လူတိုင်းကတော့ မနက်စောစော မထချင်ကြပါဘူး။ အိပ်ရာက စောစောထခြင်းကသာ သင့်အတွက် အခက်အခဲတစ်ခုဆိုရင်တော့ အခုဖော်ပြမယ့်အချက်လေးတွေက သင့်ကို အကူအညီဖြစ်စေမှာ အမှန်ပါပဲ။
၁။ သင့်ခန္ဓာကိုယ်က အိပ်စက်ဖို့အတွက် အချိန်ဘယ်လောက်လိုလဲဆိုတာ အရင်တွေးပါ
သင့်ခန္ဓာကိုယ်က အိပ်စက်ဖို့ အချိန်ဘယ်လောက်အတိုင်းအတာထိ လိုအပ်လဲဆိုတာသိဖို့ လိုပါတယ်။ တချို့အတွက်တော့ အချိန်ခုနစ်နာရီခွဲလောက် လိုအပ်ပါတယ်။ တချို့ကျပြန်တော့လည်း ကိုးနာရီလောက် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Michael Breus (PhD) ကတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ စည်းချက်ဝါးချက်အသံကို သိနေဖို့၊ နားထောင်နေဖို့ လိုတယ်လို့ ပြောပါတယ်။ သင်အချိန် ဘယ်လောက်အိပ်စက်အနားယူရမယ်ဆိုတာကို သိတာနဲ့ အဲဒါကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ရေးဆွဲရမှာပါ။
၂။ သင့်ရဲ့အိပ်ရာဝင်ချိန်ကို အချိန်တစ်ခုသေချာသတ်မှတ်ထားပါ
National Sleep Foundation ရဲ့ ဖော်ပြချက်အရ သင်မအိပ်စက်ခင် တစ်နာရီလောက်ကစပြီးတော့ သင်အိပ်စက်ဖို့အတွက် အနေအထားအဆင်သင့်ပြင်ထားသင့်ပါတယ်။ မီးရောင်မှိန်မှိန်ပြပြ ဖွင့်ထားတာမျိုး၊ အီလက်ထရောနစ်ပစ္စည်းတွေ ပိတ်ထားတာမျိုး၊ ရေနွေးနဲ့ရေချိုးထားတာမျိုး၊ စာအုပ်ဖတ်ခြင်း၊ တရားမှတ်ခြင်း (စိတ်လေ့ကျင့်ခန်းပြုလုပ်ခြင်း)၊ ဒါမှမဟုတ် အကြောလျှော့ခြင်းတွေကို ပြုလုပ်စေချင်ပါတယ်။ ဒါတွေက အခြေခံအကြံပေးချက်တွေပါပဲ။ ဒီလိုပြုလုပ်ပေးခြင်းကြောင့် သင်ဟာပေါ့ပါးစွာ နိုးထလာနိုင်မှာပါ။
၃။ အလင်းရောင်ဝင်လာပါစေ
သင်အိပ်ရာက နိုးချိန်မှာ ကောင်းစွာမထနိုင်ဘူးဆိုရင်တော့ အခန်းထဲကို အလင်းရောင်ဝင်လာအောင် ပြုလုပ်ပါ။ ဒါမှမဟုတ် မီးရောင်ပြပြ ထွန်းလိုက်တာမျိုး ပြုလုပ်နိုင်ပါတယ်။
၄။ မနက်စောစောမှာ သင်ပြုလုပ်ချင်တဲ့အရာလေးတွေကို ရှာရှာဖွေဖွေ ပြုလုပ်ပါ
လူတိုင်းဟာ နေ့သစ်မှာ အလုပ်လုပ်ကိုင်ဖို့အတွက် စတင်တဲ့အခါမှာ ပျင်းရိတတ်ကြပါတယ်လို့ စိတ်ပညာဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ သင်ပထမဆုံး ပြုလုပ်တဲ့အလုပ်က စိတ်ကျေနပ်စရာကောင်းနေမယ်ဆိုရင်တော့ သင်မနက်စောစောထဖို့အတွက် အခက်အခဲသိပ်မရှိလောက်တော့ပါဘူး။ ဒါဟာ စိတ်လေ့ကျင့်ခန်းပြုလုပ်တာ ဖြစ်နိုင်သလို၊ သင်စိတ်ဝင်စားတဲ့ ဘလော့ဂ်တစ်ခုကို ကော်ဖီတစ်ခွက်သောက်ရင်း ဖတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ သင်ပျော်ရွှင်စွာလုပ်ကိုင်လိုမယ့် လုပ်စရာတစ်ခုခုကို ရွေးချယ်လုပ်ဆောင်ခြင်းဖြင့် သင့်တစ်ရက်တာလုံးအတွက် ကောင်းစွာပြင်ဆင်နိုင်မှာပါ။
၅။ သင်အိပ်ရာက ထမယ့်အချိန်ကို သေချာသတ်မှတ်ပါ
အချိန်အတန်အသင့်နဲ့ အားစိုက်ထုတ်မှု အနည်းငယ်တော့ အစပိုင်းမှာလိုအပ်မှာပါ။ သင်ထရမယ့်အချိန်ကို သေချာသတ်မှတ်ပြီး လုပ်ဆောင်ပါ။ ဒါဆိုရင် သင်ဟာ အဲဒီအချိန်မှာပဲ အားစိုက်ထုတ်မှုမရှိဘဲနဲ့ နေ့စဉ်အိပ်ရာကနေ နိုးထလာနိုင်မှာပါ။
၆။ သင်နှစ်သက်တဲ့သီချင်းလေးနဲ့ နိုးထပါ
သင်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကို ရွေးချယ်ပြီးတော့ သင့်နေ့သစ်ကို စတင်ပါ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့နေ့သစ်ကို စိတ်ပိုင်းဆိုင်ရာအရ အကောင်းမြင်စေနိုင်ပါတယ်။
၇။ အသက်ရှူချိန်လေးထားပါ
OMG I Can Meditate ဆိုတဲ့ App မျိုးက အသုံးပြုရတာ လွယ်ကူသလို တစ်ရက်မှာ ဆယ်မိနစ်လောက် စိတ်ငြိမ်လေ့ကျင့်ခန်းပြုလုပ်ဖြစ်ပါတယ်။ စိတ်ငြိမ်လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ညအိပ်မပျော်တဲ့ရောဂါ၊ စိတ်ဖိစီးမှုနဲ့ စိတ်ညစ်စရာများခြင်းတွေကို လျော့ကျစေတဲ့အပြင် ပျော်စရာတွေနဲ့ အင်အားတွေကိုပါ တိုးပွားလာစေပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပြီးတော့ စိတ်ကို ရှင်းလင်းနေစေပါတယ်။ OMG ကတော့ မနက်အိပ်ရာထဖို့ လွယ်ကူအောင် ပံ့ပိုးပေးနိုင်ပါတယ်။ သင့်ရဲ့ နာရီအချက်ပေးသံ (Alarm) ကို သာယာငြိမ့်ညောင်းတဲ့ စိတ်လေ့ကျင့်ခန်းတစ်ခုအဖြစ် ပြောင်းလဲပေးနေလို့ပါပဲ။
အဒိုနီရမ်