မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တင်ယာဉ်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံခြင်း

CarAssociation1

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး အင်တာဗျူးမေးမြန်းဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း (Myanmar Container Trucks Association (MCTA)) နဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အသင်းဖြစ်ပေါ်လာပုံ . . .

မြန်မာနိုင်ငံမှာ ကွန်တင်နာလုပ်ငန်းကို ၁၉၉၂ ခုနှစ်လောက်ကတည်းက ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကွန်တင်နာလုပ်ငန်းက သိပ်မတွင်ကျယ်သေးပေမဲ့ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာပြီး ၁၉၉၅ - ၉၆ ခုနှစ်လောက်မှာ လုပ်ငန်းတအားတွင်ကျယ်လာပြီး နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်တဲ့အဆင့်ကို ရောက်လာပါတယ်။ ၂၀၀၉ - ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကျတော့ ကွန်တင်နာတင်ကားတွေက တအားများလာသလို လုပ်ငန်းတွေကလည်း များလာပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာပြည်ထောင်စုအဆင့်တို့၊ အုပ်ချုပ်မှုအဆင့်တို့နဲ့ ဆက်သွယ်တဲ့အခါမှာတော့ ကွန်တင်နာ လုပ်ငန်းလုပ်တဲ့သူတွေဟာ တစ်နိုင်တစ်ပိုင်ဆောင်ရွက်နေရုံနဲ့တင် အဆင်မပြေတော့ဘဲ အဖွဲ့အစည်းတစ်ခုဖွဲ့ဖို့ လိုအပ်လာတဲ့အတွက် အကွဲကွဲအပြားပြား လုပ်ငန်းလုပ်ကိုင်နေတဲ့ဂိတ်တွေကို စုစည်းပြီး အသင်းဖွဲ့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၆ အရ တရားဝင်မှတ်ပုံတင် အသင်းကိုတော့ ၂၀၁၁ ခုနှစ်မှ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အသင်းဝင်ဘယ်နှဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါသလဲ . . .

စတင်ဖွဲ့စည်းစဉ် ၂၀၀၉ ခုနှစ်မှာ အသင်းဝင်ဂိတ် ၃၅ ဂိတ်နဲ့ အမှုဆောင်အဖွဲ့ဝင် ၁၆ ဦးရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ အသင်းဝင်ဂိတ် ၇၀ နဲ့ အသင်းဝင်ယာဉ် ၂,၂၄၇ စီး ရှိလာပြီဖြစ်ပါတယ်။

[caption id="attachment_28090" align="alignnone" width="370"]CarAssociation2ဦးမြင့်ကြည်
မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း[/caption]

အသင်းဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက် . . .

ကျွန်တော်တို့အသင်းမှာ ရည်ရွယ်ချက်အနေနဲ့၁၁ ချက် ရှိပါတယ်။ ဒီထဲမှာ အဓိကအနေနဲ့ မြန်မာနိုင်ငံမှာ ပြန့်ကြဲနေတဲ့ ကုန်သေတ္တာပိုင်ရှင်တွေ၊ မော်တော်ယာဉ်ဂိတ်တွေကိုစုစည်းပြီး ကုန်တင်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံး အဆင်ပြေချောမွေ့လာစေရေးနဲ့ အရည်အချင်း ပြည့်မီသူတိုင်း အသင်းဝင်ဖြစ်လာစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်ရေးကို ဦးစားပေးဆောင်ရွက်ပါတယ်။

ဒါကို ကျွန်တော်တို့အသင်းဖွဲ့ပြီးတဲ့ ၂၀၀၉ - ၂၀၁၀ ပြည့်နှစ်ကတည်းက ဒီနေ့ထိ ကွန်တင်နာသယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ ကားခဟာ မပြောင်းလဲဘဲ ရှိနေတာကို ကြည့်ရင် သိသာစေမှာဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ အနေအထားအရ ပေါ်ပေါက်လာတဲ့လမ်း၊ တံတားကြေးတွေ၊ မြို့ဝင်ဂိတ်ကြေးတွေကို ကားငှားတဲ့ သက်ဆိုင်ရာကုမ္ပဏီတွေဘက်ကနေ ကျခံပေးနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကွန်တင်နာသယ်ယူပို့ဆောင်ရေးကဏ္ဍဆိုတာဟာ ပုဂ္ဂလိကလလုပ်ငန်းလို့ ထင်ရပေမယ့်လို့ နိုင်ငံအတွက် အရေးကြီးတဲ့ Export ၊ Import ကဏ္ဍကို တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းလည်း ဖြစ်ပါတယ်။

အသင်းအနေနဲ့ လက်ရှိလုပ်ဆောင်နေတာတွေက . . .

ကျွန်တော်တို့အသင်းဟာ အာဆီယံနိုင်ငံတွေမှာလည်း မြန်မာနိုင်ငံမှာ ကွန်တင်နာအသင်းရှိတယ်ဆိုတာကို ပေါက်ရောက်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ကွန်တင်နာ အသင်းရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီးပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က သက်ဆိုင်ရာ ကုန်သည်ကြီးများအသင်း၊ သယ်ယူပို့ဆောင်ရေးအဖွဲ့တွေ၊ နယ်စပ် Tak ခရိုင်အဖွဲ့တွေကအစ ကုန်သေတ္တာနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အသင်းနဲ့ဆက်သွယ်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ လူကိုယ်တိုင်သွားတာတွေ၊ အစည်းအဝေးတွေ ကျင်းပတာတွေပဲ ရှိပါသေးတယ်။ လက်တွေ့ Cross Border ဖြတ်ပြီး လုပ်ဆောင်နေတာတွေတော့ မရှိသေးပါဘူး။

ဒါဟာလည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ပို့ဆောင်ရေးဝန်ကြီးက Cross Border ဖြတ်ပြီး ကုန်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့ MOU သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို Cross Border ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် အသင်းအနေနဲ့လည်း အသင်းဝင်ဂိတ်တွေ အကုန်လုံးနဲ့ အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ Cross Border ဖြတ်တဲ့အခါမှာ လိုအပ်တဲ့ International Operator Licence ကိုလည်း အသင်းဝင်ဂိတ်တော်တော်များများက လျှောက်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ အသင်းအနေနဲ့ တခြားနိုင်ငံတွေနဲ့ပခုံးချင်းယှဉ်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

နောက်ပြီး နယ်စပ်တွေမှာ ကုန်သေတ္တာနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍက အားနည်းနေပါတယ်။ ဘာလို့လဲဆိုရင် နယ်စပ်ထွက်ပေါက်တွေက ကွန်တင်နာကားကြီးတွေ၊ ၂၂ ဘီးကားကြီးတွေသွားဖို့ လမ်းအနေအထားက ခွင့်မပြုနိုင်သေးတာကြောင့်ပါ။ တံတားအချို့က တန်ခိုင်ခံ့မှုမရှိသေးသလို တံတောင်ဆစ်ချိုးကွေ့တွေက ပေ ၄၀ ကားတွေ သွားမရသေးလို့ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာလည်း တချို့က ကွန်တင်နာကို မြင်တောင် မမြင်ဖူးသေးတာတွေရှိနေတော့ ကွန်တင်နာဆိုတာကို သိလာအောင် အသင်းအနေနဲ့ တော်တော်လေး လိုက်ရှင်းပြနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

CarAssociation3

လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ . . .

လောလောဆယ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် နယ်စပ်ဝင်ပေါက်ကတဆင့် ကုန်းလမ်းကနေ ကွန်တင်နာသယ်ယူမှု မရှိသေးပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်လာတဲ့ကွန်တင်နာတွေ အကုန်လုံးက သင်္ဘောနဲ့ဝင်လာတာဖြစ်တဲ့အတွက် ဆိပ်ကမ်းတွေကိုပဲ ရောက်တယ်။ ဒီကွန်တင်နာတွေကို ကျွန်တော်တို့အသင်းကပဲ အသင်းဝင်ဂိတ် ၇၀ နဲ့ ဦးစီးပြီး အနည်းဆုံး ၈၅ ရာခိုင်နှုန်းလောက်ကို အသင်းဝင်ဂိတ်တွေ၊ အသင်းဝင်ကားတွေနဲ့ ပို့ဆောင်ပေးနေပါတယ်။

အဓိကအခက်အခဲဖြစ်နေတာက ယာဉ်နဲ့ယာဉ်မောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အကောင်အထည်ပေါ်လာတဲ့အခါကျရင် အာဆီယံစံနှုန်းအတိုင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ကုန်တင်ကားတွေဟာ ကုန်ပစ္စည်းတွေ တင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ တင်ရှိနေတဲ့ အသင်းဝင်ကား၂,၂၄၇ စီးမှာတင် ၇၈၉ စီးက ဆယ်ဘီးကားတွေ ဖြစ်နေတဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းတင်မယ်ဆိုရင် တင်စရာပစ္စည်း ဘာမှမရှိပါဘူး။ ၂၃ တန်ပဲ ခွင့်ပြုထားတာဖြစ်တဲ့အတွက် ကားရဲ့အလေးချိန် ကွန်တင်နာရဲ့ အလေးချိန်နဲ့ဆိုရင်ပဲ ၁၅ တန်လောက်ဖြစ်နေတဲ့အတွက် တင်မယ်ဆိုရင် ဆယ်တန်အောက်ပစ္စည်းတွေပဲ ရှိပါတယ်။ လက်ရှိမှာ ဆယ်တန်အောက်ပစ္စည်းကလည်း ဘာမှမလာတော့ပါဘူး။ လာတာဆိုလို့ အထည်ချုပ် Export လောက်ပဲ ရှိပါတယ်။ ဒါတောင် အထည်ချုပ်တွေကလည်း အခုနောက်ပိုင်း ပေ ၄၀ တွေနဲ့ သွားနေပါတယ်။ ဒါကြောင့် ပေ ၂၀ တွေ၊ ဆယ်ပေတွေအတွက် အလုပ်မရှိဘူးဖြစ်နေပါတယ်။ ဒါက အဓိကအခက်အခဲတစ်ခုဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအနေအထားအရ ကုန်သေတ္တာလုပ်ငန်း စတင်ဖွံ့ဖြိုးလာတဲ့အချိန်မှာ နိုင်ငံခြားကနေ ဒေါ်လာနဲ့ ကားတွေသွင်းဖို့က တအားဈေးနှုန်းတွေ များတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ တစ်ပိုင်တစ်နိုင်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ တချို့အငြိမ်းစားဝန်ထမ်းတွေဟာ အိမ်ရဲ့ ဝင်ငွေတစ်ဖက်တစ်လမ်းက ရပါစေဆိုပြီး ပြည်တွင်းရှိကားကို လေလံဆွဲပြီးတော့ ဆယ်ဘီးတွေဆင်ပြီး ပြေးဆွဲလုပ်ကိုင်ခဲ့ကြတယ်။ ဆွဲတဲ့အခါမှာလည်း အသင်းက ဘာကြောင့်ခွင့်ပြုရလဲဆိုရင် အဲဒီအချိန်မှာ ကုန်သေတ္တာဝင်ရောက်မှု များလာတဲ့အတွက် ကားမရှိရင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဆင်မပြေဘဲ ကုန်ဈေးနှုန်းတွေ တက်ကုန်မှာစိုးတဲ့အတွက် ဒါတွေကို တစ်ဖက်တစ်လမ်းကနေပြီးတော့ တိုင်းရင်းသားလုပ်ငန်းရှင်တွေလည်း လုပ်ငန်းလုပ်ပါစေ၊ တစ်ဖက်တစ်လမ်းကလည်း ကုန်ဈေးနှုန်းတွေ တည်ငြိမ်ပါစေဆိုပြီးတော့ ခွင့်ပြုရင်းကနေ ဆယ်ဘီးတွေက တအားများလာတာဖြစ်ပါတယ်။ အဲဒီတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်တဲ့တန်အတိုင်းတင်မယ်ဆို ဒီကားတွေက တင်လို့မရတော့ပါဘူး။ ဒီလိုမော်တော်ယာဉ် အခက်အခဲတွေလည်း ဖြစ်နေပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က အသင်းအနေနဲ့ ဦးဆောင်ပြီး ဖြေလျှော့ပေးဖို့ တင်ပြထားတာရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အစိုးရလက်ထက်ကတည်းကလည်း ကြိုးစားနေခဲ့ပါတယ်။ ဘယ်လိုကြိုးစားခဲ့လဲဆိုရင် အသင်းက ဆယ်ဘီးယာဉ်ပိုင်ရှင်တွေဟာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဖြစ်နေတဲ့အတွက် ဒီလူတွေဟာ ပျောက်ကွယ်သွားလို့ မရဘူး။ တစ်ဖက်က ပြန်စဉ်းစားရင် ဒီလူတွေဟာ SME တွေ၊ ကိုယ်ပိုင်လုပ်တဲ့ စီးပွားရေး အသေးလေးတွေဖြစ်တော့ တစ်ဖက်ကလည်း SME တွေနဲ့ဆက်စပ်နေတော့ ဒါတွေမပျောက်ပျက်အောင်ဆိုပြီး နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်ထိကို ဆယ်ဘီးနေရာမှာ Prime Mover တွေ အစားထိုးမယ်ဆိုပြီး အသင်းက ဦးဆောင်ပြီး ကြိုးစားခဲ့ပါတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဆယ်ဘီးတစ်စီးကို သိန်းတစ်ရာ၊ ၁၅၀ လောက်နဲ့ဝယ်ပြီး အလုပ်လုပ်လို့ ရပေမဲ့ Prime Mover တစ်စီးကိုတော့ သိန်းငါးရာနဲ့ ခုနှစ်ရာကြားရင်းမှ ပေ ၂၀ တင်လို့ ရမှာဆိုတော့ ရုတ်တရက် မပြောင်းနိုင်၊ မရင်းနှီးနိုင်ဘူး ဖြစ်နေပါတယ်။ ဒီအချိန်မှာ အသင်းက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်နဲ့ ညှိနှိုင်းပြီးတော့ ဆယ်ဘီးယာဉ်ပိုင်ရှင်တွေကို နိုင်ငံတော်ခွင့်ပြုချက်နဲ့ အသင်းက ဦးဆောင်ပြီး Prime Mover သွင်းပေးဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်က ကောက်ထားတဲ့အခွန် အကောက်ခွန်တွေဖြစ်တဲ့ Custom Duty ၊ ကုန်သွယ်ခွန်၊ ကညနအခွန်တွေ အားလုံးပေါင်း ၁၃ ရာခိုင်နှုန်းကို ဖြေလျှော့ပေးမယ်ဆိုရင် အသင်းဝင်တွေ တစ်ဖက်တစ်လမ်းကနေပြီးတော့ အထောက်အကူဖြစ်ရင် အသွင်ပြောင်းလို့ လွယ်သွားမယ်ဆိုပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်နဲ့ တင်ပြဆွေးနွေးထားပါတယ်။ ကျွန်တော်တို့က ၁၃ ရာခိုင်နှုန်း Duty Free တင်မဟုတ်ဘဲ တစ်ဖက်ကလည်း ဆယ်ဘီးတွေကို နိုင်ငံတော်ကို ပြန်အပ်တဲ့အခါမှာ စလစ်ရောင်းရင် သူတို့တွေဟာ သိန်းတစ်ရာ့ငါးဆယ်၊ နှစ်ရာလောက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ပြီး ကျန်တဲ့ သိန်း သုံး၊ လေးရာကို ဘဏ်တွေနဲ့ချိတ်ပြီး Higher Purchase လုပ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကအနိုင်ငံရဲ့ ဝင်ငွေနဲ့ထွက်ငွေမှာ အနုတ်လက္ခဏာတွေပြနေတော့ အခွန်က ပုဂ္ဂလိကလုပ်ငန်းလည်း ဖြစ်နေတဲ့အတွက် ဖြေလျှော့ဖို့ မလွယ်ကူတဲ့အတွက် ဒီကဏ္ဍကို နောက်ဆုတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရကတော့ ပြည်သူတင်ထားတဲ့ အစိုးရလည်းဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် SME ကဏ္ဍကို ဦးစားပေးမယ်ဆိုရင်တော့  ဒါကို တစ်ဆင့်ပြန်လည်တင်ပြပြီး၊ အခက်အခဲတွေ ပြေလည်အောင်ဖြေရှင်းသွားဖို့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်တွေရော လိုအပ်ရင် နိုင်ငံတော်အကြီးအကဲထိအောင် သေချာလေးပြုပြင်ပြီးတော့ ယာဉ်ပိုင်ရှင်ငါးရာကျော်လောက်ကို အဆင့်မီယာဉ်များ ရရှိရေး တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်အောင် အသင်းကနေ လက်ရှိကြိုးစားနေပါတယ်။

CarAssociation4

ယာဉ်မောင်းအခက်အခဲမှာကျတော့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကွန်တင်နာကား အရေအတွက် ထောင်ဂဏန်းလောက် တိုးလာပေမဲ့ ယာဉ်မောင်းက ထောင်ဂဏန်းတိုးမလာပါဘူး။ ဘာလို့လဲဆိုရင် ၁၈ နှစ်ပြည့်မှ ကိုယ်ပိုင်လိုင်စင် ထုတ်ပေးတယ်။ ငါးနှစ်နေပြီးမှ အငှားလိုင်စင်ပေးတာဖြစ်တဲ့အတွက် အနည်းဆုံး ၂၃ နှစ်ကျမှ အငှားလိုင်စင်ရတာကြောင့် ဖြစ်ပါတယ်။ လိုင်စင်ရဖို့ ယာဉ်မောင်းတွေက ငါးနှစ်စောင့်နေတဲ့အချိန် မော်တော်ယာဉ်တွေက ကွန်တင်နာလုပ်ငန်းဖွံ့ဖြိုးလာတဲ့အတွက် ထောင်နဲ့ချီပြီး ဝင်လာတဲ့အခါမှာ ယာဉ်မောင်းတွေက တရားဝင်အငှားလိုင်စင်နဲ့မောင်းနှင်တဲ့ ယာဉ်မောင်း အရေအတွက် ပြည့်စုံမှုမရှိတော့ဘူး။ ဒါကြောင့် အသင်းအနေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ကို ကြုံတွေ့နေရတဲ့ အခက်အခဲတွေဖြစ်တဲ့ တိုင်းပြည်ရဲ့ Export ၊ Import ကဏ္ဍမှာ ယာဉ်မောင်းမရှိလို့ မော်တော်ယာဉ်တွေ ရပ်ဆိုင်းရရင် ကုန်ထုတ်စွမ်း အားတွေ၊ သယ်ယူပို့ဆောင်မှုစွမ်းအားတွေ ကျဆင်းမယ် ဆိုပြီး တင်ပြခဲ့ပါတယ်။ သက်ဆိုင်ရာဌာနအသီးသီးနဲ့ပေါင်းစပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး သုံးနှစ်ပြည့်ပြီးသား ကိုယ်ပိုင်လိုင်စင်နဲ့ ယာဉ်မောင်းသမားတွေကို ကျွမ်းကျင်မှုမွမ်းမံသင်တန်းပေးပြီး Certificate တစ်ခုထုတ်ပေးပါဆိုပြီး ပြည်ထောင်စုဝန်ကြီးနဲ့ဌာနတွေကို တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် လိုင်စင်ကိစ္စကိုတော့ စတင်ဖြေလျှော့နေပြီ ဖြစ်ပါတယ်။

နောက်ပြီး ယာဉ်မောင်းတွေက ရန်ကုန်မြို့ရဲ့ Traffic နဲ့ ကွန်တင်နာကားကြီးတွေကို တန်တွေ၊ ဝိတ်တွေတင်ပြီး မမောင်းချင်ဘူးဆိုတာ ဖြစ်လာပါတယ်။ ကွန်တင်နာကားတွေက ယာဉ်မောင်းတွေကို ခေါက်ကြေးနဲ့ ကားခ ပြန်ရှင်းပေးတာဖြစ်တဲ့အတွက် လမ်းကျပ်ကျပ်မှာ မောင်းရတဲ့အခါမှာ သူတို့ရဲ့ ဝင်ငွေကလည်း စကားပြောလာတယ်။ ဒါကြောင့် သူတို့က လွတ်လပ်စွာ မောင်းလို့ရတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ထွက်တဲ့ Hi – Way တွေကိုပဲ သွားမောင်းတဲ့အခါ ဒီဘက်မှာ ယာဉ်မောင်းတွေက တဖြည်းဖြည်း နည်းလာပါတယ်။ ဒါကြောင့်လည်း ယာဉ်ပိုင်ရှင်တွေက သူတို့ကို ပံ့ပိုးကြေးတွေ ပိုပေးပြီး ဆွဲဆောင်နေရတဲ့ အနေအထားတွေ ရှိပါတယ်။

နောက်ပြီး နိုင်ငံရဲ့ Export ၊ Import ကဏ္ဍ အားအကောင်းဆုံးဖြစ်တဲ့ ဇန်နဝါရီလကနေ ဇွန်လ လောက်ထိမှာဆိုရင်လည်း ကွန်တင်နာခွံအလွတ်တွေ ထားဖို့နေရာ အခက်အခဲ၊ ကွန်တင်နာခွံအလွတ်တွေ ထားတဲ့နေရာမှာလည်း မီးမပြည့်စုံတာတို့၊ ယန္တရား မပြည့်စုံတာ၊ ဝန်ထမ်းမပြည့်စုံတာတွေဟာလည်း အခက်အခဲဖြစ်နေပါတယ်။ နောက်ပြီး အလုပ်က တအားများတဲ့အတွက် ၂၄ နာရီ ပတ်လည် အလုပ်မလုပ်နိုင်တာကလည်း အခက်အခဲတစ်ခု ဖြစ်နေပါတယ်။ ဒါတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း အတန်အသင့်လျော့ကျသွားမယ်လို့ မြင်ပါတယ်။

ဒါအပြင် အိန္ဒိယ၊ ထိုင်းတို့နဲ့ MOU လက်မှတ်ရေးထိုးပြီးလို့ Cross Border ဖြတ်လာနိုင်တဲ့အခါကျရင် လက်ရှိ ထိုင်းနိုင်ငံဟာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို Cross Border ဖြတ်နေပြီ ဖြစ်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ဒီနိုင်ငံတွေကို ကွန်တင်နာကားတွေနဲ့ဖြတ်သန်းသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ Standard အမီ ကားတွေရှိဖို့က အခက်အခဲတစ်ခုဖြစ်နေသလို အိန္ဒိယနဲ့ ထိုင်းက လက်ဝဲကပ်မောင်း စနစ်ကိုကျင့်သုံးပြီး မြန်မာနိုင်ငံက လက်ယာကပ်မောင်းစနစ်ကို ကျင့်သုံးတဲ့အတွက် လမ်းကြောအနေအထားကလည်း အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ အဓိကအခက်အခဲ ဖြစ်လာမှာကတော့ တစ်နိုင်ငံနဲ့ တခြားတစ်နိုင်ငံက ယာဉ်မောင်းတွေ အချင်းချင်း ဆက်သွယ်ဖို့ ဘာသာစကားကလည်း အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။

အသင်းအနေနဲ့ ဘာတွေဆက်လက်ဆောင်ရွက်သွားဖို့ရှိလဲ . . .

အသင်းအနေနဲ့Cross Border ဖြတ်နိုင်အောင် ဆောင်ရွက်ဖို့နဲ့ တစ်နိုင်ငံလုံးနဲ့ချိတ်ဆက်ပြီး ကွန်တင်နာ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ချောမွေ့အောင် ဆောင်ရွက်နိုင်ဖို့ နယ်စပ်တွေမှာ အဖွဲ့ခွဲတွေဖွဲ့ပြီး ဆောင်ရွက်သွားဖို့တွေ ရှိပါတယ်။

ထက်ထက်