ယခုအခါ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ အပြောင်းအလဲများကြောင့် လုပ်ငန်းခွင်အသီးသီးတွင် နိုင်ငံ ခြားသား ကျွမ်းကျင်သူ (Expatriate) များကို ခေါ်ယူခန့်ထားနေ ရပါသည်။ ပြည်တွင်းဝန်ထမ်းများသည်လည်း နိုင်ငံခြားသားဝန်ထမ်းများနှင့် ပူးတွဲအလုပ်လုပ်ကြရပါသည်။ ထိုအတွက် သူတို့နှင့် ပြောဆိုဆက်ဆံရာတွင် မည်သို့မည်ပုံ ပြုမူပြောဆိုရမည်ကို သတိထားစရာ ဖြစ်လာပါ၏။ ဘာသာစကား၊ ယဉ်ကျေးမှု စသည်တို့ ကွာခြားသည့်အတွက် အခက်အခဲအချို့ရှိသော် လည်း နိုင်ငံခြားသားများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းခွင်တစ်ခု၏သဘောသဘာဝများ၊ ဆက်ဆံရေးပိုင်း ဆောင်ရန်၊ ရှောင်ရန်များကို သိထားရန် လိုအပ်ပါ သည်။
Expatriateများ ခေါ်ယူရခြင်း အကြောင်းရင်း ပြည်ပက လုပ်ငန်းများ ဝင်ရောက်လာသည့်အခါ သူတို့နှင့် တွဲဖက်လုပ်ကိုင်နိုင်မည့် ကျွမ်းကျင်သော ဝန်ထမ်းများ လိုအပ်ပါသည်။ Expatriate များသည် သူတို့သက် ဆိုင်ရာ ကဏ္ဍများတွင် လုပ်ငန်းကျွမ်းကျင်မှုရှိကြသလို အတွေ့အကြုံကောင်းများ ရှိထားသည်။ ထိုအတွက်ကြောင့် သူတို့ကို ခန့်ထားကြရခြင်း ဖြစ်သည်။ ထို့ပြင် Expatriate များတွင် အသိပညာ (Specialized Knowledge) ရှိကြသည်။ ဥပမာ- ထုတ် လုပ်ထားသည့်ထုတ်ကုန်များအတွက် ဈေးကွက်ကို သိသည်။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည်။ Expatriate များတွင် သက်ဆိုင်ရာ Technical Experience များလည်း ရှိပါသည်။ ထိရောက်သော Presentation Skills, Negotiation Skills များ ပိုင်ဆိုင် ထားသည်။ ထိုအချက်ကလည်း Expatriate များကို ခေါ်ယူခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးတစ်ခု ဖြစ်ပါသည်။ နိုင်ငံခြားသား ကုမ္ပဏီများသည် သူတို့နှင့် ဘာသာစကားတူ၊ အတွေ့အကြုံချင်း တူညီသောကျွမ်းကျင်သည့် Expat များနှင့်တွဲဖက်ကာ လုပ်ကိုင်ဆောင်ရွက်လို ကြပါသည်။ သူတို့နှင့် တန်းတူရည်တူ ဖြစ်သည်ဟု သတ်မှတ်ထားသူများက သူတို့ကို ဝန်ဆောင်မှုပေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ပေးခြင်းမျိုးဆိုပါက ပိုမိုအဆင်ပြေ ကြပါသည်။ ဤသည်မှာလည်း Expatriate များကို ခေါ်ယူခန့်ထားရသည့်အကြောင်းရင်းတစ်ရပ် ဖြစ်နေပါသည်။ ထိုသို့သော နိုင်ငံခြားသား ဝန်ထမ်းများကိုကြည့်လျှင် တာဝန်ယူထားသည့်အလုပ်အတွက် Professional ဆန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်ကို တွေ့ရ ပါမည်။ ထို့ပြင် အလုပ်တာဝန်၊ အစည်းအဝေးစသည်တို့အတွက် သတ်မှတ်ချိန်ကိုလည်း တလေးတစား လိုက်နာဆောင်ရွက်တတ်ကြသည်။ သူတို့တာဝန်ယူထား ရသော တာဝန်ဝတ္တရားများနှင့်ပတ်သက်လျှင် မညည်းမညူ၊ မငြူစူဘဲ ထမ်းဆောင်နိုင်ကြပါသည်။ ကိုယ့်သမိုင်းကိုယ်ရေးမည်ဆိုသော စိတ်ဖြင့် ပြင်ဆင်ထားကြသည်။ ဤနိုင်ငံတွင် ခဏတာ လာရောက် အလုပ်လုပ်ကိုင်ချိန်တွင်လည်း အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်သည့်အပြင် နောက်ထပ် တာဝန်ယူရနိုင်သည့် ရာထူးတာဝန်၊ နောက်တစ်ဆင့်အတွက်ပါ ကြိုတင်ပြင်ဆင်ထားကြပါသည်။
Expatriate များ ပူးတွဲပါဝင်သည့်လုပ်ငန်းခွင် Expatriate တွေကို ခေါ်ယူခြင်းကြောင့် ပြည်တွင်းဝန်ထမ်းများအတွက်လည်း အကျိုးအမြတ် ရရှိနိုင်တာတွေ ရှိပါသေးသည်။ ဘာသာစကားပိုင်းတွင် အင်္ဂလိပ်စာ ကျွမ်းကျင်အောင် သူတို့နှင့် လေ့ကျင့်နိုင်သည်။ ကိုယ်တိုင်က မည်မျှပင်တတ်နေပါစေ၊ တကယ်လက်တွေ့ပြောသည့် ပတ်ဝန်းကျင်မှာ လေ့ကျင့်ပြောဆိုမှ ရဲတင်းစွာ ပြောနိုင်ပါမည်။ ထို့အတွက် အတွေ့အကြုံကို Expatriate များထံမှ ရရှိနိုင်ပါ၏။ Expatriate များ ခန့်ထားသောအခါ သူတို့ တတ်မြောက်ထားသည့် အတွေ့အကြုံများကိုလည်း ကိုယ့်ဝန်ထမ်းများက သင်ယူနိုင်ပါသည်။ သူတို့၏လုပ်နည်းလုပ်ဟန်များကိုလည်း လေ့လာနိုင်ပါသည်။ လက်တွေ့ကျသောစီမံခန့်ခွဲမှုနည်းနာများကို နိုင်ငံခြား သွားသင်စရာမလိုဘဲ လေ့လာနိုင် သည်။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပုံများကိုလည်း သင်ယူနိုင်ပါသည်။
Expatriate များနှင့် အတူတကွ ဆောင်ရွက်ရပါက သင်ယူစရာ အချက်များနှင့် သတိပြုစရာများ ၁။ မိမိက အလုပ်နှင့်ပတ်သက်လျှင် စိတ်အားထက်သန်စွာ ဆောင်ရွက်လိုစိတ် (Proactive) ရှိရန်လိုပါသည်။ ၂။ သူတို့၏ကျွမ်းကျင်တတ်မြောက်ထားမှု (Qualification) များကို လေ့လာသင်ယူရမည်။ သူတို့၏ Personality ကိုမူ မိမိအတွက် မသင့်တော်လျှင် မယူရပေ။ ၃။ ကိုယ့်လူမျိုးကို အထင်သေးစေမှာမျိုး သူတို့ရှေ့ ပြုမူပြောဆိုခြင်း၊ သင်ပေးခြင်းမျိုး မပြုလုပ်ရပေ။ ၄။ သူတို့ကို လေးလေးစားစား ပြောဆိုဆက်ဆံရမည်။ အင်္ဂလိပ်လူမျိုးက နာမည် ၤFirst Name ကို Mr, Ms စသည် တပ်ပြီးခေါ်ပြောလေ့ မရှိပေ။ George Walker ကို Mr Walker ဟုသာ ခေါ်ရပါမည်။ ၅။ ကိုယ်မသိ၊ နားမလည်တာကို ရိုးသားစွာ ဝန်ခံသင့်သည်။ အပေါ်ယံရှပ်ပြီး သိတာမျိုး မလုပ်ရပေ။ တကယ်ထဲထဲဝင်ဝင် သိအောင်လုပ်ဖို့ လိုအပ်ပါသည်။ သို့သော် သေချာမမှတ်ထားမိသဖြင့် ခဏခဏသွားပြန်မေးကာ စိတ်အနှောင့်အယှက် မပေးမိအောင်လည်း သတိထားရပါမည်။ ၆။ Expat များက ပြဿနာနှင့် လူကို ခွဲခြားသိမြင်ကြသည်။ ပြောစရာရှိသည်ကို အကျိုးသင့်အကြောင်းသင့်တင်ပြနိုင်သည်။ ငြင်းခုံစရာရှိလျင် ငြင်းခုံသော်လည်း လူကို အငြိုးမထားတတ်ကြ။ အခက်အခဲတစ်ခုအတွက် မတူညီသော ရွေးချယ်စရာများ ထည့်သွင်းတွက်ချက်နိုင်ကာ ပြဿနာကို ထောင့်ပေါင်းစုံ စဉ်းစားတတ်ကြသည်။ ၇။ သူတို့နှင့် ပူးတွဲအလုပ်လုပ်စဉ်တွင် မိမိကလည်း မခံချင်စိတ်ထားရန် လိုသည်။ တစ်နေ့တွင် သူတို့ကဲ့သို့ပင် တာဝန်တွေယူနိုင်ရမည်ဆိုသောစိတ် ရှိရပါမည်။ အခွင့်အလမ်းကောင်းတစ်ခုဟု ရှုမြင်တတ်ရပါမည်။ သူတို့မပါဘဲ မိမိကဦးဆောင်ရမည့် အနေအထားအတွက် ကြိုတင်ပြင်ဆင်လေ့လာသင်ယူမှု (Learning pain) ရှိထားရမည်။ ၈။ Expat များက ဘယ်လိုပင် ထက်မြက်ထူးချွန်နေစေကာမူ ပြည်တွင်းဝန်ထမ်းများဘက်က ရေမြေအနေအထား၊ ဒေသအထာကို ကျွမ်းကျင်နေသည့်အတွက် ထိုအချက်က Expat များထက် အားသာနေဆဲသာ ဖြစ်သည်။ ထို့ကြောင့် အရာရာကို အပေါ်ယံအသိမျှသာ မဟုတ်ဘဲ ထဲထဲဝင်ဝင်သိအောင် တတ်ကျွမ်းရ မည်။ ဖြစ်နိုင်လျှင် အင်္ဂလိပ်လို လေ့လာနိုင်အောင်၊ ကိုယ်ပြောလိုသည်ကို ရှင်းလင်းစွာတင်ပြနိုင်အောင် ကြိုးစား အားထုတ်သွားရပါမည်။ ၉။ သူတို့နှင့် ပြောဆိုဆက်ဆံရာတွင် မိမိက မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြု ဆက်ဆံရန် လိုအပ်ပါသည်။ ကိုယ်က နိုင်ငံနှင့်လူမျိုးကို ကိုယ်စားပြုထားရ မည်။ ရွှေတိဂုံစေတီတော်တွင် ဖိနပ်မစီးရန် သိကြသော်လည်း နယ်ရောက်တော့ မထင်မရှား စေတီတစ်ဆူမှာ စီးချင်လည်း စီးသွားခွင့်ပေးတာမျိုး မပြုလုပ်ရပေ။ ဆိုလို သည်မှာ ကိုယ့်ယဉ်ကျေးမှုကို လေးစားမှု လျော့ကျအောင် မပြောဆို၊ မကျင့်ကြံမှသာ အများတကာ၏ လေးစားအထင်ကြီးမှုကို ခံယူရရှိပါမည်။
ပါမောက္ခဒေါက်တာအောင်ထွန်းသက် Expat ခေါ်တာက Specialized Knowledge ကိုယ့်မှာ မရှိတဲ့အတွက် ခေါ်ရတာဖြစ်တယ်။ ဥပမာ- ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေမှာဖြစ်တယ်။ Industry အလိုက်ကတော့ Capacity ရှိပြီး Local Knowledge ကို အားကိုးတဲ့ Industry တွေမှာတော့ Expat မခေါ်ဘူး။
ဦးကျော်တင် SGS Myanmar Managing Director မြန်မာဝန်ထမ်းတွေအားလုံးအနေနဲ့ နိုင်ငံတကာကလို လက်တွေ့အတွေ့အကြုံမရနိုင်ပေမဲ့ စာတွေ့ကိုပဲဖြစ်ဖြစ်၊ ဟောပြောပွဲတွေပဲဖြစ်ဖြစ်တက်ပြီးတော့ ဒါတွေကို ပြင် ဆင်ထားဖို့လိုပါတယ်။ နောက်တစ်ခုက အင်္ဂလိပ်စာပါ။ အင်္ဂလိပ်စာက မြန်မာနိုင်ငံမှာ တော်တော်လေး အားနည်းနေပါသေးတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ် တဲ့အခါမှာ ဒါက လိုကိုလိုအပ်မှာပါ။
ဦးစိုးဝင်း Managing Director Myanmar Vigour Co Ltd Expatriate တွေ ခေါ်တဲ့အခါ ရှိလာနိုင်တဲ့ Pros & Cons ကတော့ သူတို့ဆီက အတတ်ပညာရမယ်၊ ဘာသာစကား ကျွမ်းကျင်လာမယ်။ ပြင်ပနိုင်ငံခြားသားတွေနဲ့ ဆက်ဆံတဲ့အခါ အတွေ့အကြုံရမယ်။ အတွေးအခေါ်၊ အပြောအဆို ရဲတင်းလာနိုင်မယ်။
ဦးမင်းစိန် Advocate of the Supreme Court Exposure လို့ခေါ်တဲ့ နိုင်ငံတကာတွေ့ထိမှုဆိုတာ လက်တွေ့လုပ်ခဲ့ရမှ သိတာတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေဆိုရင် အဲဒီကျွမ်း ကျင်တဲ့ နိုင်ငံခြားသားတွေကို သုံးနေကြတာ မြင်တွေ့ရပါ တယ်။ မြန်မာတွေကို ပြစ်ပယ်ဖို့ပြောတာ မဟုတ်ပါ။ မြန်မာတွေဟာ အလွန်တော်ကြပါတယ်။ အထက်ကပြောတဲ့ Exposure ရအောင် လေ့ကျင့်ပေးဖို့ပဲ လိုပါတယ်။
ဦးမိုးသဲ Managing Director TODAY Ogilvy & Mather Myanmar နိုင်ငံခြားသားခေါ်ရတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်၊ လိုအပ်ချက်က အလုပ်လုပ်ဖို့အပြင် သူတို့ကို ကျွန်တော်တို့ဝန်ထမ်းတွေနဲ့တွဲပြီး On Job Training ပေးတဲ့ ပုံစံမျိုးပါပဲ။ နိုင်ငံခြားသားနဲ့ အတူတူလက်တွဲလုပ်တဲ့ အခွင့်အရေးက မြန်မာဝန်ထမ်းတွေအတွက် Learning Process ပါပဲ။
ဒေါ်လင်းလင်းတင်ထွန်း Managing Director Mango Marketing Services Co Ltd ကျွန်မတို့ဆီမှာက များသောအားဖြင့် အထက်လူကြီးကို လေးစားရတယ်။ ရိုသေတယ်။ မေးခွန်း ပြန်မမေးရဲဘူး။ မဝံ့မရဲစိတ်ရှိတယ်။ နိုင်ငံခြားသားတွေကတော့Inform- ation ရှာတာဟာ မေးခွန်းတွေမေးပြီး ရှာတာများပါတယ်။ တစ်ခုခုဆိုရင် တစ်ယောက်ယောက်က နည်းလမ်းပြောပေမဲ့ သူတို့က ''တခြားနည်းလမ်းလုပ်ရင် မရဘူး လား'' ''ဒီလို လုပ်လိုက်ရင်ရော'' ''ဘာကြောင့်လဲ'' စသဖြင့် မေးခွန်းတွေထုတ်ကြတယ်။
Ref: CEO (8/2013)