တရုတ်နိုင်ငံဟာ Artifial Intelligence (လူတို့၏ဉာဏ်ရည်ကို ကွန်ပျူတာဖြင့်စီစဉ်တုပမှု) နဲ့ Internet of Things (ကွန်ပျူတာကွန်ရက်နဲ့ ချိတ်ဆက်ထားသော နေ့စဉ်အသုံးပြုပစ္စည်းများ ဆက်သွယ်မှု) ကဏ္ဍတွေမှာ နှာတစ်ဖျားသာမှုကြောင့် တရုတ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ကမ္ဘာ့အားတစ်ခုဖြစ်လာပါတယ်။
ဆိုက်ဘာနယ်မြေအသစ်ချဲ့ထွင်ဖို့ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုလက်ခံဖို့ တရုတ်နိုင်ငံက အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံရဲ့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အကြီးဆုံးနိုင်ငံတကာကွန်ပျူတာကွန်ရက်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
နောက်ပြီး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေက အလွန်တရာကြီးမားလာနိုင်တယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ IDC (International Data Company) ရဲ့ အဆိုအရ ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံ GDP ရဲ့ ၅၅ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ်စီးပွားရေးကနေ ရရှိမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကနေ တိုင်းပြည်ရဲ့ GDP ၃၀ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ငွေကြေးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ထရီဘီလီယံဖြစ်ပါတယ်။
အနာဂတ်ရဲ့ နည်းပညာအသုံးချမှုနယ်ပယ်ထဲမှာ နေထိုင်ရပ်တည်ဖို့ အဖွဲ့အစည်းတစ်ရပ်ထူထောင်ခြင်းဟာ နိုင်ငံတကာလူ့အဖွဲ့အစည်းကြားထဲမှာ ပို၍တိုးပြီးပျံ့နှံ့လာတဲ့ ဘုံနားလည်မှုကြီးတစ်ခုပဲဖြစ်ပါတယ်လို့ သမ္မတ ရှှီကျင့်ဖျင်က တရုတ်နိုင်ငံရဲ့အရှေ့ဘက် Zhejiang စီရင်စုမှာတည်ရှိတဲ့ Wuzhen မြို့မှာကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် World Internet Conference မှာပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးနဲ့ဆက်သွယ်ဖို့ တံခါးကို တရုတ်နိုင်ငံဘက်က ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်သွားဖို့သာရှိပြီး ဘယ်တော့မှ ပိတ်ပစ်လိုက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ရှေ့ဆက်ပြီး တရုတ်နိုင်ငံအတွင်းမှာသာမက ကမ္ဘာအနှံ့မှာပါ AI နဲ့ ဆက်နွှယ်နေတဲ့ နည်းပညာတွေ၊ ကွန်ပျူတာကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ နေ့စဉ်အသုံးပြုပစ္စည်းတွေကို အသုံးပြုခြင်းနဲ့ သူတို့ရဲ့အရေးပါမှုတွေကို တိုးမြှင့်ပေးဖို့အတွက် တရုတ်နိုင်ငံဘက်က များစွာအာရုံစိုက်သွားမှာဖြစ်ပါတယ်။
အဆိုပါညီလာခံမှာ အစီရင်ခံစာနှစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံအင်တာနက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာ ၂၀၁၇ ခုနှစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ဖွံ့ဖြိုးတိုးတက်မှု ၂၀၁၇ ခုနှစ်တို့ပဲ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာနှစ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်နဲ့ ပတ်သက်လို့ လက်ရှိအခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံချက်တွေ၊ အခြားနိုင်ငံတွေရဲ့ နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေနဲ့ သက်ဆိုင်ပါတယ်။
IDC ရဲ့ ခန့်မှန်းချက်အရ ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးက ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲမှုပဏာမခြေလှမ်းတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ AI အသုံးပြုမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ စားသုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဈေးကွက်ထဲမှာ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်တွေနဲ့ အပြန်အလှန်တုံ့ပြန် ဆက်ဆံလာရနိုင်ခြေ ရှိပါတယ်။ ဒီကနေ့မှာ AI နဲ့ IoT တို့ကို လျင်မြန်စွာအသုံးချလာကြပါပြီ။ ဘာလို့လဲဆိုတော့ သူတို့ဟာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပိုပြီးယှဉ်ပြိုင်နိုင်စွမ်းရှိလာနိုင်စေသလို ဈေးကွက်အသစ်တွေထဲ ထိုးဖောက်ဝင်ရောက်ရာမှာလည်း အကူအညီပေးတယ်လို့ Willis Towers Watson Advisory Firm ရဲ့ Strategy for Insurance Consulting and Technology ၏ အကြီးအကဲဖြစ်သူ Kevin Angelini က ဆိုပါတယ်။
မကြာခဏထိတွေ့ဆက်သွယ်မှုကို တိုးမြှင့်ပေး၏ခြင်း၊ ဈေးဝယ်သူနဲ့ ပိုပြီးဆီလျော်မှုရှိအောင် ဖန်တီးပေးခြင်းဖြင့် AI ကို ဒီထက်ပိုပြီး Customer Engagement အတွက် အသုံးချနိုင်ပါတယ်။
နည်းပညာကုမ္ပဏီ Baidu က သူ့ရဲ့ AI စွမ်းအင်သုံး DuerOS နဲ့ ကြီးမားတဲ့တိုးတက်မှုတွေရရှိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ စပြီးမိတ်ဆက်ခဲ့တဲ့ DuerOS ကို ကမ္ဘာပေါ်က ကုမ္ပဏီပေါင်း ၁၃၀ မှာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီ Baidu မှာ DuerOS နဲ့ ပတ်သက်လို့ စီမံချက်အကြီးကြီးတွေရှိနေပြီး လတ်တလောမှာတော့ တရုတ်ပြည်အတွင်းမှာပဲ ဝန်ဆောင်မှုရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Baidu က Chatbot Software ကုမ္ပဏီ Kitt.ai ကို ဝယ်ယူလိုက်ခြင်းက Baidu အနေနဲ့ အင်္ဂလိပ်စကားပြောဆိုတဲ့ လူအုပ်ကြီးဆီကိုရောက်အောင် လျှောက်လှမ်းလိုက်တာဖြစ်ပါတယ်။
Baidu ဟာ DuerOS အတွက် သူ့ရဲ့ကြီးမားတဲ့ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ပြောဆိုရာမှာ တွန့်ဆုတ်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ AI နည်းစနစ်တွေဟာ ကုန်ကျစရိတ်လျှော့ချဖို့နဲ့ လူအစားအလိုအလျောက်လုပ် စက်ကိရိယာကို အသုံးပြုခြင်းလုပ်ငန်းစဉ်တွေကို ကူညီပေးနိုင်တယ်လို့ Angelini က ဆိုပါတယ်။
၂၀၂၅ ခုနှစ်အရောက်မှာ AI Application တွေအတွက် စုစုပေါင်းဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံရှိလာလိမ့်မယ်လို့ အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Mckinsey & Company က ခန့်မှန်းထားပါတယ်။ နောက်ထပ် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေရှိတဲ့ အလားအလာတစ်ခုကတော့ IoT အသုံးချမှု မြင့်တက်လာခြင်း ဖြစ်ပါတယ်။ IoT ဆိုတာက Device အချင်းချင်း ဒေတာလဲလှယ်တာနဲ့ ထိန်းချုပ်မှုပြုလုပ်နိုင်တာတွေအတွက် ခွင့်ပြုပေးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကြားက ချိတ်ဆက်မှုကို ဆိုလိုတာဖြစ်ပါတယ်။
အချိန်မီထွက်ပေါ်လာတဲ့ နည်းပညာဆန်းသစ်မှုတွေဟာ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ လူအင်အားလိုအပ်မှု နည်းပါးစေပြီး ပိုမိုတိကျမှုရှိစေပါတယ်။ ကုန်ကျစရိတ်နဲ့ယှဉ်ရင် ထိုက်တန်တဲ့အကျိုးကျေးဇူးရှိတာကြောင့် စီးပွားရေးလုပ်ငန်းတိုင်းလိုလိုနဲ့ လူမှုရေးနယ်ပယ်က သူတွေကို နည်းပညာတိုးတက်မှုတွေက ဆွဲဆောင်ကြပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကွန်ပျူတာကွန်ရက် ထည့်သွင်းအသုံးပြုထားတဲ့ ပစ္စည်းတွေဟာ အနာဂတ်မှာ ပိုပြီးမောင်ပိုင်စီးလာကြပါလိမ့်မယ်လို့ BMI သုတေသနကုမ္ပဏီက Shepherd က ဆိုပါတယ်။
တရုတ်အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ Xiaomi က သူ့အနေနဲ့ Smartphone တွေကနေစလို့ ကွန်ပျူတာတွေအထိ အိမ်သုံးပစ္စည်းအမျိုးအစားအစုံအလင်မှာ IoT ကို ဖြတ်ပြီး ချိတ်ဆက်ထားတဲ့ Device ပေါင်း ၈၅ သန်းကျော် ထုတ်လုပ်ပြီးဖြစ်တယ်လို့ အခိုင်အမာပြောဆိုတားပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ IoT လုပ်ငန်းဟာ တရုတ်ယွမ်ငွေ ကိုးရာဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၃၆ ဘီလီယံ) တန်ဖိုးရှိပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်ပတ်လည် IoT ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၂၀၁၆ -၂၀၁၇) ကို China Economic Information Service က ထုတ်ဝေခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ တရုတ်ယွမ်ငွေ ၁.၅ ထရီလီယံထက်ပိုလွန်ဖို့ မျှော်လင့်ထားပါတယ်။
IoT Device တွေကို မြို့ပြစီမံကိန်းနဲ့ ခေတ်မီတဲ့မြို့ပြကြီးတွေမှာ ပိုပြီးအသုံးချလာနေကြပါတယ်။ ဟောင်ကောင်အခြေစိုက် Ho & Partners Architects (hpa) က စီစဉ်တဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်အတွင်းက Smart City Project တစ်ခုဖြစ်တဲ့ New Manila Bay Project က သာဓကတစ်ခုဖြစ်ပါတယ်။ Hpa ရဲ့ လက်ထောက်အုပ်ချုပ်မှု ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Nicholas Ho က Smart City တွေကို စီစဉ်တည်ထောင်တဲ့နေရာမှာ ICT နဲ့ IoT တို့ကို ပေါင်းစပ်အသုံးပြုသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ခေတ်မီတဲ့ရွေ့လျားနိုင်မှုဆိုတာ မြို့ပြပုံစံပြောင်းလဲမှုအတွင်း နည်းပညာကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် ICT အမျိုးမျိုးကို အသုံးပြုခြင်းနဲ့ အချိန်နဲ့တစ်ပြေးညီ ယာဉ်အသွားအလာကို စောင့်ကြည့်ပြီး ပြည်သူတွေထံ IoT က ပြန်လည်တင်ပြခြင်းတို့ဖြစ်ပါတယ်လို့ Nicholas Ho က ဆိုပါတယ်။
Wuzhen ညီလာခံမှာ Apple ရဲ့ CEO Tim Cook က ''တော်တော်များများက AI ရဲ့ ဖြစ်လာနိုင်တဲ့ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေကို ပြောဆိုဝေဖန်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လူသားတွေလို တွေးခေါ်တတ်တဲ့ စက်တွေနဲ့ပတ်သက်လို့ စိတ်မပူမိပါဘူး။ စက်တွေလို တွေးခေါ်စဉ်းစားတတ်တဲ့သူတွေအတွက်သာ စိတ်ပူမိပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေ၊ ကိုယ်ချင်းစာတရားတွေနဲ့အတူ နည်းပညာကိုအသက်သွင်းဖို့ ကျွန်တော်တို့အားလုံးဆောင်ရွက်ရပါမယ်'' လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ AI နဲ့ IoT တို့ကို အရင်ကတည်းက တရုတ်နိုင်ငံပြင်ပမှာပါ အသုံးပြုနေခဲ့ကြပြီး ဖြစ်ပါတယ်လို့ Mckinsey & Company ရဲ့ ဘေကျင်းရုံးခွဲကို တာဝန်ယူဆောင်ရွက်နေတဲ့ Christopher Thomas က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးဆိုင်ရာကွန်ပျူတာကွန်ရက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကမ္ဘာ့ဂေဟစနစ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက တရုတ်လူမျိုးခေါင်းဆောင်တွေကိုလည်း ကမ္ဘာအနှံ့က အသိအမှတ်ပြုကြပါတယ်။ နည်းပညာနယ်ပယ်ထဲမှာ ဆန်းသစ်တီထွင်မှုတွေ ရှိလာတဲ့အခါ အဲဒီတီထွင်မှုတွေဟာ ဘယ်ကနေလာသလဲဆိုတာ ကြည့်ဖို့ထက် ကျွန်တော်တို့ကို ဘယ်ကိုခေါ်ဆောင်သွားမလဲဆိုတာ ကြည့်ပါတယ်လို့ Thomas က ထပ်လောင်းပြောကြားခဲ့ပါတယ်။
တရုတ်လူမျိုးသုံးစွဲသူတွေဟာ နည်းပညာရေစီးကြောင်းတွေကို လက်ခံကျင့်သုံးတဲ့နေရာမှာ မျှော်မှန်းထားတာထက် ခေတ်ရှေ့ပြေးနေပါတယ်။ တကယ်တမ်းအားဖြင့်တော့ လုပ်ငန်းအသီးသီးကသာ သုံးစွဲသူတွေကို အမီလိုက်နိုင်အောင် ကြိုးစားဖို့လိုတာဖြစ်ပါတယ်။ နေ့တစ်နေ့ရဲ့အဆုံးမှာ ကျွန်တော်တို့ မေ့မထားသင့်တဲ့အရာတစ်ခုက ကျွန်တော်တို့ဟာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ လူနေမှုအဖွဲ့အစည်းမှာ နေထိုင်နေတဲ့သူတွေဖြစ်ပြီး တူညီတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာကွန်ရက်ကြီးနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ လက်တွေ့စမ်းသပ်ခန်းကြီးရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်လို့ Thomas က ဆိုပါတယ်။
ကြည်ပြာနွဲ့ဦး