Hideaki Kato

Hideaki Kato

General Manager

Fuji Xerox Asia Pacific Ptd Ltd (Myanmar Branch)

Kato1

ရုံးသုံးစက်ပစ္စည်းတွေမှာ အထူးထင်ရှားတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် Fuji Xerox က နေရာယူထားပါတယ်။ Fuji Xerox Asia Pacific Pte Ltd ရဲ့ မြန်မာနိုင်ငံရုံးခွဲမှာ General Manager အဖြစ် တာဝန်ယူထားတဲ့ ဂျပန်နိုင်ငံသား Mr Hideaki Kato နဲ့ အင်တာဗျူးတွေ့ဆုံဖြစ်ခဲ့ပြီး သူ့ရဲ့ပညာရေးလမ်းကြောင်း၊ လုပ်ငန်းခွင်ဘဝနဲ့အတူ သူညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားတဲ့ Japan Chamber of Commerce and Industry, Myanmar (JCCM) အကြောင်းကို သိခွင့်ရခဲ့ပါတယ်။

ငယ်စဉ်ဘဝနဲ့ ပညာရေး . . .

ကျွန်တော့်ကို ၁၉၆၄ ခုနှစ်မှာ တိုကျိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မှာ ညီတစ်ယောက် ရှိပါတယ်။ ကျွန်တော့်အသက် ၁၄ နှစ်မှာ အဖေက ဆုံးပါးသွားခဲ့ပါတယ်။ အမေက နောက်အိမ်ထောင်မပြုဘဲ အလုပ်ကြိုးစားလုပ်ရင်း ကျွန်တော့်တို့ညီအစ်ကိုနှစ်ယောက်ကို တက္ကသိုလ် ကျောင်းထားခဲ့ပါတယ်။ ဆွေမျိုးတွေကလည်း ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အဖေဆုံးသွားပြီးနောက်မှာ ကျွန်တော်က အမေ့ကို အထောက်အပံ့ဖြစ်စေမယ့် သားတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ ရည်ရွယ်ချက်ထားခဲ့ပါတယ်။ ဒီလိုနဲ့ တိုကျိုတက္ကသိုလ်တစ်ခုကနေ Marketing နဲ့ Mass Communication ဘွဲ့ရခဲ့ပါတယ်။

လုပ်ငန်းခွင်ဘဝအစ . . .

၁၉၈၆ ခုနှစ်မှာ Fuji Xerox ရဲ့ တိုကျိုရုံးခွဲမှာ Sales Person အဖြစ် အလုပ်စဝင်ခဲ့ပါတယ်။ Sales ဌာနမှာ ငါးနှစ်ကြာ လုပ်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ Marketing Department ကို ပြောင်းခဲ့ပြီး Budget Planner အဖြစ် လုပ်ခဲ့ပါတယ်။ ငွေရေးကြေးရေးကိုပဲ Planning လုပ်ခဲ့ရတာ မဟုတ်ဘဲ အချိန်ဘယ်လောက်အကြာမှာ ကုန်ပစ္စည်းဘယ်လောက်အရေအတွက်ရောင်းရလဲ ဆိုတာကိုပါ Planning လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ထပ်ငါးနှစ်ကြာတဲ့အခါ Finance Department ကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ Corporate Budgeting ပိုင်းကို တာဝန်ယူခဲ့ရပါတယ်။ Corporate Finance ကိုတာဝန်ယူဖို့ Headquarter ကိုမပြောင်းခင်မှာ အမေရိကားမှာ Workshop တက်ခဲ့ရပါတယ်။ အဲဒီတုန်းက အင်္ဂလိပ်စာက ကျွန်တော့်အတွက် တော်တော်ခက်ခဲခဲ့ပါတယ်။ အဲဒီမှာ Budget Management ပိုင်း၊ Budget Control ပိုင်းကို လေ့လာခွင့် ရခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ ဂျပန်ပြည်တွင်းကျောင်းတစ်ခုမှာ MBA တက်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ Product Development Department မှာ လုပ်ခဲ့ပါတယ်။ Branding အတွက်လည်းပါပါတယ်။ ကုန်ပစ္စည်းသစ် ထုတ်ဖို့အတွက် ဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲဆိုတာတွေ တွက်ချက်ရပါတယ်။ နောက်ပြီး ပြည်တွင်းမှာ ဖြန့်မယ့် ကုန်ပစ္စည်းတွေတင်မကဘဲ နိုင်ငံခြား အထူးသဖြင့် တရုတ်ပြည်ဘက်ကို ဖြန့်ဖြူးမယ့် ကုန်ပစ္စည်းတွေအတွက် စဉ်းစားရပါတယ်။

ဒီလိုနဲ့ ငါးနှစ်ကြာပြီးနောက်မှာ ကျွန်တော် တရုတ်ပြည်၊ ရှန်ဟိုင်းရုံးခွဲကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ Business Planning ပိုင်းကို တာဝန်ယူခဲ့တယ်။ ခြောက်နှစ်ကြာ တရုတ်ပြည်မှာ တာဝန်ကျခဲ့ပြီး ကြားထဲမှာ တစ်နှစ်ခန့် စင်ကာပူမှာ တာဝန်ကျခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သွားလာနေထိုင်ရေးအဆင်ပြေဖို့အတွက် တရုတ်စကား သင်ခဲ့ရပါတယ်။ ခြောက်နှစ်ပြီးတဲ့နောက် ဂျပန်ကိုပြန်သွားခဲ့ပြီး Corporate Business Planning ပိုင်းကို လုပ်ခဲ့ပါတယ်။ လေးနှစ်ကြာ ဆက်လုပ်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ရောက်လာပါတယ်။

Fuji Xerox အကြောင်း . . .

ကျွန်တော်တို့ကုမ္ပဏီက Fuji Film နဲ့ Xerox Corporation တို့ လုပ်ထားတဲ့ Joint Venture ကုမ္ပဏီ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စတင်တည်ထောင်ပြီး Headquaters ကတော့ တိုကျိုမြို့မှာရှိပါတယ်။ မိတ္တူစက်တွေ၊ Printer တွေ၊ Scanner တွေကို အဓိကထား ထုတ်လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ တာဝန်ယူထားတဲ့အပိုင်း . . .

ကျွန်တော်က လက်ရှိမြန်မာနိုင်ငံရုံးခွဲမှာ General Manager အနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံရုံးမှာ Expatriate က ကျွန်တော်အပါအဝင် ငါးဦးရှိပါတယ်။ Sales Manager ကလည်း ဂျပန်လူမျိုး ဖြစ်ပါတယ်။ Customer Service ပိုင်းကိုင်တာကတော့ ဂျပန်နဲ့ ထိုင်းလူမျိုးဖြစ်ပါတယ်။ Sales Executive ကတော့ ကိုရီးယားလူမျိုးဖြစ်ပါတယ်။ နောက်ပြီး Training ပိုင်းကိုတော့ Singapore Headquarters ရဲ့ HR ပိုင်းက တာဝန်ယူစီစဉ်ပေးပါတယ်။

မြန်မာနိုင်ငံက လုပ်ငန်းခွင်ဘ၀ . . .

အခုဆိုရင် မြန်မာနိုင်ငံကိုရောက်တာ သုံးနှစ်ရှိပါပြီ။ လုပ်ငန်းခွင်ထဲမှာ လူမျိုးအတော်များများရှိတဲ့အခါ ကာရာအိုကေသွားဆိုတာမျိုးဆိုရင် အတော်ရယ်စရာကောင်းပါတယ်။ အားလုံးအဆင်ပြေအောင် အင်္ဂလိပ်သီချင်းပဲ ဆိုလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာလူမျိုးတွေနဲ့ အလုပ်တွဲလုပ်ရတာလည်း တော်တော်အဆင်ပြေပါတယ်။ မြန်မာလူမျိုးတွေက စိတ်ထားနူးညံ့တယ်။ အလုပ်ကြိုးစားတယ်။ သင်ယူချင်စိတ် ပြင်းထန်တယ်။ Team Work လည်းကောင်းကြတယ်။

Fuji Xerox ရဲ့ ဈေးကွက်မှာယှဉ်ပြိုင်မယ့် အစီအစဉ်က ဘာများဖြစ်မလဲ။ Fuji Xerox ရဲ့ Unique Selling Point ကိုလည်း သိချင်ပါတယ် . . .

ကျွန်တော်က Marketing Background နဲ့လာတာဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေရဲ့ Buying Behaviour ကို တစ်နှစ်ကြာ လေ့လာဖြစ်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေက Brand အမျိုးမျိုးပြောင်းသုံးလေ့မရှိဘူး။ ကြာကြာခံတဲ့ အမျိုးအစားကို နှစ်သက်ကြတယ်။ Toyota တို့၊ Canon တို့ဆိုရင် မြန်မာနိုင်ငံက လူအတော်များများ သိကြပါတယ်။ ဒီလိုကြာရှည်ခံတဲ့ပစ္စည်းတွေကို နှစ်သက်တာက ဂျပန်လူမျိုးတွေနဲ့လည်း အတော်တူပါတယ်။ ဒီလိုကြာရှည်ခံတဲ့အချက်က Fuji Xerox ရဲ့ Unique Selling Point ဖြစ်ပါတယ်။

Fuji Xerox ရဲ့ မြန်မာပြည်တိုက်ရိုက်ရုံးခွဲကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ Fuji Xerox က  ဈေးကွက်ထဲမှာရှိတဲ့ တခြား Brand တွေလိုမဟုတ်ဘဲ Branch Office အနေနဲ့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ Concordia ကုမ္ပဏီကလည်း Fuji Xerox ပစ္စည်းတွေအတွက် ကောင်းမွန်တဲ့ Distributor ဖြစ်ပါတယ်။ ကျွန်တော်တို့ ရုံးခွဲကလည်း ဒီမှာရှိနေပြီဆိုတော့ ကျွန်တော်တို့ရဲ့ Distributor ကို တိုက်ရိုက်ပံ့ပိုးပေးနိုင်သွားတယ်။ Communication လည်း ပိုပြီးကောင်းကောင်းလုပ်နိုင်သွားတယ်။ Customer တွေရဲ့ လိုအပ်ချက်တွေကိုလည်း တိုက်ရိုက်ကြားသိနိုင်ပြီး မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေးနိုင်သွားတယ်။ ဒီလို Distributor နဲ့ Manufacturer ဟာ အနီးကပ်ရှိနေတဲ့အခါ Distributor က Marketing ကို ပိုပြီးတော့ ကောင်းကောင်းလုပ်နိုင်တာကလည်း ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေထက် အားသာချက်တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Marketing အတွက် ရင်းနှီးမြှပ်နှံမှုကလည်း များပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာဆိုရင် Market ရှိပြီး လူသိလည်း များပါတယ်။ ကျွန်တော်တို့ မကြာသေးခင်ကလည်း နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်ကို Brand Ambassador အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နီနီခင်ဇော်က ဆရာဝန်ဘွဲ့လည်းရထားပြီး ခင်မင်နှစ်လိုဖွယ် အရည်အချင်းတွေလည်း ရှိတာကြောင့် Brand Ambassador အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

Japan Chamber of Commerce and Industry, Myanmar (JCCM) အကြောင်း ရှင်းပြပေးပါ . . .

JCCM ကို ၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့တာကြောင့် အခုဆိုရင် နှစ်ပေါင်း၂၀ ကျော်လာပါပြီ။ Chairman က Ryotaro Sumi ဖြစ်ပြီး JETRO (Japan External Trad Organization) ရန်ကုန်ရုံးမှာ ရုံးခန်းတည်ရှိပါတယ်။ အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၃၀၁ ခု ရှိပါတယ်။ (၂၀၁၆ ခုနှစ်၊ ဧပြီလ)။ ဂျပန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရောက်နေတာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပါတယ်။ ဒါကို JCCM အဖွဲ့ဝင်တွေ နှစ်စဉ်တိုးလာတာကိုကြည့်ပြီး သိနိုင်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကုမ္ပဏီ ၆၁ ခုကနေ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေကြောင့် ကုမ္ပဏီ ၅၃ ခုထိ လျော့သွားပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ၈၅ ခုပြန်ဖြစ်လာကာ အခုဆိုရင် ၃၀၁ ခု ထိဖြစ်လာပါတယ်။ ကုမ္ပဏီအမျိုးအစားတွေကိုပြောရမယ်ဆိုရင် ကုန်သွယ်လုပ်ငန်းလုပ်တဲ့ကုမ္ပဏီက ၂၅ ခု၊ ဘဏ္ဍာရေးဆိုင်ရာအ ဖွဲ့အစည်းက ၁၂ ခု၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီက ၆၁ ခု၊ ဆောက်လုပ်ရေးကုမ္ပဏီ အခု ၈၀၊ လက်လီနဲ့ဝန်ဆောင်မှုကုမ္ပဏီ ၇၃ ခုနဲ့ Logistics ကုမ္ပဏီ ၂၉ ခုတို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုရေးကိစ္စတွေကို သေချာဆောင်ရွက်ပေးနိုင်အောင် CSR Department ကို မနှစ်က ဖွဲ့စည်းလိုက်ပါတယ်။ JCCM ဟာ ဂျပန်အစိုးရရော၊ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ JETRO နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ JETRO ဆိုတာက ဂျပန်နိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်မယ်ဆိုရင် ဆက်သွယ်ရတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ နောက်ပြီး Japan International Co-operation Agency (JICA) နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ JCCM ၊ JETRO နဲ့ JICA တို့ဟာ ကွဲပြားတဲ့ အဖွဲ့အစည်းတွေဖြစ်ပေမယ့် အခြေခံရည်ရွယ်ချက်တွေ တူညီပါတယ်။

JCCM ရဲ့ လှုပ်ရှားမှုတွေ . . .

JCCM အဖွဲ့ဝင်တွေကြားမှာ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးတွေမှာ ဝေမျှတာ၊ အခွန်ကိစ္စရပ်ဆိုင်ရာ၊ ကုန်သွယ်ရေးနဲ့ဘဏ္ဍာရေးဆိုင်ရာနဲ့ အလုပ်သမားရေးရာ သုတေသနပြုလုပ်တာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ စီးပွားရေးဆိုင်ရာ လေ့လာဆန်းစစ်မှု အစီအစဉ်တွေ ဆောင်ရွက်တာတွေ၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အထူးအစီအစဉ်တွေနဲ့ အခွန်နဲ့ဆိုင်တဲ့ ဆွေးနွေးဟောပြောပွဲတွေကျင်းပတာ၊ Myanmar Japan Joint Initiatives (MJJI) လိုမျိုး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေနဲ့ Infrastruture တွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် ဆွေးနွေးပွဲတွေပြုလုပ်တာ၊ အထွေထွေ လူထုဆက်သွယ်ရေးဆိုင်ရာတွေ ဆောက်ရွက်တာ၊ UMFCCI လို အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်တာကို လုပ်ဆောင်နေပါတယ်။ တခြား လှုပ်ရှားမှုတွေကတော့ အမျိုးမျိုးသော စီးပွားရေးဆိုင်ရာရည်မှန်းချက်တွေကို လက်ခံဆောင်ရွက်တာ၊ ဂျပန်သံရုံးနဲ့ အစိုးရပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးတာတွေ ပြုလုပ်ပါတယ်။

JCCM ကို ဆက်သွယ်နိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ် . . .

JETRO ရုံးတည်ရှိတဲ့ အမှတ် ၁၀၂၊ ၁၀၃၊ Prime Hill Business Square ၊ အမှတ် ၆၀၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ကို ဆက်သွယ်နိုင်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၁-၃၇၁၇၈၇ဖြစ်ပါတယ်။

လက်ရှိ ဂျပန်-မြန်မာဆက်ဆံရေးကို သုံးသပ်ပြပါ . . .

အခုဆိုရင် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ NLD Economic Committee အသစ်ကို ဖွဲ့စည်းဖို့ဆောင်ရွက်နေပြီး နေပြည်တော်မှာ တရားဝင်အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ပြီးပါပြီ။ ဒီအစည်းအဝေးကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တက်ရောက်ခဲ့ပါတယ်။ သူဆိုရင် မြန်မာနိုင်ငံကို လာရောက်တာဟာ ခြောက်ကြိမ်လောက် ရှိပါပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။

နန္ဒာနေဝင်း