အရင်းအနှီးဈေးကွက်

ငွေပင်ငွေရင်းဈေးကွက်ဆိုသည်မှာ အစုရှယ်ယာဈေးကွက်၊ သို့မဟုတ် စတော့အိပ်စ်ချိန်းကို အဓိကအားဖြင့် ဆိုလိုသည်။ တတိယကမ္ဘာ့နိုင်ငံတို့တွင် စတော့အိပ်စ်ချိန်း များ မရှိကြပေ။ ရှိလျင်လည်း မွေးကင်းစဖြစ်၏။ စတော့အိပ်စ်ချိန်းအင်အားကောင်းလျင် နိုင်ငံပိုင်လုပ်ငန်းတို့ကို စတော့ရှယ်ယာစနစ်တို့ဖြင့် ပြန်လည်ဖွဲ့စည်း ပြီးသားကာလ ဤစတော့ရှယ်ယာတို့ကို စတော့ အိပ်စ်ချိန်းတွင် တင်ရောင်းလိုက်ရုံဖြစ်၏။ အဝယ်လိုက်မည်၊ မလိုက်မည်မှာ တစ်ကဏ္ဍ။ မသေချာပေ။ ကံအကြောင်းတရားလို့ မှတ်ရမည်။ နိုင်ငံပိုင်လုပ်ငန်းတို့ကို အစုရှယ်ယာစနစ်ဖြင့် ဖွဲ့စည်းပြီး ဤအစုရှယ်ယာတို့ကို နိုင်ငံခြားငွေဖြင့် သတ်မှတ်နိုင်ပါသေးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က စိတ်ကြိုက်တွေ့လျှင်ဖြစ်စေ၊ စိတ်ချယုံကြည်လျှင်ဖြစ်စေ ဝယ်နိုင်ကြရန် ဖြစ်ပါသည်။ နိုင်ငံခြားငွေချူနည်းတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိကပိုင်ပြုရေးအစီအစဉ်တွင် မရှိသေးသော ငွေပင်ငွေရင်းဈေးကွက်ကို ကနဦးဖော်ထုတ်ရေးသည် အထူးအရေးကြီးလှသည်ဟု ပညာရှင်တို့က ဆိုလာ ကြသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဆိုရှယ်လစ်နိုင်ငံဟောင်းများဖြစ်ကြသော ရုရှားနှင့် အရှေ့ဥရောပနိုင်ငံတို့၏အတွေ့အကြုံတို့ကို လေ့လာသင့်၏။ ထိုနိုင်ငံများ အနက် ပုဂ္ဂလိကပိုင်ပြုရေးကိစ္စနှင့်စပ်လျဉ်းပြီး ထူးထူးခြားခြားမှတ်သားဖွယ်ရာပေါ်ထွန်းလာသောနိုင်ငံတို့မှာ ရုရှား၊ ဟန်ဂေရီ၊ ပိုလန်နှင့် ချက်နိုင်ငံတို့ ဖြစ်ကြသည်။ ဤလေးနိုင်ငံ ပုဂ္ဂလိကပိုင်ပြုရေးပုံစံတို့သည် မတူညီကြပေ။ ကွဲပြားခြားနားကြ၏။ ယင်းတို့အချင်းချင်းလည်း သူ့ပုံစံက ပိုကောင်းသည်၊ ကိုယ့်ပုံစံက ပိုကောင်း သည်ဟူ၍ အငြင်းထွက်နေကြသည်။ ပြင်ပစီးပွားရေးပညာရှင်တို့ကလည်း ပါဝင်ဆွေးနွေးလျက် ရှိသည်။ ထိုအတောအတွင်း တရုတ်ပုံစံကလည်း တစ်မျိုးထွက်လာ သည်။ ထိုနိုင်ငံတို့တွင် ''ဘောက်ချာ'' ဆိုသော စကားသည် အလွန်ခေတ်စားနေပါသည်။ နိုင်ငံပိုင်လုပ်ငန်းတို့ကို မည်သူကမျှ တစ်ဦးတည်း ထီးထီးမားမား ငွေထုပ် ပိုက်ပြီး မဝယ်နိုင်ကြပေ။ ဆိုရှစ်လစ်စနစ်အောက်တွင် အားလုံး လုပ်သားများဖြစ်ခဲ့ကြ၍ သူဌေးဘဝသို့ မည်သူမျှ မရောက်ရှိခဲ့ကြ။ တစ်နည်းပြောလျင် စုဆောင်းငွေ နိမ့်ခဲ့ကြသည်။ ထိုအခြေအနေတွင် ပုဂ္ဂလိကပိုင် ပြုလုပ်မည့်နိုင်ငံ ပိုင်လုပ်ငန်းတို့၏ စတော့ရှယ်ယာတို့ကို နိုင်ငံသားတိုင်းက ဝယ်ယူနိုင်အောင် စီစဉ်ရပေတော့မည်။ တစ် နည်းပြောလျှင် နိုင်ငံသားတိုင်းမှ စုဆောင်းငွေတို့ကို အရင်းအနှီးဖြစ်အောင် ပြုရတော့မည်။ သို့ဖြင့် အသက်ပြည့်သူနိုင်ငံသားတိုင်းအား ဘောက်ချာတွင် ဝေပစ် လိုက်ပေသည်။ ဤဘောက်ချာတို့မှာ အစုရှယ်ယာဝင်ခွင့်လက်မှတ်သဘောဖြစ်သည်။ ဤလက်မှတ်ပြ၍ မိမိကြိုက်ရာ ပုဂ္ဂလိကပိုင်ပြုမည့် နိုင်ငံပိုင်လုပ်ငန်းတို့၏စတော့ရှယ်ယာ တို့ကို ဝယ်နိုင်ကြပါမည်။ ပြည်သူတို့၏ စုဆောင်းငွေသည် အရင်းအနှီးဖြစ်တော့မည်။ သက်ဆိုင်ရာစီမံသူတို့၏အဆိုအရ ဘောက်ချာတို့ကိုဖလှယ်နိုင်သောနေရာ၊ ဖလှယ်ပေးမည့်ပွဲစားများ ပျားပန်းခပ်မျှ မုချဧကန် ပေါ်ပေါက်ထွန်းကားလာ မည်ဖြစ်လေရာ ဤသည်ပင် ငွေပင်ငွေရင်းဈေးကွက်၊ သို့မဟုတ် စတော့အိပ်ချိန်းပေါ်ပေါက်စေရန် အုတ်မြစ်ချလိုက်သကဲ့သို့ဖြစ်မည် ဟုဆိုသည်။ စတော့အိပ်စ် ချိန်းပေါ်ပြီးဟေ့ဟုဆိုလျှင်ကား သူ့နိယာမနှင့်သူထွန်းကားသွားလိမ့်မည်ဟုဆိုကြသည်။

မောင်သာဇုံ