နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရပ်ခြားအတွေ့အကြုံရှိသူ၊ Middle East ၊ Far East နဲ့ ကမ္ဘာအနှံ့မှာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့သူ၊ Al Fahim Group ရဲ့ပထမဆုံးသော Non-Family Member အဖြစ် အုပ်ချုပ်ရေးတာဝန်တွေကို ယူခဲ့သူ၊ Jardine Matheson ရဲ့ Myanmar Country Chairman ဖြစ်သူ Peter Beynon နဲ့တွေ့ဆုံဖြစ်ခဲ့စဉ် လုပ်ငန်းခွင်အတွေ့အကြုံများ၊ Family Business မှာ ဝင်ရောက်လုပ်ကိုင်တဲ့အခါ သိထားသင့်တာတွေနဲ့ Jardines အုပ်စုများအကြောင်း အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
Jardines အုပ်စုရဲ့ပေါ်လစီကို သိပါရစေ . . .
Jardines ဆိုတာက လွန်ခဲ့တဲ့ ၁၈၃၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ Trading ကုမ္ပဏီအဖြစ်စတင်ခဲ့တဲ့ အဖွဲ့အစည်းပါ။ James Matheson နဲ့ William Jardine တို့က Far East ကုန်သွယ်ရေးတစ်ခုကို ပြုလုပ်ခဲ့တယ်။ UK ၊ အိန္ဒိယနဲ့တရုတ်တို့ကို လက်ဖက်ရည်၊ ပိုးထည်၊ ဟင်းခတ်အမွှေးအကြိုင်တွေ ကုန်သွယ်တယ်။ အဲဒီအချိန်မှာ Jardine and Matheson ဆိုတဲ့ ကုမ္ပဏီက လျင်လျင်မြန်မြန်ပဲ British Empire မှာ အကြီးမားဆုံး ကုန်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်လာတယ်။ အခုဆိုရင် Jardines လို့ပြောရင် Jardines ဆိုတဲ့ Brand တစ်ခု တည်းတင်မဟုတ်ဘဲ Jardine Pacific ၊ Jardine Motors Group ၊ Dairy Farm ၊ Hongkong Land တို့ ၊ Jardine Lloyd Thompson (JLT) ၊ Mandarin Oriental The Hotel Group ၊ Jardine Cycle & Carriage နဲ့ ASTRA International စတဲ့ Brand တွေကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။ Jardines ဆိုတာထက် ပိုများတဲ့ Brand တွေကို တွေ့နိုင်ပါတယ်။ အာရှနေရာတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က North Asia ဖြစ်တဲ့ ဟောင်ကောင်ကနေ တရုတ်အထိ အားအင်အပြည့်အဝနဲ့ ကစားတာတွေ ရှိနေတယ်။ အခုဆိုရင် ကျွန်တော်တို့ အရှေ့တောင်အာရှရဲ့ နေရာမျိုးစုံမှာလည်း ပါဝင်နေပြီ။ ထိုင်းနိုင်ငံအပြင် ဗီယက်နမ်မှာလည်း Big Business တွေရှိနေပြီ။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ကိုလည်း ဝင်ရမယ့်အချိန်ရောက်ပြီ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီနေရာတွေမှာ ရှိကိုရှိရမှာ။ ဘယ်တိုင်းပြည်လဲဆိုတဲ့ မေးခွန်းထက်၊ အသင့်လျော်ဆုံးအချိန်မှာ အသင့်လျော်ဆုံးနေရာတွေကို စီးပွားရေးတွေ တိုးချဲ့လာဖို့ဖြစ်တယ်။ ဘယ်အချိန်ကတော့ Hongkong Land ဝင်ဖို့အချိန်လဲ၊ ဘယ်အချိန်ကတော့ Dairy Farm ဝင်ဖို့အချိန်လဲဆိုတာ သိရမှာဖြစ်ပြီး စဉ်းစားရာမှာ အချိန်က နံပါတ်တစ်ဖြစ်တယ်။ နောက်တစ်ခု နည်းပညာပိုင်းအနေနဲ့ ဘယ်လိုဝင်နိုင်မလဲဆိုတာတွေ စဉ်းစားရမယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကျွန်တော်တို့တစ်ခုတည်း လုပ်လို့မရတာတွေ ရှိသလို၊ ကျွန်တော်တို့ တစ်ခုတည်းလုပ်သင့်တာတွေနဲ့ Joint Venture အနေနဲ့ ပူပေါင်းရမယ့် Partner ရှိဖို့ လိုတယ်။ ဥပမာ- Pizza Hut လိုလုပ်ငန်းမျိုး၊ Auto-mobile လိုလုပ်ငန်းမျိုးတွေက မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် အင်အားတောင့်တင်းကြံ့ခိုင်ပြီး သင့်လျော်မှုအရှိဆုံး Partner လိုအပ်တယ်။ Dairy Farm ကို သွင်းလာဖို့ဆိုရင်လည်း သက်ဆိုင်ရာကဏ္ဍမှာ အသင့်လျော်ဆုံးဖြစ်တဲ့ Partner လိုသလို Hongkong Land ဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းဆိုရင်လည်း ကျွန်တော်တို့ Joint Venture ရှာရင်ရှာ၊ ဒါမှမဟုတ်လည်း ကျွန်တော်တို့နဲ့ အတွေးအခေါ်၊ ဆန္ဒတူညီသူတွေနဲ့ Partner အဖြစ် ပူးပေါင်းလုပ်ကိုင်ဖို့လိုတယ်။ ကျွန်တော်တို့ Jardines ရဲ့ပေါ်လစီက ''တစ်ယောက်ယောက်ကို လက်ထပ်ဖို့ဆိုတာ ဘဝတစ်သက်တာ လက်တွဲဖို့ပဲ။ ကျွန်တော်တို့တွေက မြန်မြန်ဆန်ဆန်ကြီး ကွာရှင်းပြတ်စဲဖို့ မဟုတ်ဘဲ ရေရှည်ဆက်ဆံရေးအနေနဲ့ တည်ရှိဖို့ဖြစ်ပါတယ်။ ဒီနေ့တွေ့ နက်ဖြန်လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန်အတော်ကြာတွေ့ပြီး သေချာမှ စေ့စပ်မယ်၊ နောက်တစ်ဆင့် လက်ထပ်တယ်ဆိုတဲ့ အဆင့်ကိုသွားမယ်။'' ဒါကြောင့် အချိန်နည်းနည်းတော့ ယူလိမ့်မယ်။ အချိန်များများယူလေ ကိုယ့်ရဲ့ Joint Partner အကြောင်း ပိုသိလေပဲ။ သူ့အကြောင်း ပိုသိလေ နက်နဲတဲ့စီးပွားရေးဆိုင်ရာ တူညီတဲ့ရည်မှန်းချက်၊ ဦးတည်ချက်တွေ၊ စီးပွားရေးလုပ်နည်းလုပ်ဟန်တွေအကြောင်း ပိုသိလေဖြစ်မယ်။ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့သူကို ကျွန်တော်တို့ ထားသွားမှာမဟုတ်ဘူး။ သာမန်အခြေအနေမျိုးဆိုရင် ကျွန်တော်တို့ တစ်ဘဝလုံးစာ လက်ထပ်ဖို့ ရည်ရွယ်ထားပါတယ်။
Jardines အုပ်စုရဲ့ ၂၀၁၄ ခုနှစ် Profit . . .
Jardine Pacific 131US$m 8%
Jardine Motors 97US$m 6%
Jardine Lloyd Thompson 85US$m 5%
Hongkong Land 384US$m 25%
Dairy Farm 320US$m 21%
Mandarin Oriental 59US$m 4%
Jardine Cycle & Carriage 50US$m 3%
Astra 439US$m 28%
Jardines ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ စုစုပေါင်း US$ ၁,၅၆၅ သန်း ရရှိပြီး Corporate and other interests US$ ၃၁ သန်း နုတ်လိုက်ပါက Underlying Profit US$ ၁,၅၃၄ သန်း ရရှိထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Jardines အုပ်စုရဲ့အစီအစဉ်မှာ တွေ့ရတဲ့အခက်အခဲ . . .
ကျွန်တော်တို့ မြန်မာနိုင်ငံကို ရေရှည်အတွက် ရည်မှန်းခဲ့တယ်။ Jardines ဆိုတာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀ ကျော်လောက်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့ Internatioanl Beverages Trading Company Group (IBTC) နဲ့ပူးပေါင်းပြီး Jardine Cycle & Carriage Automobile Myanmar Co Ltd ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့တယ်။ Mercedes Benz ၊ Mazda နဲ့ Fuso Brand ကားတွေကို မြန်မာနိုင်ငံရဲ့ Distributor အနေနဲ့ရော Service Provider အနေနဲ့ပါ လုပ်ကိုင်တယ်။ နောက်ပြီး City Mart Holding နဲ့ပူးပေါင်းပြီး Pizza Hut ကို နိုဝင်ဘာလလောက်မှာ ဖွင့်ဖို့ စီစဉ်ထားတယ်။
နောက်ထပ်ပူးပေါင်းလုပ်ကိုင်မယ့် အဖွဲ့တွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ စီးပွားရေးပူးပေါင်းမလုပ်ခင် Pre Qualify အနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ့်သူတွေက SDN List ထဲမှာပါလို့မရဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သေချာဂရုစိုက်လုပ်ဆောင်တယ်။ သင့်လျော်တဲ့သူတွေဆိုရင် ကျွန်တော်တို့ Engage လုပ်ဖို့ မနှောင့်နှေးပါဘူး။ ပြီးတော့ အသင့်လျော်ဆုံးအချိန်ကို ရောက်ပြီဆိုရင် ကျွန်တော်တို့စီးပွားရေးပူးပေါင်းလုပ်ကိုင်မှာဖြစ်ပါတယ်။
ပထမတစ်ချက်က စီးပွားရေးပိတ်ဆို့ထားကြောင်း တရားဝင်ကြေညာထားတဲ့ စာရင်းထဲပါဝင်နေတဲ့ ပုဂ္ဂိုလ်ပိုင်တဲ့အဖွဲ့အစည်းမဖြစ်ရဘူး။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်နေသေးတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပိုင်းက အချိန်ကျဆိုပေမဲ့ အားနည်းတာတွေရှိနေသေးတယ်။ Dairy Farm ကို လာလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်လုပ်ဖို့ အစိုးရက ခွင့်မပြုပါဘူး။ Joint Venture အဖြစ် ပူးပေါင်းဖို့သာ ဖြစ်နိုင်ပါတယ်။
Country Chairman တစ်ယောက်ရဲ့ အခန်းကဏ္ဍ . . .
Country Chairman တာဝန်က Local Platform ကို Regional Platform အဖြစ် ဆက်ပေးရတာပေါ့။ Day to Day Operation မှာ မပါဝင်ပေမဲ့ Link တွေအားလုံးကို ချိတ်ဆက်ပေးသူပေါ့။ Family Business မှာ အလုပ်လုပ်မယ့် Professioanl တစ်ယောက်အနေနဲ့ သတိထားရမယ့်ကိစ္စတွေကို သိချင်ပါတယ်။ Family Business တစ်ခုထဲကို ဝင်တော့မယ်ဆိုရင် အဲဒီလုပ်ငန်းရဲ့အကြောင်းကို သိအောင် ကိုယ့်အိမ်စာကိုယ် ကျေညက်ဖို့လိုတယ်။ ကိုယ်ဟာ ဒီလုပ်ငန်းနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား၊ ကိုယ်က ဒီလုပ်ငန်းနဲ့ လိုက်လျောညီထွေဖြစ်အာင် ညှိနှိုင်းနိုင်မလား၊ ဒီလုပ်ငန်းကို နားလည်နိုင်ဖို့လောက်အထိ စိတ်ရှည်ရဲ့လား၊ သူတို့တွေရဲ့ Vision က ဘာလဲ၊ သူတို့က ဘယ်လိုလူမျိုးတွေလဲ စတာတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တယ်။ ပထမဆုံးအနေနဲ့ သေချာလုပ်သင့်တာက ဒီမိသားစုနဲ့ ပတ်သက်ပြီး သေချာသိအောင် ကိုယ့်အိမ်စာကိုယ်လုပ်ပါ။ ဘယ်မိသားစုလုပ်ငန်းမှာပဲ လုပ်ကိုင်ပါစေ ကိုယ့်ရဲ့ CV မှာ အဲဒီမိသားစုနာမည် ပါလာမှာဖြစ်တယ်ဆိုတာ သတိရပါ။
သက်ဝါဟန်