ပို့ကုန်တိုးတက်မြှင့်တင်ရေး

ပြည်ပပို့ကုန်လုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံအတွက် အဓိကဝင်ငွေရှာဖွေပေးသောလုပ်ငန်းဖြစ်သည်။ တချို့နိုင်ငံများက သွင်းကုန်အစားထိုးရေးကို မူဝါဒအဖြစ် ချမှတ်လုပ်ဆောင်ကြသည်။ သွင်းကုန်အစားထိုးရေးသည် နိုင်ငံခြားငွေကုန်ကျစရိတ်ကို လျှော့ချရုံသာ စွမ်းဆောင်နိုင်သည်။ ပို့ကုန်တိုးမြှင့်ရေးကသာ တိုင်းပြည်ဝင်ငွေကို ပိုမိုတိုးပွားစေနိုင်ပါသည်။

ပို့ကုန်တိုးတက်မြှင့်တင်ရေးတွင် မည်သည့်နိုင်ငံသို့ တင်ပို့မည်၊ မည်သည့်ကုန်ပစ္စည်းကို တင်ပို့မည်၊ မိမိနှင့် ယှဉ်ပြိုင်တင်ပို့သူများအပေါ် အားသာချက်၊ အားနည်းချက်၊ ဈေးကွက်အခြေအနေတို့ကို သေချာလေ့လာသိရှိပြီး ဗျူဟာကျကျဆောင်ရွက်ရပေမည်။

ထို့အတွက် သတင်းအချက်အလက်လိုအပ်သည်။ ယှဉ်ပြိုင်သူများကို အသာစီးရရန် နည်းပညာလိုအပ်သည်။ အလေအလွင့်နည်းနည်း၊ ပို့ဆောင်စရိတ်ကျဉ်းကျဉ်း၊ ကုန်ကျစရိတ်သက်သာ၍ အမြတ်များများရရန် ခေတ်မီစီမံခန့်ခွဲမှုလိုသည်။

လိုအပ်သမျှ ဖြည့်စွမ်းဆောင်ရွက်နိုင်ရန် အရင်းအနှီးလိုသည်။ မြန်ဆန်ချောမွေ့စွာ ထုတ်လုပ်၊ သယ်ပို့၊ ရောင်းချနိုင်ရန် ဗျူရိုကရေစီနည်းပါးသည့် လုပ်ငန်းစဉ်လိုအပ်သည်။

ထိုလိုအပ်ချက်များကို ဖြည့်စွက်ရန် လုပ်ငန်းရှင်တစ်ဦးတည်းအင်အားဖြင့် မစွမ်းဆောင်နိုင်ပေ။

နိုင်ငံတော်အစိုးရက ဦးဆောင်၍ တိကျသောလမ်းညွှန်ချက်များဖြင့် ကူညီပံ့ပိုးပေးမှသာ မြန်မာ့ပို့ကုန်စီးပွားရေးသည် အချိုးညီညီ စည်ပင်တိုးတက်လာမည် ဖြစ်ပါသည်။

အယ်ဒီတာ