အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရှစ်နှစ်ကြာ တာဝန်ယူခဲ့တဲ့ Ben Bernanke နေရာမှာ အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ Janet Yellen က ဝင်ရောက် တာဝန်ယူဖို့ တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးအတွက် ဆီးနိတ်အမတ်တွေက မဲခွဲဆုံးဖြတ်ရာမှာ ၅၆ မဲ -၂၆ မဲနဲ့ သူ့ကို တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး Yellen ဟာ အမေရိကန် ဗဟိုဘဏ်ရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Yellen ဟာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၁၀ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်တုန်းက အိမ်ခြံမြေလုပ်ငန်း အလွန်အကျွံဖွံ့ဖြိုးပြီး ပူဖောင်းပေါက်သလို ပေါက် သွားနိုင်ခြေရှိပြီး၊ စီးပွားရေးတစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ အရင်ဆုံး သတိပေးခဲ့သူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သမ္မတ Obama က Yellen ကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်တယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Lawrence Summers ကိုလည်း ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာ Summers က အရွေးမခံဘဲ နုတ်ထွက်သွားခဲ့ပါတယ်။ သမ္မတ Obama ရဲ့ ခန့်အပ်လွှာမှာ "Janet ဟာ အမေရိကန် အလုပ်သမားတွေအတွက် ရပ်တည်ပေးပြီး စားသုံးသူတွေကို အကာအကွယ် ပေးသွားကာ မိမိတို့ရဲ့ ဘဏ္ဍာရေးစနစ်ကို တည်ငြိမ်အောင် အားထုတ်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ စီးပွားရေးကို ရှေ့လာမယ့် နှစ်များစွာအထိ ဆက်လက်ဖွံ့ဖြိုး သွားအောင် ကူညီဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်" လို့ ထည့်သွင်းဖော်ပြထားပါတယ်။ အမေရိကန်စီးပွားရေးဟာ စီးပွားရေး ကျဆင်းမှု (Great Recession) ကနေ အသင့်အတင့် ပြန်လည်နိုးထနေချိန်မှာ စီးပွားရေးပညာရှင် များစွာကတော့ Yellen ဟာ ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေဘဲ စီးပွားရေးဖွံ့ဖြိုးမှုကို ပြုစုပျိုးထောင်သွားနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
Ref: AP