Huawei Handset တွေထဲက မြန်မာပြည်မှာ အပေါက်ဆုံး Model တွေက ဘာတွေများပါလဲ . . .
လွန်ခဲ့တဲ့သုံးနှစ်အတွင်းက မြန်မာ့ဈေးကွက်မှာ လူကြိုက်အများဆုံးက Huawei G 610 ၊ G730 နဲ့ Huawei Ascend P7 တို့ဖြစ်ပါတယ်။ အခုနောက်ပိုင်း High-end Products တွေထဲမှာတော့ Mate7 ၊ G7 တို့အောင်မြင်ပါတယ်။
မြန်မာနိုင်ငံတွင်းက အရင်က MPT Simcard ပဲ သုံးလို့ရတဲ့ တချို့နယ်မြို့လေးတွေမှာ Telenor တို့ Ooredoo တို့ Tower တိုင်တွေ စိုက်ထူတာပြီးတဲ့အချိန်မှာ အဲဒီဈေးကွက်တွေအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ . . .
မြန်မာဈေးကွက်က Huawei အတွက် အလွန်အရေးကြီးပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ MPT တစ်ခုပဲ ရှိတယ်။ အခုဆိုရင် Telenor ၊ Ooredoo စတဲ့ Operator တွေလည်းရှိလာပြီ။ ဒါဟာမြန်မာပြည်အတွက် ကောင်းမွန်တဲ့တိုးတက်ပြောင်းလဲလာမှုတစ်ခုပါ။
မိုဘိုင်းလ် BlackBerry နဲ့ Nokia တို့ ကျရှုံးခန်းကို ဘယ်လိုသုံးသပ်ရှုမြင်မိပါသလဲ။ ဘယ်လို သင်ခန်းစာယူပါသလဲ . . .
Nokia ဆိုတာ မြန်မာပြည်မှာ မိုဘိုင်းလ်ဖုန်း စတင်သုံးစွဲစဉ်ကာလက မြန်မာပြည်ကလူတွေအားလုံးနီးပါး သုံးစွဲခဲ့ကြတာ သိထားပါတယ်။ ကမ္ဘာမှာလည်း အတော်ကို အောင်မြင်ခဲ့ပါတယ်။ သူတို့ဈေးကွက်မှာ ကျဆုံး သွားတာ သိပ်ကို စိတ်မကောင်းဖြစ်စရာပါ။ Feature Phone အဖြစ် Nokia ရပ်တည်ခဲ့တဲ့ကာလ၊ ဈေးကွက်ကို ကြီးစိုးခဲ့တဲ့ကာလမှာ သူတို့အနေနဲ့ နည်းပညာအပြောင်းအလဲအတွက် ကြိုတင်မပြင်ဆင်ထားမိခဲ့လို့လို့ မြင်ပါ တယ်။ အနာဂတ်ကာလမှာလည်း ဒီနည်းပညာအပြောင်းအလဲက ရှိနေဦးမှာပါပဲ။ ပိုတောင်မြန်လာဦးမှာပါ။ Huawei အနေနဲ့ ဂျာမနီ၊ ဆွီဒင်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်အပါအဝင် ကမ္ဘာ တစ်ဝန်းမှာ Research & Development Center တွေ ထားရှိပြီး တိုးတက်လာတဲ့နည်းပညာကိုလိုက်ပြီး အရည်အသွေးမြင့်ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေပါတယ်။ ကျွန်တော်တို့နည်းပညာမှာ အမြဲဦးဆောင်တဲ့သူ ဖြစ်ချင်ပါတယ်။ Huawei က စမတ်ဖုန်းထုတ်လုပ်မှုမှာ အောင်မြင်လျက်ရှိတဲ့အပြင် Mobile Equipment မှာ လည်း ကမ္ဘာ့အဆင့်နံပါတ်တစ်နေရာမှာ ရပ်တည်လျက်ရှိပါတယ်။
မြန်မာဝန်ထမ်းတွေအပေါ်သုံးသက်ချက်ကိုလည်း သိပါရစေ . . .
ကျွန်တော်တို့ ရန်ကုန် Device Department (Marketing Department) မှာ ဝန်ထမ်း ၉၈ ယောက်ကျော် ရှိပါတယ်။ သူတို့တွေက တိုးတက်ချင်တဲ့စိတ်ရှိတယ်။ ကြိုးလည်း ကြိုးစားကြတယ်။ Huawei မှာ လုပ်ရတဲ့အတွက်လည်း ဂုဏ်ယူကြပါတယ်။ အခုလို ဝန်ထမ်းကောင်းတွေ ရရှိထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အများကြီးကျေနပ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုနဲ့ ကိုယ့်ရဲ့စီမံခန့်ခွဲမှုစွမ်းရည်တွေ တိုးတက်ဖို့ အများကြီးကြိုးစားရမယ်လို့ မြင်ပါတယ်။
မြန်မာနိုင်ငံအတွက် Huawei ရဲ့ Corporate Social Responsibilities (CSR) အစီအစဉ် . . .
CSR အနေနဲ့ဆိုရင် နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ် အစရှိတဲ့ကျောင်းလေးကျောင်းက ကျောင်းသား၊ ကျောင်းသူအယောက် ၅၀ ကို တစ်ယောက် အမေရိကန် ဒေါ်လာတစ်ထောင်စီနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသောင်း စကော်လာပေးအပ်ထားပါတယ်။ ဒါအပြင် နည်းပညာတက္ကသိုလ် (သန်လျင်) မှာ နည်းပညာသင်ရိုး ညွှန်းတမ်းများ၊ သင်ထောက်ကူများ ပံ့ပိုးပေးနိုင်တဲ့ HANA Program ကိုလည်း လှူဒါန်းထားပါတယ်။ ဒါက လတ်တလောပြုလုပ်ထားတဲ့ CSR Activities တွေပါ။ အဲဒီရှေ့ကလည်း နည်းပညာတက္ကသိုလ်ရဲ့ သွေးလှူဒါန်းပွဲမှာ အာဟာရပြည့်အစားအစာတွေကို ပါဝင်လှူဒါန်းခဲ့ပါသေးတယ်။ ရှေ့ဆက်ပြီးတော့လည်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ။
မြန်မာ Customer တွေအတွက် ထပ်မံဖြည့်စွက် ပြောချင်တာရှိရင် . . .
ကျွန်တော်တို့ Huawei က Customer တွေ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်တွေထုတ်လုပ်ပါတယ်။ ဥပမာ- မြန်မာပြည်မှာဆိုရင် အရင်တုန်းက လူနည်းစုပဲ ဖုန်းကိုင်နိုင်တယ်။ အခုဆိုရင် သုံးခုရှိလာတဲ့အတွက် လူတိုင်းနီးပါး ဖုန်းကိုင်နိုင်လာပြီ။ ဆက်သွယ်ရေး လွယ်ကူလာပြီ။ Customer တော်တော်များများက ဆင်းမ်ကတ်တစ်ကတ်တည်း မသုံးချင်တော့ဘူး။ နှစ်ကတ်၊ သုံးကတ် သုံးချင်လာတယ်။ ဒါကြောင့် Huawei က Customer တွေရဲ့ လိုအပ်ချက်တွေကို လိုက်ပြီး Dual Sim Card တွေ ထုတ်လုပ်လာတယ်။ Customer တွေကလည်း ဖုန်းနှစ်လုံး၊ သုံးလုံး မကိုင်ချင်တဲ့အတွက် အဆင်ပြေတယ်။ ဒါက ဥပမာပြောတာပါ။ နောက်တစ်ခုကတော့ ပစ္စည်းတစ်ခုက မကောင်းဘူးဆိုရင် သေချာတယ် Customer က ဝယ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ထုတ်ကုန်တွေက Quality Test အဆင့်ဆင့်လုပ်ပြီးမှ ဈေးကွက်ထဲ ဖြန့်ချိတဲ့အတွက် Customer တွေကို အရည်အသွေးမြင့်ထုတ်ကုန်တွေ ပံ့ပိုးပေးနိုင်အောင်နဲ့ စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ မြင့်မားအောင် ကြိုးစားလျက်ရှိပါတယ်။
အယ်ဒီတာအဖွဲ့