ထက်အောက် ပြန်လှန်ထိုး အပြစ်တင်လက်ညှိုးတွေ

jan2017ynn1

မီးပုံးပျံစီးပြီး ခရီးနှင်လာသူတစ်ဦးဟာ သူ့ကိုယ်သူ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိ ဖြစ်နေတာကို သိလိုက်ရတဲ့အတွက် မြေပြင်ပေါ်မှာ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရတဲ့အခါ အမျိုးသမီး ကြားလောက်တဲ့နေရာအထိ ခပ်နိမ့်နိမ့် ထပ်ဆင်းလိုက်ပြီး လှမ်းမေးလိုက်ပါတယ်။ ''ဒီမှာဗျာ၊ တစ်ဆိတ်လောက်ကူညီစမ်းပါ။ ကျွန်တော် မိတ်ဆွေတစ်ယောက်ကို လွန်ခဲ့တဲ့တစ်နာရီလောက်မှာကို တွေ့ဖို့ ကတိပေးပြီး ချိန်းထားတယ်။ ဒါပေမဲ့ အခု ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်ဆီရောက်နေမှန်း မသိဖြစ်နေတယ်'' လို့ ပြောလိုက်ပါတယ်။ အမျိုးသမီးက ချက်ချင်းပဲ ''ရှင်က မီးပုံးပျံတစ်လုံး စီးနေပြီး အဲဒါက မြေပြင်ကနေ ခန့်မှန်းခြေ ပေ ၃၀ အမြင့်လောက်မှာ၊ ပြီးတော့ မြောက်လတ္တီတွဒ် ၄၀ နဲ့၄၁ ဒီဂရီကြား၊ အနောက်လောင်ဂျီတွဒ် ၅၉ နဲ့ ၆၀ ကြားမှာ ရှိနေတယ်'' လို့ ဖြေလိုက်ပါသတဲ့။ ဒီတော့ မီးပုံးပျံဆရာက '' ခင်ဗျားဟာ အင်ဂျင်နီယာ ဖြစ်ရမယ်''လို့ ပြောလိုက်တော့ အမျိုးသမီးက ဟုတ်ပါတယ်လို့ ဝန်ခံပြီး ''ရှင်ဘယ်လိုသိတာလဲ''လို့ ပြန်မေးလိုက်ပါတယ်။ ဒီတော့ ဟိုလူက ''ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားပြောနေတာတွေက နည်းစနစ်ပိုင်းအရ အမှန်တွေ ဖြစ်မှာပါပဲ။ ဒါပေမဲ့ ဒါတွေက ကျွန်တော်ဘာလုပ်သင့်တယ်ဆိုတာအတွက်တော့ ဘာမှအသုံးကျတာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့်မှာ လမ်းပျောက်မြဲ ပျောက်နေတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားက ဘာမှသိပ်အသုံးကျလှတာ မဟုတ်တဲ့အပြင် ကျွန်တော့်အတွက် ခရီးဖင့်တာပဲ အဖတ်တင်တာပဲ''လို့ ဆိုလိုက်ပါတယ်။ ဒီတော့ အမျိုးသမီးက ''ဒါဆို ရှင်ကတော့ စီမံခန့်ခွဲရေးအရာရှိထင်တယ်ဟုတ်လား'' လို့ မေးခွန်းထုတ်ပြန်တော့ ဟိုလူက မှန်ကြောင်းဝန်ခံလိုက်ပြီး ''ခင်ဗျားကော ဘယ်လိုသိတာလဲ'' လို့ ပြန်မေးလိုက်တဲ့အခါ အမျိုးသမီးက ''သြော်၊ ဒါကတော့ရှင်၊ ရှင်က ရှင့်လက်ရှိအနေအထားကိုလည်း ရှင်မသိ၊ ရှေ့ဘာဆက်လုပ်ရမယ်ဆိုတာလည်း နားမလည်၊ တကယ်တော့ ရှင်က ရှင့်ကို ဝိုင်းမြှောက်ထားတဲ့ လေပူတွေကြောင့်သာ အပေါ်ရောက်နေတဲ့သူကိုး၊ ပြီးတော့ ရှင်ဘယ်လိုတည်အောင်လုပ်ရမယ်မှန်းမသိတဲ့ ကတိမျိုးတွေကိုလည်း အလွယ်ပေးတတ်တဲ့သူဖြစ်ရုံမကဘဲ အောက်ဘက်ကလူတွေက ရှင့်ပြဿနာတွေကို ဝိုင်းရှင်းပေးကြမယ်လို့ ထင်တတ်သေးတယ်။ တကယ်တော့ ရှင့်အနေအထားက ကျွန်မတို့ မတွေ့ကြခင်ကအတိုင်းပဲ ဆက်ဖြစ်နေတဲ့ဟာလေ။ ဒါတောင် ကျွန်မအပြစ်ဖြစ်ရသေး မဟုတ်လား'' လို့ ခွန်းတုံ့ပြန်လိုက်ပါသတဲ့။         

ဥပဒေသ ။       ။ အပြန်အလှန် တန်ဖိုးထားလေးစားမှုမရှိသော ပညာရှင်နှင့် စီမံခန့်ခွဲသူတို့ဖြင့် ဖွဲ့စည်းထားသောလုပ်ငန်းသည် တစ်ဦးကိုတစ်ဦး အပြစ်ဖို့နေခြင်းဖြင့်သာ အချိန်ကုန်မည်ဖြစ်ပြီး အောင်မြင်မှု လမ်းမှန်ဆီသို့ လက်တွဲသွားရောက်ဖို့ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်