ယှဉ်ပြိုင်ခြင်းဆိုတာ ပြိုင်ဘက်တွေနဲ့ ရှေ့မှာရောက်နေအောင် ကြိုးစားလုပ်ကိုင်ရခြင်း ဖြစ်ပါသည်။ ဒါပေမယ့် HARDBALL ရဲ့ အဓိပ္ပာယ်က အထက်ပါ ခေါင်းစဉ်မှာ ဖော်ပြထားသလို အဓိပ္ပာယ်က ဒီထက်ကျယ်ပြန့်တယ်။ ကိုယ်က ရှေ့မှာ ပြတ်ပြတ်သားသား ရောက်နေအောင် မဆုတ်မနစ်သော ဇွဲနဲ့ မနားတမ်းကြိုးစားနေရပြီး ရရှိလာတဲ့ အသာစီးရမှုကိုလည်း ရေရှည်ဆက်လက်ထိန်းထားဖို့လိုတယ်လို့ HARDBALL က ဆိုလိုတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလထုတ် Harvard Business Review စာစောင်ပါ ''Hardball Strategies'' ဆိုတဲ့ ဆောင်းပါးမှာ မီးမောင်းထိုးပြထားတယ်။
အယူအဆ . . .
ကြမ်းကြမ်းတမ်းတမ်း ကစားရင်ရှုံးမှာပဲလို့ တွေးကြထင်ကြတာ ခေတ်စားနေတယ်။ အဲသလို ကစားတာမျိုး၊ လုပ်ကိုင်ဆောင်ရွက်တာမျိုးဟာ သူများအကျိုးကို ထည့်မတွက်တာ၊ ကောင်းတဲ့အကျင့်သီလမရှိတာ၊ ယဉ်ကျေးသိမ်မွေ့မှုမရှိတာကို ပြနေတာဖြစ်တယ်လို့ ယူဆကြတယ်။ Enron ကုမ္ပဏီရဲ့ ဟိုးလေးကျော်တဲ့ ကျဆုံးမှုတွေဟာ အဲဒီလိုကစားနည်းနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့လို့ ဖြစ်တယ်လို့ ယူဆကြတယ်။ ဒါဟာမဟုတ်ပါဘူး။ Hardball ဆိုတာ ရာဇဝတ်မှုကျူးလွန်တာနဲ့ မဆိုင်ဘူး။ အကျင့်သီလစောင့်စည်းမှု မရှိဘူးလို့တောင် ပြောလို့မရဘူး။ သန္နိဋ္ဌာန်ခိုင်မာခြင်းနဲ့ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုကို အာရုံစိုက်ပြီး ဇွဲနပဲနဲ့ဆောင်ရွက်လိုစိတ်ရှိခြင်းသာ ဖြစ်ပါတယ်။
Wal - Mart ကုန်စုံဆိုင်ကြီးဟာ အမြတ်အစွန်းတွေ အများကြီး ရလာခဲ့တယ်။ ကမ္ဘာမှာ အကြီးဆုံး လက်လီကုန်စုံဆိုင်ကြီး ဖြစ်လာခဲ့တယ်။ သူ့ဆိုင်မှာ တင်ရောင်းဖို့ ကုန်ပစ္စည်းတွေ ပို့ကြတဲ့သူတွေကို ပစ္စည်းတွေ ဘယ်လိုဝယ်ယူရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီ Supplier တွေအနေနဲ့ ကုန်စုံဆိုင်ကြီးရဲ့ သိုလှောင်ရုံတွေကို ဘယ်တော့ပစ္စည်း ထပ်ဖြည့်ပေးလို့ ရမယ်ဆိုတာလည်း ပြောပြထားတယ်။ ကုန်ပစ္စည်းပို့ရာမှာလည်း နည်းနည်းစီပို့တာမဟုတ်ဘဲ တစ်ကြိမ်မှာ အပြည့်ပို့ကြဖို့ ပြောပြထားတယ်။ အဲသလိုတွေ လုပ်လို့ ဒီကုန်စုံဆိုင်ကြီး ကြီးပွားတိုးတက်လာတာဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန် . . .
Hardball နဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် ချမှတ်ထားတဲ့ လမ်းညွှန်မှုတွေရှိတယ်။ ပထမအချက်အနေနဲ့ အသာစီးအများကြီးရအောင် အပြင်းအထန် ကြိုးစားပါ။ စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထိန်းကျောင်းရသူတွေတော့ ဒီလိုလုပ်ရင် ဈေးကွက်ကို လက်ဝါးကြီးအုပ်ရာရောက်မှာ မစိုးရိမ်ကြပါဘူး။ ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်တယ်ဆိုတာ သိပ်ပြီး မတရားလွန်ကဲတဲ့ အခြေအနေမျိုးတွေမှာသာ ဖြစ်တတ်တာပါ။ ဒီအဖြစ်မျိုးကို တားဆီးတာလည်း မှန်ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုဟာ အဲသလို လွှမ်းမိုးရင်းနဲ့ပဲ အခြေအနေတိုးတက်လာတာ ဖြစ်တယ်၊ ဝယ်သူတွေကိုလည်း တကယ်တမ်း အကျိုးပြုသွားတာပါပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး ဆက်စပ်ဆောင်ရွက်ရမယ့် အချက် ၂ ချက်ကတော့ ကိုယ်လုပ်ကိုင်နေတဲ့ ဈေးကွက်မှာ ကိုယ့်လုပ်ငန်းကို လက်ခံလာကြဖို့ဟာ အလွန်အရေးကြီးတယ်။ ဒါကြောင့် ဖောက်သည်တွေ၊ လူ့အသိုင်းအဝိုင်းတွေနဲ့ ကင်းကွာသွားမှုမရှိစေဘဲ အတတ်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ပါ။
ဘာကိုဘယ်လောက် အတိုင်းအတာထားပြီး လုပ်ရမလဲဆိုတာသိဖို့ဆိုရင် ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာမေးကြည့်ပါ။ ကိုယ်လုပ်လိုက်တာဟာ ဖောက်သည်အတွက် အကျိုးရှိရဲ့လား၊ တရားဥပဒေနဲ့ ဆန့်ကျင်နေသလား၊ ကိုယ့်ပြိုင်ဘက်ကို နစ်နာသွားစေသလား။ လူတွေက မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေကို ရလာဖို့ Interest Groups ဆိုတဲ့ အဖွဲ့တွေဖွဲ့ထားတာရှိတယ်။ ဒီအဖွဲ့တွေဟာ အစိုးရအပေါ် သြဇာညောင်းမှု ပို၍ပို၍ ရှိလာကြတယ်။ ဒါကြောင့် ကုမ္ပဏီဟာ မိမိလုပ်ကိုင်လိုက်တဲ့ အလုပ်ဟာ သူတို့တွေက ကုမ္ပဏီကို ရန်သူသဖွယ်ဖြစ်လာကြလေမလား၊ အဲဒီမေးခွန်းတွေကို ကိုယ်ဘာသာမေးကြည့်ဖို့လိုတယ်။ အဲဒီ မေးခွန်းတွေနဲ့ တစ်ခုတည်းသော အဖြေမှန်က အစဉ်လိုက်ပြောရရင်- ဟုတ်တယ်၊ မဟုတ်ဘူး၊ မဟုတ်ဘူးနဲ့ မဖြစ်နိုင်ဘူးဆိုတာတွေပါပဲ။ ဖောက်သည်တွေကို သူများတွေ ဝန်ဆောင်မှု၊ အကျိုးပြုမှု လုပ်ပေးနေကြတာထက် ကိုယ်ကပိုလုပ်ပေးနိုင်ဖို့ဟာ အင်မတန် အရေးကြီးတယ်။ ဖောက်သည်တွေအတွက် အကျိုးမရှိပဲ မိမိရဲ့ယှဉ်ပြိုင်ဘက်တွေကိုသာ ပစ်မှတ်ထားပြီး လုပ်ကိုင်ခြင်းဟာ မလိုအပ်တဲ့အပြင် ကိုယ့်ရူးကိုယ်ပတ်တောင် ဖြစ်သွားနိုင်သေးတယ် (ဖောက်သည်တွေက ကုမ္ပဏီကို ရွံ့မုန်းသွားကြမှာပါ)။
နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ယှဉ်ပြိုင်ခြင်းအချက်ကို မနားမနေအာရုံစိုက်နေဖို့ပါပဲ။ ဒီအတွက်နည်း ၂ နည်းနဲ့ လုပ်ကိုင်ရမှာ ဖြစ်တယ်။ တစ်နည်းက ဖောက်သည်ကို အဓိကအာရုံစိုက်ယှဉ်ပြိုင်တဲ့ စီးပွားရေးလုပ်နည်းလုပ်ဟန် ဓလေ့တစ်ရပ် ထူထောင်ဖို့ဖြစ်ပြီး နောက်တစ်နည်းကတော့ အဲသလို ဆောင်ရွက်တဲ့ စိတ်ဓာတ်ကို မညှာတမ်း ဆက်လက်အသုံးချသွားဖို့ပဲ ဖြစ်တယ်။ နောက်အချက် ၂ ချက်ကလည်း အရေးကြီးတာပါပဲ။ သင့်ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို သင့်အတွက် အကျိုးရှိအောင် အသုံးချပါ။ ဒါပေမယ့် တိုက်ရိုက်ကုမ္ပဏီတစ်ခုချင်း ယှဉ်ပြိုင်မှု မလုပ်ပါနဲ့၊ အဲသလိုလုပ်ရင် ဖောက်သည်တွေ အကျိုးယုတ်ပြီး ပြိုင်ဘက်တွေကိုပဲ အာရုံစိုက်လုပ်ကိုင်သွားသလို ဖြစ်သွားမှာပဲ။ နောက်ဆုံးအနေနဲ့ လုပ်သင့်တာက သင့်ကိုယ်သင်ရော သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ မှန်ကန်တဲ့သဘောထားတွေ ရှိအောင်လုပ်ပါ။ လူအများစုဟာ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒတွေချည်းပါပဲ၊။ ဒီအချက်ကို အသုံးချပါ။ ဒီအတွက် အချိန်ဆွဲမနေဘဲ လက်တွေ့ စတင်လုပ်ကိုင်ဖို့လည်း လိုတယ်၊ လက်ရှိအခြေအနေကို ပြောင်းလဲချင်စိတ်နဲ့ အမြဲလိုလို တိုးတက်အောင် လုပ်ချင်တဲ့ စိတ်ဆန္ဒရှိဖို့ လိုပါတယ်။
ညွှန့်သောင်း