ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အပေါ် ပညာရှင်တွေရဲ့အမြင်

micaustria4

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အပေါ် ပညာရှင်တွေရဲ့အမြင် ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ Australia-Myanmar Chamber of Commerce က ကြီးမှူးကျင်းပခဲ့ပါတယ်။ ပွဲကို သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်နဲ့အတူ Australia-Myanmar Chamber of Commerce ၊ Directorate of Investment and Company Administration (DICA) ၊ International Finance Cooperation (IFC) တို့က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြရာ တာဝန်ရှိသူတချို့နဲ့ မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


micaustria1

ဦးအောင်နိုင်ဦး

Director General

Directorate of Investment and Company Administration (DICA)

လက်ရှိမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ဘယ်တော့စကျင့်သုံးမလဲ၊ ဥပဒေသစ်မှာ ဘယ်လိုအာမခံချက်တွေပါလဲ ဘာတွေထူးခြားတာပါလဲ၊ နောက်ပြီး မြန်မာနိုင်ငံထဲကို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါ နိုင်ငံခြားငွေ လွှဲပြောင်းတဲ့ကိစ္စတွေကို ဘယ်လိုလုပ်ထားပေးလဲဆိုတာတွေကို သိချင်ကြတာများပါတယ်။ သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံတဲ့အထဲမှာ မပါသေးပေမဲ့ ပညာရေးဆိုင်ရာလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ လယ်ယာကဏ္ဍဆိုင်ရာလုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ စတာတွေကို စိတ်ဝင်စားကြပါတယ်။ လက်ရှိအာဆီယံနဲ့ သြစတြေးလျ နိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့ ညှိနှိုင်းနေတာကြောင့် သြစတြေးလျဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရှိနေတယ်လို့ မြင်ပါတယ်။

အခုလောလောဆယ်မှာတော့ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာ များပါတယ်။

ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလလောက်မှာ ထုတ်ပြန်နိုင်ဖို့ ရေးဆွဲနေပါတယ်။

တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာတော့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုက နည်းသွားနိုင်ပါတယ်။ မရှိသလောက်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။ ဘာလို့လဲဆိုရင် အခုလက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ငြိမ်းချမ်းပြီးသားဒေသတွေကို ဝင်လာတာပဲ များပါတယ်။ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်နေတဲ့ဒေသမှာ ဘယ်သူမှသွားပြီး ရင်းနှီးမြှုပ်နှံမှု လုပ်မှာမဟုတ်ပါဘူး။

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကလည်း စတင်ကျင့်သုံးမယ်။ လက်ရှိ ကျွန်တော်တို့ ပြင်ဆင်ရေးဆွဲနေတဲ့ ကုမ္ပဏီဥပဒေကလည်း ၂၀၁၇ ခုနှစ်မှာ အသက်ဝင်လာမယ်။ ၂၀၁၇ ခုနှစ်မှာ ဥပဒေသစ်တွေကို စတင်သုံးစွဲလာမှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ ပိုပြီးလွယ်ကူလာမယ်၊ ပိုပြီးရှင်းလင်းလာမယ်၊ ပိုပြီးမြန်ဆန်သွက်လက်လာမှာဖြစ်တဲ့အတွက် တိုင်းပြည်အနာဂတ်က ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲက အများကြီးကောင်းပါတယ်။ ကျွန်တော်တို့က သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးပညာရှင်တွေရဲ့ စိတ်ဝင်စားမှုကို ရတဲ့ပွဲလို့ ပြောလို့ရပါတယ်။


micaustria2

Jodi Weedon

CEO

Australia-Myanmar Chamber of Commerce

ဒီနေ့ပွဲဟာ ကဏ္ဍအသီးသီးက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ၊ အဓိကအနေနဲ့ သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နဲ့ပတ်သက်ပြီး လေ့လာခွင့်ရတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက်ပြုလုပ်လိုနေကြပါတယ်။ အထူးသဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပညာရေး၊ ခရီးသွားလာရေးလုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ဖို့ စိတ်ဝင်စားနေကြပါတယ်။ သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကျွန်မတို့ကို ကမ်းလှမ်းနေတာတွေ ရှိပါတယ်။ အရင်က မြန်မာနိုင်ငံမှာ မသေချာမရေရာမှုတွေ ရှိနေသေးတာကြောင့် ရင်း နှီးမြှုပ်နှံမှုတွေ လာမလုပ်သေးတာဖြစ်ပေမဲ့ အခုအခါမှာတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ထွက်လာတော့ သူတို့တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တော်တော်လေးကို စိတ်အားထက်သန်နေကြပါတယ်။ ကျွန်မတို့က သြစတြေးလျရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ တာဝန်ယူမှုရှိတဲ့ အဖွဲ့အစည်းတွေဖြစ်ဖို့ ဆောင်ရွက်ပေးနေပါတယ်။

ဒီနေ့ပွဲကို ကျွန်မတို့ သြစတြေးလျစီးပွားရေးသံရုံးရဲ့ အဖွဲ့ဝင်တွေရော၊ အဖွဲ့ဝင်မဟုတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရော စုစုပေါင်း ၁၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပိုပြီးအသေးစိတ်ပြောရရင် ဒီနေ့ပွဲကို ရင်းနှီးမြှုပ်နှံသူ အယောက်တစ်ရာခန့် တက်ရောက်ခဲ့ပြီး ကျန်တဲ့ပွဲတက်ရောက်ခဲ့တဲ့သူတွေကတော့ တခြား စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေက တာဝန်ရှိသူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေက ဘယ်လိုရှိမယ်ဆိုတာကို စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကုမ္ပဏီတွေဟာ Corporate Governance ကို တာဝန်မြင့်မြင့်မားမားယူပြီး ဆောင်ရွက်နေသလို ကျွန်မတို့သံရုံးကလည်း သြစတြေးလျကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့အခါမှာ မြန်မာအစိုးရအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောင်ရွက်နိုင်အောင် NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။


micaustria3

Vicky Bowman

Director

Myanmar Centre for Responsible Business

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ထွက်လာတာကြောင့် နိုင်ငံတကာက လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာလုပ်တဲ့အခါမှာ အရင်ကထက်စာရင် စာရွက်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ ပိုနည်းသွားတာကြောင့် ပိုလွယ်ကူလာပါတယ်။ နောက်ပြီး MIC ကလည်း မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အခွန်ကင်းလွတ်ခွင့်တွေ ပိုပေးပြီး အသားပေးဆွဲဆောင်ထားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရရှိလာစေပါတယ်။

အရင်က မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးနေတဲ့ဥပဒေ (Myanmar National Protection Law) အရ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်ဖို့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ အခုချိန်မှာ ဒီအခက်အခဲတွေကို အထိုက်အလျောက် ကျော်လွှားနိုင်နေပြီဆိုပေမယ့် ချင်းပြည်နယ်လို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာပါ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ လာစေချင်ရင်တော့ လမ်းပန်းဆက်သွယ်ရေးပိုင်းနဲ့ ဆက်သွယ်ရေးပိုင်းတွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ သတိထားစောင့်ကြည့်နေတာတွေကတော့ အများကြီးရှိပါတယ်။ MIC ဥပဒေသစ်ဟာ သူတို့သတိထားစောင့်ကြည့်နေတဲ့အချက်တွေထဲက တစ်ခုဖြစ်တယ်ဆိုပေမယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့က ဒီတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလို့ မြင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသူတွေဟာ ရေအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲနေပေမယ့် ဒီအတွက် အခွန်ပေးဆောင်တာတွေ၊ ရေရဲ့တန်ဖိုးကို ပြန်ပေးတာမျိုးတွေ မရှိသေးပါဘူး။ စက်မှုကဏ္ဍဖွံ့ဖြိုးလာတာကြောင့် သဘာဝအရင်းအမြစ်တွေ ထုတ်ယူသုံးစွဲရတဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာရင် သဘာဝရင်းမြစ်တွေ ကုန်ခန်းသွားနိုင်တာကြောင့် အစိုးရအနေနဲ့ ဒါတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်မှုတွေ၊ အသိပညာပေးမှုတွေနဲ့ သဘာဝရင်းမြစ်မပြုန်းတီးစေရေးကို အထောက်အပံ့ပြန်ဖြစ်စေမယ့် ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။

အယ်ဒီတာအဖွဲ့