မြန်မာနိုင်ငံမှာ Stock Market ဖွင့်ပြီးကတည်းက Market ပေါ်တက်လာတဲ့ ကုမ္ပဏီတွေ လေးခုလောက် ရှိလာနေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော်သိသလောက် Stock Market ကို နောက်ထပ် ကုမ္ပဏီ လေး၊ ငါး၊ ဆယ်ခုလောက် ရောက်လာမယ်လို့ မှန်းဆရပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ နိုင်ငံခြားသားတွေလည်း Stock Market ဝင်ပြီး ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင် Stock Market က အခုထက်ပိုပြီး စည်ကားလာမှာပါ။ Stock Market မှာ Stock ဈေးက ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး အတက်၊ အကျ ဖြစ်နေတာဖြစ်တဲ့အတွက် ဈေးကွက်စည်ကားလာတာနဲ့အမျှ Stock ဈေးတွေလည်း အပြောင်းအလဲဖြစ်လာမယ်လို့ မြင်ပါတယ်။ အဲဒီအခါမှာဆိုရင် တကယ်အရည်အချင်းရှိပြီး အမြတ်ရအောင် စွမ်းဆောင်နိုင်တဲ့ကုမ္ပဏီတွေရဲ့ Stock တွေဟာ ဈေးတက်လာမှာ ဖြစ်ပါတယ်။
Stock Market ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ နေရာတွေအများကြီးထဲက တစ်ခုဖြစ်ပါတယ်။ အမေရိကန်ရဲ့ နှစ်ပေါင်းနှစ်ရာကျော် သုတေသနလုပ်ထားတဲ့ Research အရ Stock Market မှာ ရင်းနှီးမြှုပ်နှံတာဟာ တခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံတာထက် ပိုမြတ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် သူတို့ဆီမှာဆိုရင် လူတွေက ပိုက်ဆံရှိပြီဆိုရင် Stock မှာပဲ ရင်းနှီးမြှုပ်နှံကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ Stock ရဲ့ သဘောက အန္တရာယ်များတဲ့အတွက်ကြောင့် တချို့က ကိုယ်တိုင်လုပ်ကြပေမဲ့ တချို့ကျတော့လည်း ကျွမ်းကျင်တဲ့ Investor တွေရဲ့ အကူအညီနဲ့ရင်းနှီးမြှုပ်နှံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမျိုး Investment Firm တွေက အခုလောလောဆယ်အနေအထားမှာ မပေါ်လာသေးဘူး ဖြစ်နေပါတယ်။
Stock Market ဖွံ့ဖြိုးဖို့ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေလည်း အသိပညာကြွယ်ဝလာဖို့ လိုပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ လူတွေက ရွှေ၊ မြေ၊ ကား၊ ဒေါ်လာငွေစတဲ့ ထိတွေ့လို့ရတဲ့ Tangible Investment ကိုပဲ တန်ဖိုးရှိတယ်လို့ ထင်နေကြပါတယ်။ Stock လို Intangible Investment တွေမှာ ရင်းနှီးမြှုပ်နှံဖို့ကို သေချာနားမလည်သေးဘူးလို့ မြင်ပါတယ်။
နောက်ပြီး Stock Market မှာ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ ရှုံးရင် ဘဏ်တွေမှာ ငွေစုသလို အစိုးရက ကာကွယ်ပေးလို့မရဘူး။ ဒါကြောင့် အစိုးရနဲ့Stock Exchange Commission (SEC) က ဦးဆောင်ပြီး SEC မှာ အရောင်းအဝယ်ပြုလုပ်ဖို့ လိုင်စင်ချပေးထားတဲ့ ကုမ္ပဏီတွေက Stock Market မှာ ရင်းနှီးမြှုပ်နှံသင့်တဲ့အကြောင်းနဲ့ လုပ်တဲ့အခါမှာ ဘယ်လိုအန္တရာယ်တွေ ရှိတယ်ဆိုတာတွေကို ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးတာတွေ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလိုလုပ်တာကလည်း အချိန်ယူရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ Capital Market က ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်လောက်မှာ ဖွံ့ဖြိုးလာမယ်လို့ မြင်ပါတယ်။ ခြုံကြည့်ရင် Stock Market က အခုမှ စဖွင့်တာဆိုတော့ နှေးတာကတော့ ထုံးစံပါပဲ။ တခြားနိုင်ငံတွေမှာလည်း စစချင်းတုန်းက အခုလိုမျိုးပဲ အရှိန်ယူကြရပါတယ်။ ဗီယက်နမ်နဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့ဆီမှာ Stock Market စဖွင့်တုန်းက ကုမ္ပဏီနှစ်ခုပဲ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Stock Market စဖွင့်တော့ ကုမ္ပဏီသုံး၊ လေးခုရှိနေတာကြောင့် ဗီယက်နမ်ထက်စာရင် အခြေအနေပိုကောင်းတယ်လို့ ယူဆရပါတယ်။
၂၀၁၇ ခုနှစ်မှာ Stock Market မှာ ဝင်ရောက်လုပ်ကိုင်မယ့် ကုမ္ပဏီအရေအတွက်က အခုထက်ပိုများလာမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဝင်လာတဲ့အခါမှာ Stock ဈေးတွေတက်လာနိုင်တဲ့အတွက် လူတွေ Stock Market အပေါ် အရင်ကထက်တော့ ပိုပြီးအာရုံစိုက်လာမယ်လို့ မြင်ပါတယ်။
နောက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံဟာ နောက်နှစ် ၂၀ အတွင်း စင်ကာပူကို မီအောင်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုမျိုး ဖြစ်ဖို့အတွက်ဆိုရင် Bond Market ဖွံ့ဖြိုးဖို့ လိုပါတယ်။ ဘာလို့လဲဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ အရင်ဆုံး အခြေခံအဆောက်အအုံကဏ္ဍမှာ အစိုးရက ရင်းနှီးမြှုပ်နှံမှုလုပ်ပေးဖို့ လိုပါတယ်။ မြှုပ်နှံရတဲ့ ငွေပမာဏက များတဲ့အခါကျတော့ အစိုးရတစ်ခုတည်းက မတတ်နိုင်တဲ့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေကိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ခိုင်းရပါတယ်။ အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာ လေး၊ ငါး၊ ဆယ်နှစ်လောက်ကြာမှ အရင်းကြေပြီး အမြတ်ပြန်ရတာမျိုး ဖြစ်တာကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ သုံးဖို့လိုတဲ့ငွေကို ဘဏ်ကနေချေးယူဖို့ မဖြစ်နိုင်ပါဘူး။ ဘဏ်တွေက ငါးနှစ်လောက်ပဲ ချေးငွေထုတ်ချေးပေးတာဖြစ်တာကြောင့် အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေကို ဆယ်နှစ်၊ အနှစ် ၂၀ လောက်ထိ ချေးလို့ရတဲ့ Bond Market မှာ ချေးယူကြမှာ ဖြစ်ပါတယ်။
Capital Market ဖွံ့ဖြိုးမှ ပြည်တွင်းလုပ်ငန်းတွေ အရင်းအနှီးရပြီး ဖွံ့ဖြိုးနိုင်မှာဖြစ်သလို ဒီကနေ အရင်းအနှီးရတော့မှ တိုင်းပြည်အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ဒေါ်အောင်ဆန်းစုကြည်ပြောသလို နောက်နှစ် ၂၀ မှာ မြန်မာနိုင်ငံက စင်ကာပူကို မီနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမီဖို့ တိုင်းပြည်က စီးပွားရေး တိုးတက်ဖို့ လိုပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ GDP က ၅၅ ဘီလီယံကနေ ၆၀ ဘီလီယံကြားမှာပဲ ရှိပါတယ်။ စင်ကာပူရဲ့ GDP ကတော့ ဘီလီယံသုံးရာလောက် ရှိပါတယ်။ ဒါကြောင့် တစ်နှစ်ကို ၈ ရာခိုင်နှုန်းလောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုရင် နှစ်၂၀ လောက်မှာ မီလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီတယ်ဆိုတာ ဒီတိုင်းတော့ မီမှာမဟုတ်ပါဘူး။ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှ မီမှာဖြစ်ပါတယ်။ ဒါကြောင့် Capital Market ဖွံ့ဖြိုးဖို့က တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ Bond ရောင်းဖို့ဆိုတာ အချိန်တစ်ခုတော့ ပေးရပါဦးမယ်။ နောက်ပြီး Bond Market အသက်ဝင်လာဖို့ဆိုတာ အရင်ဆုံး Stock Market အောင်မြင်နေဖို့ လိုပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်မှာ Stock Market ကို ကုမ္ပဏီတွေ ဘယ်လောက်ပဲ ဝင်လာဝင်လာ ပြည်သူတွေက ဒီရင်းနှီးမြှုပ်နှံမှုရဲ့ သဘောတရားကို နားမလည်ဘဲ ပိုက်ဆံတွေကို ဆုပ်ကိုင်ထားမယ်ဆိုရင် ပိုက်ဆံတွေက အလုပ်မလုပ်ဘဲ ဖြစ်နေမှာဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုမှာ အလုပ်မလုပ်တဲ့ ပိုက်ဆံများလေလေ တိုင်းပြည်က ဆင်းရဲလေလေ ဖြစ်မှာပါ။