Innovation & Myanmar ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ရန်ကုန်မြို့၊ လသာမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
ပွဲမှာ ဒေါက်တာထွန်းသူရသက် (Founder & CEO, Myanmar Information Technology Pte Ltd) ၊ ဒေါက်တာကျော်ငြိမ်းအေး (Founder & CEO, Myanmar Information Technology Pte Ltd) ၊ ဦးဇေယျသူရမွန် (CEO, RGK + Z&A Group)၊ ဦးသောင်းစုငြိမ်း (Founder & CEO, Information Matrix Co Ltd) တို့မှ မြန်မာနိုင်ငံရဲ့ကဏ္ဍအသီးသီးမှာ လိုအပ်နေတဲ့ Innovation များနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံမှာ တီထွင်ဆန်းသစ်မှု Innovation တွေ ဖွံ့ဖြိုးလာဖို့၊ အဲဒီအတွက် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ဖို့၊ စွန့်ဦးတီထွင်သူတွေကို အားပေးနိုင်ဖို့ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပွဲမှာ ဟောပြောဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ လူငယ်၊ တီထွင်ဖန်တီးမှုနဲ့ မြန်မာနိုင်ငံ စတာတွေနဲ့ပတ်သက်ပြီး Speaker တွေနဲ့ မေးမြန်းထားမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဒေါက်တာထွန်းသူရသက်
Fouder & CEO
Myanmar Information Technology Pte Ltd
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုမှာ Innovation တွေ လိုပါတယ်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာဆို အခြားနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ ခုန်ပျံကျော်လွှား(Leapfrog) နိုင်ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့တီထွင်မှုအညွှန်းကိန်း Global Innovation Index မှာ မြန်မာနိုင်ငံပါဝင်နိုင်မှု မရှိသေးပါဘူး။ ဆန်းသစ်တီထွင်မှုတွေကို နိုင်ငံတကာမှာ ဘယ်လိုအကောင်အထည်အဖော်ဆောင်ရွက်နေလဲဆိုတာနဲ့ ဆန်းသစ်တီထွင်မှုတွေဟာ လက်တွေ့ကျဖို့လိုတာရယ်၊ လက်ရှိမှာဖြစ်နေတဲ့ အကြောင်းအရာတစ်ခုကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေက အဓိကကျတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိနိုင်ငံရဲ့အခြေအနေဟာ စိန်ခေါ်မှုတွေအများအပြားရှိနေပါတယ်။ ဒီလိုအချိန်မှာ Innovation ကို ဇောင်းပေးလုပ်ရင် အခက်အခဲတွေအများကြီးရှိတယ်။ အဓိကကတော့ ဘာပဲလုပ်လုပ် Strategy ရှိဖို့ လိုပါတယ်။ ပြီးတော့ ဘယ်ကဏ္ဍတွေကို ဦးစားပေးလုပ်ဖို့ဆိုတာကိုလည်း စဉ်းစားဖို့လိုတယ်။ Innovation ဆိုရင် မြန်မာ Export ကို အရင်စဉ်းစားကြပါတယ်။ ပို့ကုန်မရောက်ခင် သွင်းကုန်မှာလည်း Innovation ရှိပါတယ်။ Innovation ရှိဖို့အတွက် ဘာလိုလဲဆိုတော့ တွေးခေါ်စဉ်းစားနိုင်တဲ့သူတွေလိုတယ်၊ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်တဲ့သူတွေ လိုတယ်၊ အကွက်ရွှေ့တာမြန်တဲ့သူတွေလိုပါတယ်။
Innovation လို့ပြောရင် လူငယ်တွေက အဓိကပဲ။ လူငယ်တွေ Innovation စိတ်ရှိလာအောင် လုပ်ဖို့ဆိုတာ အစိုးရတစ်ခုတည်းတော့ အဓိကမကျဘူး။ အားလုံးက ပံ့ပိုးပေးဖို့လိုတယ်။ နေရာပေးဖို့လိုတယ်။ ပြီးတော့ Business နဲ့ ပေါင်းစပ်ပေးဖို့လိုပါတယ်။ အဓိကကျတာကတော့ Business Society နဲ့ Culture မှာကိုက လူငယ်တွေကို ယုံကြည်ဖို့ လူငယ်တွေကိုအားပေးဖို့ ပညာရေးကိုအဓိကထားပြီးတော့ ဒါတွေကတော့ တိုင်းပြည်မှာအရေးကြီးတယ်ဆိုတာ မြင်ဖို့လိုပါတယ်။
ဦးသောင်းစုငြိမ်း
CEO
Information Matrix Co Ltd
ဥရောပတိုက်က လူတွေက နည်းနည်းရှေးဟောင်းဆန်တယ် ပြီးတော့ ဂုဏ်သိက္ခာပိုင်းကို အတော်စဉ်းစားတယ်။ သေချာမှလုပ်မယ်ဆိုတာမျိုးတွေ၊ နည်းနည်းလေးတွန့်ဆုတ်တာလေးတွေရှိတယ်။ အမေရိကကျတော့ အဲလိုမဟုတ်ဘူး။ သူတို့တွေက ဘာမဆိုလွတ်လွတ်လပ်လပ်နဲ့ တွေးခေါ်တယ်၊ ပြီးတော့ ကျောင်းတွေမှာဆို လူငယ်တစ်ယောက်ပြောပြီဆို ဆရာမကပြုံးပြီးတော့ နားထောင်ပြီး အားပေးတဲ့ပုံစံမျိုးတွေ လုပ်ပေးတယ်။ သူတို့ဆီမှာ လူငယ်တွေကိုနေရာပေးတယ်။ ကလေးတွေလုပ်မယ်ဆိုတာနဲ့ လူကြီးတွေက ပြုံးပြီးကြည့်နေတယ်။ ကျွန်တော်တို့ဆီမှာက လူငယ်တစ်ယောက်ကပြောပြီဆိုတာနဲ့ မယုံကြည်တဲ့မျက်နှာ၊ သိပ်ပြီးစိတ်မချတဲ့ စိုးရိမ်တဲ့စိတ် အဲဒါမျိုးတွေနဲ့ကြည့်တတ်ပါတယ်။ လူငယ်တွေက ဦးနှောက်က အလွန်ဖွံဖြိုးနေတဲ့အချိန်မှာ လုပ်ပိုင်ခွင့်ပေးတာတွေမရှိဘဲနဲ့ အသက်ကြီးလာလေ တွေးခေါ်တာက ပိုပြီးစိုးရိမ်ကြောင့်ကြစိတ်တွေများလာတော့ Innovation တွေ သိပ်မစဉ်းစားတော့ဘူး။ လူကြီးအရွယ်ရောက်တဲ့အခါမှာ လုပ်နိုင်ကိုင်နိုင်တာဟာ သူရဲ့လက်ထဲမှာရှိတယ်။ စွန့်စွန့်စားစားနဲ့ ဆန်းသစ်တီထွင်ချင်တဲ့ လူငယ်တွေရဲ့လက်ထဲကျတော့ လုပ်ပိုင်ခွင့်အာဏာတွေက ဘာမှမရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်တွေမှာ အဲဒီပြဿနာလေးတွေ ရင်ဆိုင်နေရတယ်။ အဲဒီတော့လူကြီးအနေနဲ့ လူငယ်တွေရဲ့ စကားတွေဆို ပြုံးပြုံးလေးနဲ့နားထောင်ဖို့ လိုပါတယ်။ လူငယ်တွေဆီက ဘာ Idea အသစ်အဆန်းတွေထွက်မလဲ အဲဒါတွေကို ဘယ်လိုအသုံးပြုသွားကြမယ်ဆိုတဲ့ဟာကို သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ Environment မှာ Innovation ဖြစ်တဲ့ Environment တစ်ခုပြန်ပြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
စိုးစည်သူ