြီးတဲ့အီးမေးလ်ဆိုရင် ပြန်စစ်ဆေးစေပါ။

----------------------------------

အရေးကြီးတဲ့ အီးမေးလ်ရေးပြီးရင် ကိုယ့်ကိုယ်ဝေဖန်နိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးကို ပေးဖတ်ပြီး ပြန်လည်စစ်ဆေးစေပါ။ အဲဒါက အမှန်တကယ်အကျိုးရှိပါတယ်။

၇။ CC ထည့်တာနဲ့ပတ်သက်ပြီး ဂရုပြုပါ။

--------------------

CC ထဲမှာ ထည့်ထားသူဆိုတာ တစ်ခါတရံမှာ သူတို့က အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အဲဒါကို မသိဘဲ CC မှာ ဖြုတ်ခဲ့ရင် တခြားသူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဘာမှပြောမဆိုဘဲ CC ထဲကနေ လူတွေကို တမင်တကာ မဖြုတ်ပစ်ပါနဲ့။

၈။ CC ထည့်တာကို စေ့စပ်ညှိနှိုင်းရေးနည်းအနေနဲ့ သုံးပါ။

---------------------

ဆိုလိုတာက ကိုယ်အဓိကဆက်သွယ်ချင်တဲ့ပုဂ္ဂိုလ်ဆီက အကြောင်းပြန်စာမရတဲ့အချိန်မှာ CC ထည့်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးဆီကနေ အကြောင်းပြန်စာရရှိနိုင်တာကြောင့် အသုံးဝင်လာနိုင်ပါတယ်။

၉။ ''အီးမေးလ်က ပို့သင့်ရဲ့လား'' ဆိုတာ မေးခွန်းထုတ်ပါ။

-------------------

အကြံပြုခြင်း၊ မေးမြန်းခြင်း၊ တိုင်တန်းခြင်း၊ တောင်းဆိုခြင်း၊ ဆွေးနွေးခြင်းစတဲ့ ဘယ်လိုအီးမေးလ်မှာမဆို ရည်ရွယ်ချက်ဆိုတာရှိပါတယ်။ တစ်ခါတလေမှာ အဲဒီ ရည်ရွယ်ချက်ကို မေ့နေတတ်ပါတယ်။ အီးမေးလ်ပို့လိုက်တာကြောင့် တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးကို ဘယ်လိုသက်ရောက်မှုရှိစေမလဲဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါ။ အီးမေးလ်ပို့ရမယ့် အကြောင်းအရာက မျက်နှာချင်းဆိုင် ဆွေးနွေးဖို့သင့်တဲ့အရာမျိုးဆိုရင် လူချင်းတွေ့မှသာ ပြောပါ။

၁၀။ အတုံ့အလှည့်သဘောကို နားလည်ပါ။

---------------------------------

ကိုယ်က အီးမေးလ်များများပို့ရင် များများလက်ခံရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အီးမေးလ် Inbox ထဲမှာ အီးမေးလ်စောင်ရေနည်းချင်ရင် ကိုယ်ကလည်း နည်းနည်းပဲပို့ပါ။

၁၁။ Unsend/ Undo Function အသုံးပြုပါ။

-----------------------------------

Gmail ထဲက Unsend/Undo Function က တကယ့် အသက်ကယ် Function တစ်ခုပဲဖြစ်ပါတယ်။ ၁၀ စက္ကန့် ကနေ ၁ မိနစ်အထိ Interval ကို သတ်မှတ်ထားနိုင်ပြီး အဲဒီအချိန်အတောအတွင်း အီးမေးလ်ပို့ပြီးမှ တစ်ခုခုမှားခဲ့ရင် Undo ကိုနှိပ်ပြီး ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

၁၂။ စာလုံးပေါင်းစစ်ပါ။

-------------------------

ဒါက အပေါ်ယံဆန်တယ်ဆိုပေမယ့် ကိုယ်ရဲ့စာအရေးအသားနဲ့ စာလုံးပေါင်းတွေနဲ့ပတ်သက်လို့ လူတွေက ဝေဖန်ကြမှာပါ။ အမှားတွေ အများကြီးမပါအောင် ကြိုးစားပါ။

၁၃။ 'ဦးစားပေး' အဆင့်သတ်မှတ်ပါ။

------------------

တချို့အီးမေးလ်တွေက သိပ်အရေးတကြီးမဟုတ်ဘူး။ အချိန်ယူလို့ရတယ်။ ဒါကြောင့် ကိုယ့်အတွက် အရေးကြီးတယ်လို့ ယူဆရတဲ့ အီးမေးလ်တွေကို ပြထားတာမျိုးလို စနစ်တစ်ခုလုပ်ထားပါ။

၁၄။ အကြံပြုချက်က အပြုသဘောဆောင်ပါစေ။

----------------------

အကြံပြုချက်ပေးပို့တဲ့အခါ မကောင်းမြင်တဲ့အပြောတွေထက် ကျေးဇူးတင်၊ ချီးမွမ်းတာတွေကို များများရေးပါ။ ဒါမှကိုယ့်ရဲ့ အကြံပြုစာ Box ထဲမှာ ကောင်းတာလေးတွေ ပြည့်နေမှာပါ။

၁၅။ ကိုယ့်ရဲ့အီးမေးလ်ထဲမှာ မေးခွန်းတွေရှိနိုင်သလား။

------------------------------

ရှိနိုင်ပါတယ်။ လူနှစ်ယောက်အပြင်မှာတွေ့ပြီး စကားပြောဆိုဆက်ဆံကြတာနဲ့စာရင် အီးမေးလ်ပေးပို့ပြီး ဆက်သွယ်ပြောဆိုကြရတဲ့အခါ အထူးသဖြင့် ကိုယ်နဲ့မရင်းနှီးတဲ့သူတွေနဲ့ အီးမေးလ်ပို့ပြီး ဆက်သွယ်ရတဲ့အခါ ပြောစရာမရှိ ဖြစ်တတ်ကြတယ်။ အဲဒီလိုတွေ မယူဆပါနဲ့။ အီးမေးလ်ကနေလည်း မေးခွန်းတွေမေးပြီး ရင်းနှီးမှုရယူနိုင်ပါတယ်။

၁၆။ လူချင်းတွေ့မလား၊ အီးမေးလ်နဲ့လား။

--------------------------

အိတ်သွန်ဖာမှောက် ပြောရတော့မယ့်ကိစ္စဆိုရင် အီးမေးလ်ကတစ်ဆင့်ပြောတာက ပိုပြီးထိရောက်မယ်လို့ ကိုယ်တကယ်ထင်ရဲ့လား။ စကားပြောရတာ အခက်အခဲတွေ မရှိရအောင် နောက်ကွယ်ကနေ ကြိုတင်ဆက်သွယ်မလားဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးပါ။

၁၇။ ကိုယ့်ကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့။

--------------------

လူတိုင်းမှာ ကိုယ်စီပူပန်မှုတွေ ရှိနေကြပြီးသားပါ။ ဘာကြောင့် ပိုဆိုးအောင်လုပ်မှာလဲ။ လူတွေက သူတို့ဘာပြောခဲ့လဲဆိုတာတွေထက် ကိုယ်က သူတို့ကိုဘယ်လိုခံစားရစေလဲဆိုတာကို ပိုပြီးမှတ်မိကြတယ်လို့ ဆိုပါတယ်။

၁၈။ အရောင်လေးတွေ သုံးပါ။ Space ခြားသင့်တဲ့နေရာမှာ ခြားပါ။

--------------------------

အီးမေးလ်ပို့တဲ့အခါ စာကအရှည်ကြီးဖြစ်နေတယ်ဆိုရင် ဘယ်သူမှစာပိုဒ်တွေချည်း သက်သက်မဖတ်ချင်ကြပါဘူး။ အချက်ကလေးတွေနဲ့ ဖော်ပြတာ၊ အရောင်လေးတွေနဲ့ ဖတ်လို့လွယ်ကူအောင် ဖော်ပြပေးတာမျိုးတွေလုပ်ပါ။

၁၉။ အချိန်မဖြုန်းပါနဲ့။

-----------------------

တစ်စုံတစ်ယောက်က ကိုယ့်ကို ''ကျေးဇူးတင်ပါတယ်'' လို့ အီးမေးလ်ပို့လာတဲ့အခါ ဘယ်လိုအကြောင်းပြန်ရင် ကောင်းမလဲဆိုပြီး ထိုင်စဉ်းစားနေမိတတ်ကြပါတယ်။ စကားဆက်က ဘယ်မှာအဆုံးသတ်သွားလဲဆိုတာကို သိပါ။ ဆုံးနေပြီဖြစ်တဲ့စကားကို ပြန်ဆက်ဖို့မကြိုးစားပါနဲ့။

၂၀။ အီးမေးလ်ပို့မယ့်အကြောင်းရင်းကို ကိုယ့်ကိုယ်ကိုယ်မေးပါ။

--------------------------------------

တစ်ခါတစ်ရံမှာ ကိုယ်က တစ်ခုခုကို တောင်းဆိုချင်တယ်၊ ဒါပေမဲ့ စကားကလိုရင်းမရောက်ဘူး။ ကိုယ်က တိုက်ရိုက်မပြောချင်ဘဲ တစ်ဖက်လူ နားလည်သွားတာမျိုးကို မျှော်လင့်တတ်ကြတယ်။ အဲဒီလိုမဖြစ်နိုင်ပါဘူး။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကိုယ်သေချာသိထားမှ သူများနားလည်အောင်ပြန်ပြောနိုင်မှာပါ။

၂၁။ Inbox ရှင်းတာနဲ့ တစ်နေမကုန်ပါစေနဲ့။

------------------------

''ဒီနေ့တစ်နေကုန် Inbox ကို ထိုင်ရှင်းမယ်'' ဆိုတာက နည်းဗျူဟာတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ကိုပေးထားတဲ့ အလုပ်တာဝန်တွေမှာလည်း Inbox ကို နေ့စဉ်ရှင်းရမယ်လို့ ပါဝင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ Inbox ရှင်းနေတာနဲ့ တစ်နေကုန်တာမျိုးတော့ မဖြစ်သင့်ပါဘူး။

၂၂။ စနေ၊ တနင်္ဂနွေတွေမှာ အီးမေးလ်မပို့ပါနဲ့။

------------------------------

အရေးပေါ်ကိစ္စဆိုရင် ဖုန်းဆက်သင့်ပါတယ်။ အားလပ်ရက်တွေမှာ ဘယ်သူမှအီးမေးလ်ကို မဖတ်ချင်ကြပါဘူး။

၂၃။ အိပ်ခါနီးအချိန်မှာ အီးမေးလ်ဖွင့်မကြည့်ပါနဲ့။

------------------------

Notification တွေကို ပိတ်ထားပါ။ မဟုတ်ရင် ဝင်လာတဲ့အီးမေးလ်တွေကို ဖတ်ကြည့်မိပြီး အီးမေးလ်ထဲက အကြောင်းအရာတွေနဲ့ အလုပ်ကိစ္စတွေကို လျှောက်တွေးမိပြီး အိပ်မပျော်ဘဲ ဖြစ်တတ်ပါတယ်။

၂၄။ အကြောင်းပြန်စာကို အရှည်ကြီးပြန်မပို့နိုင်သေးရင်တောင် စာကိုလက်ခံရရှိကြောင်းပြပါ။

--------------------------

အီးမေးလ်ကို အကြောင်းပြန်ဖို့ အချိန်ယူမှဖြစ်မယ်ဆိုပြီး တစ်ဖက်ကို ဘာမှအကြောင်းမပြန်တာမျိုးမလုပ်ပါနဲ့။ ပို့လိုက်တဲ့စာကို ရရှိကြောင်း၊ ဘယ်နေ့မှာ အကြောင်းပြန်ပေးမယ့်အကြောင်း စာတိုလေးပို့တာက တစ်ဖက်က ပို့သူကိုလေးစားရာရောက်ပြီး စိတ်သက်သာရာရစေမှာပါ။

၂၅။ စကားပြောနေရင်း အီးမေးလ်မဖတ်ပါနဲ့။

-------------------------

အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်းလုပ်တဲ့အခါ ဦးနှောက်က အာရုံစိုက်မှုအားနည်းသွားတတ်ပါတယ်။ စကားပြောရင်း အီးမေးလ်တွေဖတ်တဲ့အခါ အမှုမဲ့အမှတ်မဲ့နဲ့ အီးမေးလ်တွေ ရောထွေးသွားစေနိုင်ပြီး လူမှားပို့တာတွေဖြစ်နိုင်ပါတယ်။

၂၆။ အီးမေးလ်ကိုအခြေခံပြီး လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို မဝေဖန်ပါနဲ့။

-------------------------------

ကိုယ်နဲ့ အီးမေးလ်ဆက်သွယ်နေတဲ့သူနဲ့က သိကျွမ်းတာ မကြာသေးဘူး၊ တစ်ယောက်ရဲ့ ကိုယ်ပိုင်ဟန်ပြောစကားတွေ၊ ဟာသတွေကို နားမလည်သေးဘူးဆိုရင် သူက ဘယ်လိုလူဆိုတာကို ကောက်ချက်ချမစောလိုက်ပါနဲ့။

၂၇။ စာချုပ်ကိစ္စတွေကို အီးမေးလ်က ဆွေးနွေးတာက လူချင်းတွေ့တာထက် ပိုလွယ်ကူပါတယ်။

--------------------------

စာချုပ်ကိစ္စတွေ ညှိနှိုင်းဆွေးနွေးတဲ့အခါ ပုဂ္ဂိုလ်ရေးခံစားမှုတွေ ဘေးဖယ်ပြီး အချက်အလက်တွေ၊ ဦးစားပေးစနစ်တွေနဲ့ ပြောဆိုရတာဖြစ်တဲ့အတွက် အီးမေးလ်ကတစ်ဆင့် ဆောင်ရွက်တာက ပိုလွယ်ကူစေပါတယ်။

၂၈။ လစဉ်တိုင်း ကိုယ်မဖတ်တဲ့ Subscription တွေရှင်းပါ။

----------------

Subscribe လုပ်ထားပြီး ကိုယ်မဖတ်ဖြစ်တဲ့စာတွေကို ဖျက်ပစ်ပါ။

၂၉။ တစ်ပတ်ကို တစ်ရက်လောက် အီးမေးလ်မစစ်ဘဲနေပါ။

------------------

သတ်မှတ်ထားတဲ့ အဲဒီရက်မှာ အီးမေးလ်ဖွင့်မကြည့်ပါနဲ့။ ပန်းခြံထဲ လမ်းလျှောက်ထွက်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့ပါ။ မိသားစုကို အချိန်ပေးပါ။ အီးမေးလ်အတွက် အချိန်များများပေးလေ၊ ကိုယ့်ပျော်ရွှင်ချိန် လျော့နည်းလေဖြစ်ပါတယ်။

၃၀။ အီးမေးလ် Tab ကို ဖွင့်မထားပါနဲ့။

--------------------------

Browser ထဲက အီးမေးလ် Tab ကို မလိုအပ်ဘဲ ဖွင့်မထားပါနဲ့။ ကိုယ့်မှာ တခြားလုပ်စရာတွေရှိနေရင် အီးမေးလ်ကို မကြည့်မိအောင် ပိတ်ထားလိုက်ပါ။

၃၁။ စာလုံးမည်းတာ၊ စောင်းတာ၊ မျဉ်းသားတာတွေကို တအားမသုံးပါနဲ့။

----------------------

အရေးကြီးတယ်ဆိုရင် အရေးကြီးကြောင်းပြောပါ။ စာလုံးမည်းတာ၊ စောင်းတာကို ခေါင်းစဉ်တွေကို ဖော်ပြရာမှာပဲ သုံးသင့်ပါတယ်။

၃၂။ လူချင်းတွေ့မေးပါ၊ ဖုန်းခေါ်ပါ။

-------------------------

အီးမေးလ်နဲ့ရေးတဲ့အခါ ကိုယ်ပြောချင်တဲ့အတိုင်း တိတိကျကျဖော်ပြနိုင်အောင် စကားလုံးအသုံးအနှုန်း သေချာရွေးချယ်နေရတတ်ပါတယ်။ ဖုန်းနဲ့ပြောလို့ အဆင်ပြေမယ့်ကိစ္စမျိုးဆိုရင် အီးမေးလ်ကို တအားမမှီခိုပါနဲ့။

၃၃။ စကားလုံးကြီးကြီးတွေ မသုံးပါနဲ့။

------------------------------

ရာထူးကြီး၊ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ စကားပြောတဲ့အခါ ယုံကြည်မှုမရှိသလိုခံစားမိတတ်ကြပါတယ်။ ဒါပေမဲ့ ရာထူးမြင့်လေလေ၊ သူတို့သုံးတဲ့စကားအသုံးအနှုန်းက ရိုးရှင်းလေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က လိုရင်းကိုပဲပြောတယ်၊ စကားကို ဖွဲ့နွဲ့မနေပါဘူး။

၃၄။ ကိုယ့်အီးမေးလ်လက်ခံမယ့်သူကို သိပါ။

----------------------

ဆိုလိုတာက ကိုယ့်ပို့လိုက်တဲ့ အီးမေးလ်ကို လက်ခံသူဖက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ခန့်မှန်းပြီး လက်ခံသူကို နားလည်အောင်၊ အတွေးပေါက်အောင် ရည်ရွယ်ပြီးရေးပါ။

၃၅။ Smiley သင်္ကေတတွေ သုံးနိုင်ပါတယ်။

-------------------------------

ကိုယ့်အီးမေးလ်လက်ခံသူအပေါ်မူတည်ပါတယ်။ ဒီနေ့ခေတ်မှာက အဲဒီလိုသင်္ကေတသုံးတာကို သိပ်ဂရုမစိုက်တော့ပါဘူး။ ရံဖန်ရံခါမှပဲ သုံးသင့်ပါတယ်။

၃၆။ နှုတ်ဆက်စကားဆိုတဲ့အခါ အာမေဋိတ်သင်္ကေတ (!) မသုံးပါနဲ့။

အီးမေးလ်စစချင်းမှာ Hi ၊ Hey စသဖြင့် နှုတ်ဆက်စကားဆိုတဲ့အခါ Hi! ၊ Hey! ဆိုပြီး ''!'' မသုံးသင့်ပါ။ အာမေဋိတ်သင်္ကေတက ကိုယ့်စကားကို အလေးအနက်မဟုတ်သလိုဖြစ်သွားစေပါတယ်။

၃၇။ ဘာမျှော်လင့်ချက်မှမထားဘဲ အီးမေးလ်ကနေ အသုံးဝင်တဲ့အရာလေးတွေ ဝေမျှပါ။

-------------------------------------

အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို အီးမေးလ်က ဝေမျှပါ။ အဲဒီအတွက် အကြောင်းပြန်စာတစ်စုံတစ်ရာရဖို့ မမျှော်လင့်ပါနဲ့။