AAT Business Centre အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ထွက်ပေါ်လာရေးအတွက်ရည်ရွယ်ပြီး ဒုတိယအကြိမ်မြောက် စီးပွားရေးလုပ်ငန်းစတင်ခြင်းပြိုင်ပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ မြစ်ကြီးနားမြို့မှာ လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းရှင်ကြီးများရဲ့ ပံ့ပိုးကူညီမှုများဖြင့် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းစတင်ဖို့ ရည်ရွယ်ထားတဲ့ စိတ်ပါဝင်စားသူများကို လျှောက်လွှာခေါ်ယူပြီး အဆင့်ဆင့်စာမေးပွဲ (Action Test များအပါအဝင်) လူတွေ့စစ်မေးခြင်းများ ပြုလုပ်ပြီး နောက်ဆုံးအဆင့် ဆန်ခါတင် ၂၄ ဦး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ၂၄ ဦးကို ဇူလိုင်လ ၅ ရက်က စတင်ပြီး စီးပွားရေးလုပ်ငန်းစိတ်ကူး စိတ်သန်းများ ဖြစ်ပေါ်စေခြင်းဆိုင်ရာသင်တန်း (ရေရှည်မှာ အောင်မြင်စွာ ရပ်တည်နိုင်မယ့် လုပ်ငန်းအမျိုးအစားကို မှန်ကန်စွာရွေးချယ်နိုင်စေရန်) နဲ့ စီးပွားရေးလုပ်ငန်းစတင်ခြင်းသင်တန်း (လုပ်ငန်းငန်းတစ်ခု စတင်တည်ထောင်ရာမှာ မရှိမဖြစ် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ရမယ့် စီးပွားရေးစီမံချက်ရေးဆွဲခြင်း) တို့ကို AAT Business Centre ရဲ့ Founder & Managing Director ဖြစ်သူ ဒေါ်အေးအေးသန့်မှ Action Learning ပုံစံနဲ့ သင်ကြားပို့ချပေးခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာ လုပ်ငန်းစတင်ဖို့ အဆင်သင့်အဖြစ်ဆုံး ပြိုင်ပွဲဝင် ၃ ဦးကို ရွေးချယ်ပြီး ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀ နဲ့ တတိယဆု ကျပ်သိန်း ၂၀ အသီးသီးတို့ကို မြစ်ကြီးနားမြို့မှ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ပံ့ပိုးကူညီမှုများဖြင့် ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အခုဆောင်းပါးထဲမှာတော့ ဆရာမ ဒေါ်အေးအေးသန့်နှင့် အင်တာဗျူးအပါအဝင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့၊ ဆုရခဲ့တဲ့ လုပ်ငန်းရှင်တွေရဲ့ ပြိုင်ပွဲအတွေ့အကြုံများ အကြောင်းဖြေဆိုမှုများကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်အေးအေးသန့်
Founder and Managing Director
AAT Business Centre
Master Trainer
SIYB, ILO
SIYB Campaign ILO
ILO မှာ Entrepreneurship And SME Support ဆိုတဲ့ ကဏ္ဍရှိပါတယ်။ ကျွန်မက Entrepreneurship And SME Support Program ရဲ့ SIYB Master Trainer ဖြစ်ပါတယ်။ Master Trainer ဆိုတာက မြန်မာပြည်ရဲ့ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင်နဲ့ SME ကဏ္ဍမှာ လုပ်ငန်းရှင်တွေ အခုထက်စွမ်းဆောင်လာနိုင်အောင် သင်ပေးရမယ့် Trainer တွေကို Train ရတဲ့ Trainer ဖြစ်ပါတယ်။ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်လည်း တာဝန်ရှိပါတယ်။
လောလောဆယ် SIYB နဲ့ ပတ်သက်လို့ရှိရင် မန္တလေးမြို့မှာမကဘဲ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား တခြားဒေသတွေမှာရှိနေတဲ့ လုပ်ငန်းရှင်တွေကို ကျွန်မက Training ပေးပါတယ်။ အဓိကကတော့ သူတို့လုပ်ငန်းအခုထက်ပိုပြီးအလုပ်ဖြစ်အောင်၊ ရလဒ်ကောင်းတွေ ပိုထွက်အောင်အနေနဲ့ ကူညီပေးပါတယ်။ တစ်ဖက်ကနေ ကျွန်မဘာလုပ်ပေးသေးလဲဆိုရင် လုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတွေလုပ်ငန်းရှင်တွေဖြစ်သွားအောင်၊ သူတို့ရဲ့ လက်တွေ့အိပ်မက်တွေ အကောင်အထည်ပေါ်သွားအောင်နဲ့ တကယ်ပဲမြန်မာပြည်မှာလည်း လုပ်ငန်းအသစ်တွေထွက်ပေါ်လာမှ မြန်မာပြည်ရဲ့ GDP ပိုတက်လာမှာဖြစ်တဲ့အတွက် Campaign တွေ လုပ်ပြီးတော့ လုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတွေကို ကျွန်မက တွန်းအားပေးတဲ့အနေနဲ့ ပြိုင်ပွဲတွေလုပ်ပြီးတော့ လုပ်ငန်းရှင်ကြီးတွေရဲ့ အကူအညီနဲ့ ဆုချီးမြှင့်တာတွေ၊ ပြိုင်ပွဲတွေလုပ်ပြီးတော့ လုပ်ငန်းရှင်ဖြစ်အောင် တွန်းအားပေးပါတယ်။ အဲဒီ Campaign ကိုလည်း ကျွန်မ တစ်နှစ်ကို တစ်ကြိမ်လုပ်ပါတယ်။ မန္တလေးမှာ တစ်ကြိမ်၊ မြစ်ကြီးနားမှာ တစ်ကြိမ်လုပ်ပေးခဲ့ပါတယ်။ တစ်ကြိမ်တိုင်းမှာလုပ်ငန်းရှင် ၂၂ ယောက်စီ ထွက်ပေါ်ခဲ့ပါတယ်။ ရှေ့လျှောက် ILO နဲ့လုပ်မယ့် Program မှာ လက်ရှိဟာတွေအပြင် ကျွန်မက ဘာတွေလုပ်မလဲဆိုရင် ILO မှာ နောက်ထပ် SCORE ဆိုတဲ့ Program ရှိပါတယ်။ SCORE ဆိုတာက ခုနလုပ်ငန်းထက်နည်းနည်းပိုကြီးသွားတဲ့ Medium Size လုပ်ငန်းတွေ၊ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံတွေ၊ Food Sector ပိုင်းက စားသောက်ကုန်လုပ်ငန်းတွေကို ကျွန်မကထုတ်လုပ်မှုပိုင်း တက်လာဖို့၊ လုပ်ငန်းခွင် ပိုပြီးတိုးတက်လာဖို့ SCORE Program မှာ ကျွန်မက Trainer လည်းဖြစ်ပါတယ်။ SCORE Program ကို မြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ်လုပ်နိုင်ဖို့ ကျွန်မအခုပြင်ဆင်နေပါတယ်။ လုပ်လည်းစလုပ်နေပြီ ဖြစ်ပါတယ်။ Enterprise လုပ်ငန်းခွင်တွေ၊ Competitive ထုတ်လုပ်မှုအားဖြင့်သော်လည်းကောင်း၊ Cost-Efficiency အားဖြင့်သော်လည်းကောင်း နင်လား ငါလားယှဉ်ပြိုင်နိုင်စွမ်းရှိရမယ်။ Responsible ခုနလို ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့က ဝန်ထမ်းတွေက ပိုပြီးတာဝန်သိတတ်လာမယ်၊ လုပ်ငန်းရှင်ကလည်း ဝန်ထမ်းအပေါ် ပိုပြီးတာဝန်ယူလာမယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်တာဝန်သိတတ်တဲ့လုပ်ငန်းခွင်က ကုန်ကျစရိတ်တွေ သက်သာလာပြီး ထုတ်လုပ်မှုတွေတက်လာမယ်။ ယှဉ်ပြိုင်နိုင်မယ်။ Substaining ရေရှည်မှာလည်း သူတို့ ဒီတိုင်းပဲကြီးထွားအောင်၊ မြတ်အောင်၊ ပိုပြီးတော့ဆက်လက်ရှင်သန်နိုင်အောင်လုပ်ပေးတဲ့ Program တစ်ခု ဖြစ်ပါတယ်။ ကျွန်မအခု မန္တလေးမှာ စက်ရုံ၊ အလုပ်ရုံ ခုနစ်ခုကို Training ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခု ရန်ကုန်မှာ ဖေဖော်ဝါရီလထဲမှာ စပြီးတော့လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒါက ILO နဲ့ SIYB အပြင် ရှေ့လျှောက်သွားမယ့် Program ဖြစ်ပါတယ်။
Value Innovation
--------------------
လက်ရှိမြန်မာပြည်ရဲ့ SME ကဏ္ဍမှာ SME တွေရဲ့အရေးပါမှု တိုင်းပြည်စီးပွားရေးရဲ့ ၉၈ ရာခိုင်နှုန်းက SME ပေါ် မူတည်နေပါတယ်။ ဒါကတော့ Developing Country တွေရဲ့ အမြဲတမ်းအနေအထားဖြစ်ပါတယ်။ SME တွေက တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍ ဖြစ်နေပါတယ်။ ဒါကို နိုင်ငံတော်ကလည်း အာရုံစိုက်နေပါတယ်။ နိုင်ငံတကာကလည်း အာရုံစိုက်နေပါတယ်။ လုပ်ငန်းရှင်တွေက SME တွေအတွက် အခွင့်အလမ်းတွေလို့ မြင်ကြပါတယ်။ သို့သော် မြင်ပုံမြင်နည်းက ပဒေသာပင်သီးသလို ထပြီးတော့ မြေကြီးကသီးလာမှာလိုလို၊ မိုးပေါ်က ရွှေမိုး၊ ငွေမိုး ရွာကျမှာလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်နေကြပါတယ်။ တိုင်းပြည်က ဘယ်လောက်အားပေးတယ်ပဲပြောပြော၊ နိုင်ငံတကာက ဘယ်လောက်အားပေးတယ်ပဲပြောပြော တကယ်တမ်းအခွင့်အလမ်းဆိုတာ သာမာန်လူတွေ၊ သူများလုပ်တဲ့လုပ်ငန်းတွေကို သာမာန်လုပ်ရိုးလုပ်စဉ်ပဲ လုပ်နေတဲ့သူတွေအတွက် မဟုတ်ပါဘူး။ ထူးခြားပြီးတော့ လူတွေအတွက် အကျိုးရှိတဲ့လုပ်ငန်း။ လုပ်ငန်းရှင်ရော၊ သူ့ဝန်ထမ်းတွေရော၊ Stake Holder တွေရော အကျိုးရှိတဲ့လုပ်ငန်းတွေအတွက်ပဲ အခွင့်အလမ်းတွေ ဆိုတာရောက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် ဘာလုပ်ရမှာလဲဆိုတာကို လုပ်ငန်းရှင်တွေ အမြဲတမ်းမေးခွန်းတွေ ရှိကြပါတယ်။ လုပ်ငန်းတစ်ခုဟာစပြီဆိုတာနဲ့ ဘာပဲလုပ်လုပ် လုပ်ဆောင်ချက်တိုင်းဟာ Cost တွေပဲ ဖြစ်ပါတယ်။ ငွေကုန်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေကို သူများလုပ်တဲ့လုပ်ငန်းတွေကိုပဲလုပ်၊ သူများလုပ်သလိုပဲလုပ်ဆိုရင်၊ သူများကုန်သလောက်ကုန်ပြီးတော့၊ သူများရှုံးသလောက်ကိုယ်ရှုံးနေမှာ ဖြစ်ပါတယ်။ ဒီတော့ SME တွေ ဘာလုပ်မလဲ။ SME ဆိုတာဟာ Economies of Scale ဆိုသလိုမျိုး အများကြီးလုပ်ပြီးတော့ ကုန်ကျစရိတ် သက်သာအောင်လုပ်ဖို့ကိုလည်း စိတ်ကူးအိပ်မက်လို့ မရပါဘူး။ ဘာလို့လဲဆိုရင် တရုတ်ပြည်ကနေ တရစပ်ဝင်နေတဲ့ ပေါချောင်ကောင်းပစ္စည်းတွေကို အမြောက်အမြား ထုတ်ပြီးတော့ ယှဉ်နိုင်လောက်အောင် ကျွန်မတို့ မလုပ်ဆောင်နိုင်ပါဘူး။ တစ်ဖက်ကလည်း Quality အကောင်းဆုံးလုပ်မယ်ဆိုပြီးတော့ Quality ကို ထိုင်ပြီး မျော်နေလို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ထက် အတွေ့အကြုံရှိပြီးတော့ ရှေ့ကိုရောက်နေတဲ့ Quality လုပ်နိုင်နေတဲ့ တိုင်းပြည်တွေရဲ့ Product တွေကို ယှဉ်လို့မရနိုင်ပါဘူး။ SME တွေအတွက် လုပ်ရမယ့်တစ်ခုတည်းသောအလုပ်က သူများမမြင်တာ၊ သူများမလုပ်သေးတဲ့အရာ၊ လူတွေလည်း လိုအပ်နေတဲ့အရာတွေကို Cost သက်သက်သာသာနဲ့ ထူးခြားအောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ Cost ကို လျော့အောင်လုပ်နိုင်ပြီး၊ ထူးခြားအောင်လုပ်ဖို့ဆိုတာ ဈေးကွက်တစ်ခုကို မြင်မှဖြစ်မှာဖြစ်ပါတယ်။ လူတွေလိုအပ်နေတဲ့ဟာကိုမြင်မှ ဖြစ်မှာပါ။ အဲဒါကိုလုပ်နိုင်ပြီဆိုရင် Value အသစ်တစ်ခုပေးတဲ့ Value Innovation လို့ခေါ်ပါတယ်။ Value Innovation ဆိုတာ မိုးပေါ်ကကျသလို အသစ်အဆန်းကြီးချပြရမှာမဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ်လုပ်နေတဲ့ဟာကိုပဲ လူတွေပိုပြီအသုံးဝင်ဖို့အတွက် ဘယ်လိုခွဲထွက်ပြီးတော့ ဒီထက်ပိုကောင်းအောင် လုပ်ရမလဲဆိုတာကိုတွေးပြီးတော့ အဲဒီလို အသုံးဝင်တဲ့ ကုန်ပစ္စည်းကို များများလေးထုတ်လိုက်တဲ့အတွက် တစ်ဖက်က Cost လည်း လျော့ပြီးတော့ သူများလုပ်နေတဲ့ အလုပ်တွေနဲ့လည်းမတူတဲ့အတွက်၊ ထူးခြားတဲ့အတွက် Market ရလာမှာပါ။ ဒါဟာ Value Innovation ရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒီတော့ ကျွန်မအကြံပေးချင်တာက သူများလုပ်တဲ့အလုပ်တွေကို သူများလုပ်သလို လိုက်လုပ်တဲ့ Copy လုပ်တဲ့ အပြုအမူတွေကို မေ့ပစ်လိုက်ပါ၊ ကိုယ့်လုပ်ငန်းကို အာရုံစိုက်ပါ၊ ကိုယ့်လုပ်ငန်းကိုပဲ ထူးခြားအောင်လုပ်ပါ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စဉ်းစားပါလို့ အကြံပြုချင်ပါတယ်။
အမည် - ဦးနိုင်မင်းထက်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - မနောမြေ (စိုက်ပျိုးရေးအလှဆင်မှုလုပ်ငန်း)
ရရှိခဲ့တဲ့ဆု - ပထမဆု (ပူးတွဲ)
ကျွန်တော်ကတော့ သင်တန်းပထမနေ့မှာပဲ ကျွန်တော့်ရဲ့ စိတ်ကူးယဉ် Idea လေးက လက်တွေ့ကျတဲ့ Business Idea တစ်ခုဖြစ်ဖို့ Action Learning တွေနဲ့ စတင်ခဲ့ရလို့ များစွာကျေနပ်မိပါတယ်။ ဈေးကွက်သုတေသနတွေ ကွင်းဆင်း/လုပ်၊ မိမိရဲ့လုပ်ငန်းက ဈေးကွက်ထဲမှာ လိုအပ်ချက်ရှိ/မရှိ၊ ရှိနေတဲ့ ပြိုင်ဘက်တွေထက် မိမိက ဘယ်အားသာချက်တွေနဲ့ ထိုးဖောက်မလဲ၊ အဲဒီလိုလုပ်မယ်ဆိုလည်း လုပ်ငန်းက မိမိလိုချင်တဲ့ အမြတ်ရပါ့မလား စသဖြင့် Marketing Plan လေးမှာ လက်တွေ့တကျပါဝင်ခဲ့ရပါတယ်။ အဲဒီကနေ မိမိလုပ်ငန်းအတွက် Position Statement တစ်ခုဖြစ်တဲ့ မနောမြေ/စိုက်ပျိုးရေး မြေယာအလှဆင်နှင့် ပျိုးဥယျာဉ်ဆိုပြီး လုပ်ငန်းကတိကို ရွေးချယ်နိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲ Operation Plan ကိုလည်း လက်ရှိဈေးကွက်ထဲ လုပ်ငန်းလည်ပတ်နေသူတွေ/ ပျိုးခြံကြီးတွေထိ လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Financial Plan ကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ Financial Plan မှာဆို မိမိလုပ်ငန်းရဲ့ လစဉ်/ နှစ်စဉ်အမြဲသုံးလုပ်ငန်းစရိတ် ကုန်ပစ္စည်းတစ်ခုရဲ့ အရင်းဝင်ငွေ/ထွက်ငွေစီမံပုံ / မတည်ရင်းနှီးငွေစသဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Plan သုံးခုကို ပေါင်းစပ်ပြီး Business Plan တစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုချိန်မှာ မိမိလုပ်ငန်းကို ရေးဆွဲစီမံခဲ့တဲ့ Business Plan အတိုင်း လုပ်ငန်းစတင်ဆောင်ရွက်နေတဲ့အတွက် စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ရပါတယ်။ လုပ်ငန်းအပေါ် ယုံကြည်မှုတွေလည်း ခိုင်မာလာပြီး၊ အချိန်/ဦးစားပေးလုပ်ရမယ့်လုပ်ငန်းလည်း သိမြင်လာရပါတယ်။
အမည် - ဦးလုတ်ဆောင်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - လိမ္မော်မြို့တော် (မန်ဒေါင်လိမ္မော်အချိုရည်၊ အဆီနဲ့ လိမ္မော်ခွံခြင်နိုင်ဆေး)
ရရှိခဲ့တဲ့ဆု - ပထမဆု (ပူးတွဲ)
ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း
--------------------
ယခင်က ကျွန်တော့်လုပ်ငန်းက လိမ္မော်ဥယျာဉ်ခြံလုပ်ငန်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်ထွက် လိမ္မော်သီးအားလုံးထဲမှာ မန်ဒေါင်လိမ္မော်သီးဟာ နာမည်အကြီးဆုံးဖြစ်ပါတယ်။ လိမ္မော်သီးပေါ်ချိန်မှာသာ စားသုံးနိုင်ပြီး ကျန်ကာလမှာ လိမ္မော်သီးနဲ့ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ဒါကြောင့် ၁၂ ရာသီ လိမ္မော်ရည်သောက်သုံးနိုင်ဖို့အတွက် လိမ္မော်အချိုရည် ထုတ်လုပ်ရောင်းချမယ်ဆိုပြီးအတွေးရခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ ဒီဇင်ဘာလမှာ လိမ္မော်အချိုရည်ကို စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။
ရရှိခဲ့တဲ့ဆု
-----------
ဒီပြိုင်ပွဲမှာ ပထမဆုကို ဦးနိုင်မင်းထက်နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။
ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ
---------------
ကျွန်တော်က စီးပွားရေးအတွေ့အကြုံမရှိပါဘူး။ Marketing Plan ၊ Operation Plan ၊ Financial Plan တွေကို အတွင်းကျကျ မသိခဲ့ပါဘူး။ ဒါကြောင့် လိမ္မော်အချိုရည်လုပ်ငန်းစတင်ဖို့ စိတ်ဝန်လေးနေခဲ့ရပါတယ်။ Hands Together Campaign မှာ လုပ်ငန်းအတွက်လိုအပ်မယ့်ပညာရပ်တွေကို သိရှိလိုတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီသင်တန်းမှာ Action Learning ကို အသုံးပြုရပါတယ်။ ဈေးကွက်ထဲကို ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့ရပါတယ်။
အမည် - ဦးချစ်မျိုးအောင်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - PAINT MASTER (အိမ်သုတ်ဆေးဝန်ဆောင်မှုလုပ်ငန်း)
ရရှိခဲ့တဲ့ဆု - ဒုတိယဆု (ပူးတွဲ)
ကျွန်တော်ကတော့ အိမ်သုတ်ဆေးလုပ်ငန်းနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဒုတိယဆုကို ဝက်မွေးမြူရေးလုပ်ငန်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးဒီးလတ်နောင်နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ ကျွန်တော့်အတွက် အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပါတယ်။ အစကတည်းက စီးပွားရေးကိုလည်း စိတ်ဝင်စားတယ်။ ဒီသင်တန်းတက်ပြီးမှ ကျွန်တော့်လုပ်ငန်းကို စီးပွားရေးတစ်ခုအနေနဲ့ ပြောင်းလဲဖို့ Business Idea တွေရလာတယ်။ ဒီသင်တန်းမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဝင်ပြိုင်ခဲ့တဲ့ မဇင်ဇင်ဦးဆီက ပညာတွေလည်း အများကြီးသင်ယူခဲ့ရလို့ ဝမ်းသာမိတယ်။ ကျွန်တော်မလုပ်ဖြစ်တဲ့အချက်တွေ၊ ကျွန်တော်မသိသေးတဲ့ လုပ်ငန်းမှာတွေ့ကြုံလာမယ့် အခက်အခဲတွေကို ဒိုင်တွေအားလုံးကထောက်ပြလို့ ကျေးဇူးတင်မိပါတယ်။ Survey ကောက်ရတဲ့အတွက် အတွေ့အကြုံတွေ၊ အပြောအဆိုတွေ၊ ပြိုင်ဘက်ရဲ့အားသာချက်၊ အားနည်းချက်တွေ၊ ကိုယ့်ရဲ့ Customer တွေကိုလည်း ဘယ်လိုရှာရမလဲဆိုတာတွေ သိရတယ်။ ကိုယ့်ရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ အသုံးစရိတ်၊ ဝန်ထမ်းငှားတာ၊ လုပ်ခလစာ သတ်မှတ်တာတွေကိုပါ သိလာပါတယ်။ အခုသိပ်မကြာခင်မှာ အလုပ်စဖြစ်တော့မှာပါ။ ဒုတိယဆုရသွားတဲ့အတွက် ပိုပြီးတာဝန်ရှိလာသလို ခံစားမိပါတယ်။ အဲဒါကြောင့် အိမ်ဆေးသုတ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာအောင် ဆက်ပြီးကြိုးစားသွားမှာပါ။
အမည် - ဦးဆွမ်လွတ် ဒီးလတ်နောင်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ဝက်မွေးမြူရေးလုပ်ငန်း
ရရှိခဲ့သည့်ဆု - ဒုတိယဆု (ပူးတွဲ)
ကျွန်တော်က ဝက်မွေးမြူရေးလုပ်ငန်းကို အဓိကထားဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲ၊ သင်တန်းကာလအတွင်း ကျွန်တော်များစွာသိရှိနားလည်ရရှိခဲ့တဲ့အထဲမှာ ကျွန်တော့်လုပ်ငန်းအတွက် မဖြစ်မနေပြောင်းလဲရမယ့် အချက်သုံးချက်ကို တွေ့ရှိခဲ့ပါသည်။ အဲဒါတွေကတော့ Marketing Plan ဘယ်လိုတိကျအောင်လုပ်ရမလဲ၊ Operation Plan ကောင်းကောင်းမရှိခဲ့ရင် လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားနိုင်ကြောင်းနဲ့ Financial Plan မှာ Credit ကို ဘယ်လိုပေးရမလဲ၊ Supplier တွေဆီက Credit ဘယ်လိုယူရမလဲ အမြတ်တွေကို အရင်းကျေအောင် ဘယ်လိုတွက်ချက်ရမယ်ဆိုတာတွေ ဖြစ်ပါတယ်။
အမည် - ဦးခွန်နော်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - Mini Market (The Way)
ဆောင်ပုဒ် - သန့်ရှင်းသပ်ရပ်စိတ်ကျေနပ် The Way Mini Mart
ရရှိခဲ့သောဆု - တတိယဆု (ပူးတွဲ)
ကျွန်တော်ကတော့ Mini Market လုပ်ငန်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသင်တန်းတက်ခြင်းအားဖြင့် အကျိုးကျေးဇူးတွေ မြောက်မြားစွာရရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ Idea နဲ့ Business Idea ကွဲပြားခြားနားခြင်းတွေ၊ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ ကြိုတင်ပြင်ဆင်မှု အချက်အလက်တွေ၊ စီးပွားရေးတစ်ခုပြုလုပ်ဖို့အတွက် လိုအပ်တဲ့စဉ်းစားစရာတွေ အများကြီးကို လေ့လာတွေ့ရှိ သင်ယူခဲ့ရပါတယ်။
ကျွန်တော်ဒီသင်တန်းမှာ မမျှော်လင့်ဘဲ တတိယဆုကိုရရှိခဲ့တဲ့အတွက် သိပ်ကိုပဲဝမ်းသာမိခဲ့ပါတယ်။ တတိယဆုရရှိခဲ့တယ်ဆိုတဲ့ နောက်ကွယ်မှာ ဆုငွေထက် မိမိလုပ်ငန်းဟာ တကယ်ပဲအလားအလာရှိပါလား၊ တကယ်ပဲရေရှည်မှာ တည်တံ့ခိုင်မြဲမှာပါလားဆိုတဲ့ အသိလေးဝင်မိသွားတဲ့အတွက် အလွန်စိတ်အားထက်သန်ခဲ့ရပါတယ်။ ယခုဆိုင်အသစ်ဖွင့်နိုင်ဖို့ ပြင်ဆင်နေရာကနေ လက်တွေ့ဖွင့်နိုင်ဖို့ အလျင်အမြန် စီစဉ်လျက်ရှိပါတယ်။
အမည် - ဦးသူရိန်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ကားပစ္စည်းရောင်းဝယ်ရေး
ရရှိခဲ့သည့်ဆု - တတိယဆု
ပြိုင်ပွဲကနေရလာတဲ့ အကျိုးကျေးဇူး
--------------
အစကတော့ ကိုယ့်ရဲ့လုပ်ငန်းက အလုပ်ဖြစ်မယ်၊ မဖြစ်ဘူး တွေးပူနေခဲ့တယ်။ ဒီသင်တန်းတက်လိုက်ရတော့ တွေးပူနေခဲ့တာတွေ မရှိတော့ဘူး။ လုပ်ငန်းက အဆင်ပြေမယ်၊ မပြေဘူးဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာခဲ့တယ်။ ဒီလုပ်ငန်းအောင်မြင်ဖို့ လုပ်ဆောင်ပုံအဆင့်ဆင့်တွေလုပ်လာခဲ့တော့ တကယ်လက်တွေ့လုပ်မယ်ဆိုရင် လွယ်လွယ်ကူကူ လုပ်နိုင်တယ်ဆိုတာ တွေ့လာရတယ်။ အဓိကတော့ လုပ်ငန်းတူတွေရဲ့ အားသာချက်ကို ယှဉ်ပြိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ။ သူ့ရဲ့အားနည်းချက်ကို ကိုယ့်ရဲ့အားသာချက်ဖြစ်အောင်ကြိုးစားမှ ကိုယ်မှန်းထားတဲ့ ပန်းတိုင်ရောက်မှာ ဖြစ်ပါတယ်။
အမည် - ဦးကျော်သက်အောင်
ဝင်ပြိုင်ခဲသည့်လုပ်ငန်း - လျှပ်စစ်မီးဝိုင်ယာရိန်းတပ်ဆင်ရေးနှင့် ရောင်းဝယ်ရေး
ကျွန်တော်က လုပ်ငန်းသာလုပ်နေရတာ စီမံခန့်ခွဲမှုလုံး၀ မလုပ်တတ်တော့ အားလုံးအစီအစဉ်မကျ ဖြစ်နေခဲ့တယ်။ စတက်ချိန်တုန်းကတော့ ဘယ်လိုသင်ကြားမှာလဲလို့ တအားသိချင်ခဲ့တယ်။ တကယ်သင်တဲ့အချိန်မှာတော့ စာသင်ပေးတာမဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့လုပ်ငန်းခွင်ထဲဝင်ပြီး လုပ်ရတော့ လက်ရှိလုပ်ငန်းလေးကို မွမ်းမံတဲ့ပုံစံလေးနဲ့ ပြင်ဆင်ခဲ့တယ်။ ဒီအလုပ်ကိုလုပ်ချင်တဲ့ စိတ်ကလေးတစ်ခုနဲ့သာ ဆိုင်စဖွင့်ခဲ့တာ၊ တကယ်လုပ်သင့်ခဲ့တာနဲ့ တခြားစီပါလားဆိုတာ သင်တန်းတစ်ရက်ပြီးတစ်ရက် ပိုပြီးသိလေ ဖြစ်လာခဲ့တယ်။
အခုဆို ဘယ်ကစပြီးတော့ ကိုင်တွယ်ရမလဲဆိုတာကို ကျွန်တော်သိလိုက်ရပြီး တစ်သက်လုံး မလုပ်ခဲ့တဲ့ တွက်ချက်မှုတွေနဲ့ ပြင်ဆင်တတ်လာပြီ။ နောက်လ နောက်နှစ် ကျွန်တော်ဘယ်နေရာမှာ ရှိနေရမယ်ဆိုတဲ့ Target တစ်ခု ကျွန်တော်မှန်းဆနိုင်ခဲ့ပါပြီ။
အမည် - ဦးကျော်သူ
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ဆန်ရောင်းဝယ်ရေး
ကျွန်တော်က ဆန်ရောင်းဝယ်ရေးကို ရှစ်နှစ်တာ လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံအရ ကျွန်တော်တို့ ကချင်ပြည်နယ်ဟာ တွင်းထွက်သယံဇာတ ပေါများသလောက် အခြေခံလုပ်သား ရှားပါးပါတယ်။ အခြေခံလုပ်သား ရှားပါးတဲ့အတွက် ဆန်ရောင်းဝယ်ရေး တစ်နေ့တာလုပ်ငန်းစဉ်မှာ အဆင်မပြေမှုတွေနဲ့ မကြာမကြာ ကြုံတွေ့ရပါတယ်။ အဲဒီလိုအဆင်မပြေတဲ့အထဲက တစ်ခုဖြစ်တဲ့ ဆန်ရွေးရှားပါးမှုကို Color Sater စက်နဲ့ အစားထိုးသန့်စင်ဖို့ Idea ရရှိတဲ့အခါ Hands Together ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တယ်။
စားသုံးသူရဲ့လိုအပ်ချက်ကို အလေးထားဆောင်ရွက်သင့်ကြောင်း သိရှိနားလည်သွားပါတယ်။ စားသုံးသူရဲ့ လိုအပ်ချက်ကိုသိလာတော့ တစ်ပြိုင်တည်း ပြိုင်ဘက်အားနည်းချက် အားသာချက်ကို သိမြင်လာတယ်။ နိဂုံးချုပ်အနေနဲ့ သင်တန်းက ပို့ချချက်တွေကို လက်တွေ့မှာ အသုံးချပြီး လုပ်ငန်းကို စနစ်တကျဖွဲ့စည်းပါမယ်။
အမည် - ဦးဂျာနော်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - CHAMP နို့စားနွားမွေးမြူရေးနှင့် နွားနို့ထုတ်လုပ်ဖြန့်ချိရေး
ကျွန်တော့်နာမည်ကတော့ ဦးဂျာနော်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီ Hands Together Campaign မှာ CHAMP နို့စားနွားမွေးမြူရေးနှင့် နွားနို့ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကစပြီး နို့စားနွားမွေးမြူခြင်းကို စတင်ခဲ့ပါတယ်။ လုပ်ငန်းမကျွမ်းကျင်တာရယ်၊ စည်းစနစ်မမှန်ကန်တာတွေရယ်ကြောင့် ဆုံးရှုံးမှုအကြီးအကျယ် ကြုံခဲ့ရပါတယ်။ တစ်ကျင်းတည်းမှာပဲ နွားမ အသေသုံးကောင် တူးမြှုပ်ခဲ့ဖူးပါတယ်။ နွားကလေးတွေလည်း အဖတ်မတင်ခဲ့ဘူး။ ပိုဆိုးတာကတော့ အဲဒီအချိန်မှာ နွားတစ်ကောင်မှ မရှိခဲ့ဘူး၊ ရှိတဲ့နွားကလည်း အရည်အသွေးမကောင်း၊ ဈေးကကြီး၊ နို့ထွက်နှုန်းကနည်းလို့ မကိုက်ခဲ့ဘူး။ ဒီအချိန်မှာ De Heus S971 HOLLAND ကျွေးကြည့်တော့ နွားကျန်းမာရေးတော်တော်တိုးတက်လာပြီး နို့အရည်အသွေးမြင့်လာပါတယ်။
Matketing Plan ၊ Operation Plan ၊ Financial Plan ဆိုတာမသိခဲ့ဘူး။ ကြားလည်းမကြားဖူးဘူး။ သိစရာလည်း မလိုဘူးလို့ ထင်ခဲ့တယ်။
အခုတော့ AAT Business Centre ရဲ့ Hands Together Campaign တက်လိုက်တော့ လွန်ခဲ့တဲ့ အချိန်တုန်းက ဆုံးရှုံးခဲ့တာဟာ ဒါကြောင့်ဆိုတဲ့ တိကျတဲ့အပြစ်အမှားကို သိလာရတယ်။ ခုဆိုရင် Target Customer တွေရဲ့ ရင်ဖွင့်သံကို ကြားသိရတယ်။ ဒီတော့ ကျွန်တော် ဘာဖြည့်ဆည်းပေးနိုင်မှာလဲ ချက်ချင်းအဖြေရလိုက်တယ်။ ကိုယ့်ရဲ့ထုတ်ကုန်အရည်အသွေး ဘယ်လောက်ရှိတယ်ဆိုတာ သိလိုက်ရတော့ ကိုယ့်ထုတ်ကုန်အပေါ် ယုံကြည်စိတ်ရှိလာရပါတယ်။
Operation အပိုင်းပြောရင်တော့ အရင်က အလုပ်သာပြီးစီးသွားတယ်၊ အချိန်ဘယ်လောက်ကုန်သွားတယ်၊ ဘယ်လောက်အထိ အလကားဖြစ်သွားတယ်ဆိုတာ သတိမထားခဲ့ဘူး။ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားခဲ့တယ်၊ ဘာကြောင့်လဲ သတိမထားခဲ့ဘူး။ အသစ်အသစ်တွေ ပြန်ဝယ်နေရတယ်။ ခုတော့ ဆရာမကြီးရဲ့ Operation Plan နဲ့ သေသေချာချာလုပ်တော့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ တွဲထားလိုက်တော့ လုပ်အားလျော့သွားပြီး အချိန်ပိုထွက်လာပါတယ်။ အခြားလုပ်ငန်းတွေမှာ လုပ်ငန်းအားပိုထည့်နိုင်ပြီး လုပ်ချိန်ပိုထွက်လာတယ်။
Financial Plan အပိုင်းပြောရမယ်ဆိုရင် အရင်က ကိုယ့်ဆီမှာရှိတဲ့ အဆောက်အအုံ၊ အသုံးအဆောင် ပစ္စည်းအားလုံးဟာ တန်ဖိုးရှိမှန်းမသိခဲ့ဘူး၊ လိုအပ်လို့ တည်ဆောက်တယ်၊ ဝယ်တယ် ကုန်ကျသလောက် ကုန်သွားတယ် ပေါ့ပေါ့ပဲထင်ခဲ့တယ်။ ဒီ Plan ကို ဆွဲလိုက်တော့မှ တန်ဖိုးကြီးမှန်းသိခဲ့တယ်။ အရင်းအနှီးဖြစ်ခဲ့တယ်ဆိုတာသိလာတော့ ပိုမိုထိန်းသိမ်းဖို့လိုအပ်ကြောင်း သိလာတယ်။ အရှုံးအမြတ်လည်း အတိအကျ တွက်ချက်လို့ရခဲ့တယ်။ ဒီတော့ ကိုယ့်အမြတ်ငွေက ဘယ်လောက်မြတ်နေသလဲ၊ ဘယ်လောက်မြတ်အောင် ဘယ်လိုထပ်လုပ်ရဦးမှာလဲ၊ Target Customer တွေကကော အဆင်ပြေကြမှာလား ဆိုတဲ့ အတွေးအခေါ်လည်း တွေးပေါ်လာပါတယ်။
ဒီတော့ ကိုယ့်ရဲ့လုပ်ငန်းကြီးတစ်ခုလုံး ရေရှည်တည်တံ့နေအောင် ဘယ်လိုလုပ်ရမယ်၊ ဘာတွေလုပ်ရမှာလဲဆိုတာ အတိအကျတွေ့မြင်လာတော့ ချက်ချင်းပြောင်းလဲ ဖြစ်နိုင်ခဲ့တယ်။ ဒီလိုပြောင်းလဲလိုက်နိုင်တော့ Target Customer ပိုမိုတိုးပွားလာတာမြင်ရတယ်။ ကိုယ့်ရဲ့လုပ်ငန်း အောင်မြင်နေသလား၊ ကျရှုံးနေသလားဆိုတာ အနည်းဆုံး သုံးလတစ်ကြိမ် ဆန်းစစ်တဲ့အခါ သိသာလာတယ်။ ဖြစ်နိုင်ရင် စာရင်းကိုင်ပညာသင်ကြားယူကာ လုပ်သွားမယ်ဆိုရင် လုပ်ငန်းအောင်မြင်တိုးတက်လာဖို့ ပိုမိုလွယ်ကူမြန်ဆန်မယ်လို့ တွေ့ရှိလာရတယ်။
အချုပ်ပြောရရင် ဒါတွေအားလုံး တွေ့မြင်လိုက်တာဟာ AAT BUSINESS CENTRE ရဲ့ Hands Together Campaign ကြောင့်ပါ။ ဆရာမကြီးနဲ့တကွ အဖွဲ့သူအဖွဲ့သားအားလုံး၊ ILO အဖွဲ့သူအဖွဲ့သားအားလုံးနဲ့ စေတနာ မေတ္တာနှင့် ကူညီပံ့ပိုးပေးကြတဲ့ အလှူရှင်တွေအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကာ သက်တော်ရာကျော်ရှည်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်ခြွေလိုက်ရပါတယ်။
အမည် - ဦးစိန်ဝင်း
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - မနောစည် ရွှေလိမ္မော်၊ လိမ္မော်ခြံ
ကျွန်တော်ကတော့ ဦးစိန်ဝင်းဖြစ်ပါတယ်။ လိမ္မော်ခြံလုပ်ငန်းနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ ဝိုင်းမော်မြို့၊ မန်တောင်ကျေးရွာအုပ်စု၊ စနီးကူးကျေးရွာရှိ မနောစည် ရွှေလိမ္မော်အမည်နဲ့ လုပ်ကိုင်နေပါတယ်။
လိမ္မော်ခြံကို ၂၀၀၂-၂၀၀၃ ခုနှစ်ကစပြီး တောရှင်း၊ ကိုင်းတူးစိုက်ပျိုးခြင်းတွေကို ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ၂၅ ဧကဝန်းကျင်ကို စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်ရောက်ချိန်မှာ အစ်ကိုဆရာဦးဇော်ဆိုင်းက ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ရရှိလာပြီး လုပ်ငန်း(ခြံ) ပြန်အပ်ခဲ့ပါတယ်။
လိမ္မော်ခြံလက်ခံပြီး ဘယ်လိုဆက်ဆောင်ရွက်ဖို့ စဉ်းစားနေချိန် ပြည်နယ်စက်မှုလက်မှု ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဌာနခွဲမှူး ဒေါ်ယမင်းသန့်က မန္တလေးမြို့၊ AAT Business Centre က ဆရာမကြီး ဒေါ်အေးအေးသန့် ဦးဆောင်ပြီး၊ မန္တလေးမြို့အဖွဲ့အစည်းမှ စီးပွားရေးလုပ်ငန်းရှင်များပေါ်ထွက်လာစေဖို့ Hands Together Campaign တစ်ခုရှိကြောင်း ပြောကြားတဲ့အတွက် ဝင်ခွင့်ပုံစံယူပြီး လျှောက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်မှာ Action Test တာဝန်ချထားတဲ့ ဆိုင်ကိုသွားပြီး မေးခွန်းနှစ်ခုကို မေးမြန်းစုံစမ်းဖို့ ဖြစ်ပါတယ်။ သတင်းအချက်အလက်ပေးနိုင်တဲ့ မေးမြန်းခံသူဆီက ခိုင်လုံတဲ့အထောက်အထား ရရှိနိုင်အောင်ကြိုးစားပြီး ရယူတဲ့အခါ မိမိလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေအပေါ် သတိမထားခဲ့တဲ့ အချက်အလက် သိမြင်ခဲ့ပါတယ်။
သင်တန်းတစ်လျှောက်လုံးမှာ စိတ်ဝင်စားစရာလေးတွေ တွေ့ရှိခဲ့ပါတယ်။ Marketing Plan ၊ Operation Plan ၊ Financial Plan ၊ ဒီ Plan သုံးခုဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေသလို အပြန်အလှန်အထောက်အကူ ရှိနေတာကိုလည်း သဘောပေါက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှာ Financial Plan ပြီးတော့ မိမိရဲ့အခြားလုပ်ငန်းမှာ သတိမပြုခဲ့တဲ့ ငွေစာရင်းအချက်အလက်ရဲ့ အားနည်းမှုတွေသိရှိရပြီး ဘယ်လိုပြုပြင်ရမယ်ဆိုတာကိုလည်း သိခွင့်ရခဲ့တဲ့အတွက် အတိုင်းထက်အလွန်ပီတိဖြစ်ခဲ့ရသလို ဆရာမကြီးနဲ့တကွ ဦးဆောင်စီစဉ်ပေးတဲ့ အစိုးရအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။
ကျွန်တော့်လုပ်ငန်းသစ်ဖြစ်တဲ့ လိမ္မော်ခြံကို သမားရိုးကျမဟုတ်ဘဲ ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေ ဘယ်လိုပြောင်းလဲလုပ်ဆောင်သွားရမယ်၊ ဘယ်လိုထိန်းချုပ်ရမလဲ၊ ဈေးကွက်ဘယ်လိုဂရုစိုက်မလဲစတဲ့ အကျိုးကျေးဇူးများစွာ ရရှိလာပါတယ်။
အမည် - ဒေါ်ဆုတင်ဇာ
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ဝင်းဝင်းအလှကုန်စတိုး
သင်တန်းကနေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့
----------------
အရင်ကဆို ကိုယ်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ေ၀ဝါးမှုတွေ ရှိနေတယ်။ ဒါပေမဲ့ အခုဆိုရင် ဒီပြိုင်ပွဲကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာတယ်။ Business Plan တစ်ခုလုံးမှာပါရှိတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကလည်း ကိုယ့်အတွက် မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံအသစ်တွေ အများကြီးရရှိပါတယ်။
ဘယ်လိုမျိုး Survey ကောက်ရမလဲ၊ Target Customer ကို ဘယ်လိုရှာဖွေမလဲ၊ Market ကို ဘယ်လို ချဲ့ရမှာလဲဆိုတာတွေ Supplier ကနေ Customer လက်ထဲထိရောက်အောင် အဆင့်ဆင့်လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေ၊ ဒီလုပ်ငန်းဟာ ရှုံးနိုင်လား မြတ်နိုင်လား အစရှိတဲ့ အကျိုးကျေးဇူးတွေ အများကြီးရရှိပါတယ်။ Customer တွေရဲ့ လိုအပ်ချက်တွေကိုလည်း မိမိဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းသွားပါမယ်။ Campaign မှာပါဝင်တဲ့ သူတွေက ညီမထက် အတွေ့အကြုံများတဲ့အတွက် ပညာတွေ အကြံဉာဏ်တွေ အများကြီးရရှိပါတယ်။ ဒီ Campaign မှာ ဆရာမကြီးက စာတစ်ခုတည်း သင်ကြားခြင်း မဟုတ်ဘဲ၊ Action Learning ပါ ပြုလုပ်ရတဲ့အတွက် ညီမအတွက် ပိုပြီးယုံကြည်မှု တိုးပွားလာတဲ့အပြင် မိမိရည်မှန်းထားတဲ့ အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမယ့်အတွက်လည်း အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်။
အမည် - ဒေါ်ဇင်ဇင်ဦး
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - Shwe Pyi Hein Estimating Training and Service
ကျွန်မတို့ Idea တွေကနေ Business Idea ဖြစ်လာဖို့ Game တွေ ဥပမာတွေ၊ အောင်မြင်သူတို့ရဲ့ Profile တွေကို တစ်ခုချင်းချပြပြီး ကျွန်မတို့ကို ဆွဲခေါ်သွားတာ ကျွန်မတို့ကိုယ်တိုင်တောင်မသိမိဘဲ ဆရာမကြီးရဲ့ စနစ်ထဲကို ကောင်းကောင်းဝင်ပြီး Business Idea ကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ အဲဒီနောက် Marketing Plan ရေးဆွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပင်ပန်းသလောက် အကျိုးရှိခဲ့ပါတယ်။ ကျွန်မ Marketing သဘောသဘာဝတွေကို ကိုယ်တိုင်လက်တွေ့လုပ်ရင်းနဲ့ သဘောပေါက်ခဲ့ပါတယ်။ Operation Plan အဆင့်အထိ ရောက်လာခဲ့ပြီး ပိုပြီးအားရှိလာခဲ့ပါတယ်။ Financial Plan ရောက်လာတဲ့အခါ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုကို အသေးစိတ်အထိ စနစ်ကျသိခဲ့ပါတယ်။ ကျွန်မသင်တန်းတက်နေရင်း ကျွန်မရဲ့အားနည်းချက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်မဟာ Hands Together ကပေးတဲ့ အတွေးအခေါ်တွေ နည်းစနစ်တွေ၊ ဆရာမကြီးရဲ့ စေတနာ လမ်းညွှန်ချက်တွေနဲ့အတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ Shwe Pyi Hein Estimating Training and Service ကို ဖွင့်လှစ်ထားပါတယ်။ သင်တန်းမှာ သင်တန်းသားတွေ အမြောက်အမြားတက်ရောက်ကြသလို လစဉ်ဝင်ငွေလည်း တိုးလျက်ရှိပါတယ်။ နေရာအနှံ့အပြားမှာ သင်တန်းခွဲတွေဖွင့်ဖို့ ကမ်းလှမ်းလျက်ရှိပါတယ်။
အမည် - ဦးဇော်လင်း
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ခွဲကျောက်ထုတ်လုပ်ရေးလုပ်ငန်း
၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်က ရွှေပြည်စံခန်းမမှာ ဟောပြောပွဲရှိတာကြောင့် တက်ရောက်နားထောင် ဖြစ်ခဲ့ပါတယ်။ နားထောင်နေရင်းမှာ ကိုယ်စမယ့်လုပ်ငန်းအတွက် ပံ့ပိုးမှုတစ်ခုခုရနိုင်မယ်ဆိုတာ သိရှိခဲ့ပါတယ်။ ဖောက်သည်အသိမိတ်ဆွေတွေ၊ ထုတ်လုပ်ရေးနည်းစဉ်၊ ငွေကြေးလမ်းညွှန်မှု တစ်ခုခုလောက်ပဲဖြစ်ဖြစ် အတွေးအမြင်တစ်ခုတော့ ရနိုင်မယ်ဆိုပြီး မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့် အခမ်းအနားမပြီးခင် အချိန်လေးမှာ ရောင်းချပေးတဲ့ လျှောက်လွှာကိုဝယ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ စက်မှုကြီးကြပ်ရေးရုံးမှာ လျှောက်လွှာသွားတင်သွင်းခဲ့ပါတယ်။ လူတွေ့ထပ်ခေါ်တဲ့အခါမှာလည်း သွားရောက်ဖြေဆိုခဲ့ပါတယ်။ ပထမတော့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပေးတာပဲလိုချင်ခဲ့မိတာ။ သင်တန်းမတက်ချင်ခဲ့ဘူး။ တစ်နေကုန်ထိုင်ငိုက်ပြီး စာသင်ရမှာကို ကြောက်လို့ပါ။ သင်တန်းတက်ကြည့်မှ စနစ်တကျ စီးပွားရေးလုပ်ငန်း အစီအစဉ်တကျတတ်လာပြီး အိပ်ချိန်စားချိန်မှန် အလုပ်အတွက် ပြင်ဆင်လေ့လာနိုင်ပြီး ကိုယ့်အတွက်ကောင်းလာဖို့ပဲဆိုပြီး သင်တန်းကြေး နှစ်သိန်းသွင်းကာ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Lecture ပုံစံနဲ့ သင်ကြားရမယ်လို့ ပထမထင်မိခဲ့တာ။ တကယ်သင်တော့ သမားရိုးကျပုံစံမျိုးမဟုတ်ဘဲ ကိုယ်တိုင်ပါဝင်လှုပ်ရှားကာ သင်ယူရတဲ့ Action Learning နည်းစနစ်နဲ့ အစုလိုက် အဖွဲ့လိုက်ဆောင်ရွက်ရခြင်း ဖြစ်နေတယ်။
သင်တန်းစည်းကမ်းတွေဖြစ်တဲ့ အချိန်မီရောက်ရှိခြင်း၊ သင်ကြားချိန်အခြားကိစ္စတွေအတွက် ဖုန်းအသုံးပြုခြင်း ကန့်သတ်ချက်၊ အိမ်စာတွေ အချိန်မီမှန်ကန်စွာဆောင်ရွက်ခဲ့ရေး၊ သင်တန်းသူနဲ့ သင်တန်းသားတွေ တင်ပြနေချိန်တွေမှာပါ ဂရုတစိုက်နားထောင် လေ့လာမှတ်သားခြင်းများ အထူးကြပ်မတ်ခံခဲ့ရတာကိုလည်း ကိုယ်တိုင်နားလည်ခံစား လေ့လာလေ့ကျင့်ခဲ့ရပါတယ်။
ယခင်စိတ်ကူး Idea မှသည် Business Plan ဖြစ်ရေးမှစတင်ကာ Marketing Plan လေ့လာရတဲ့အခါ ဖောက်သည်အုပ်စု၊ ၎င်းတို့ရဲ့ လိုအပ်ချက်တွေ အမြတ်ရရှိနိုင်ဖို့အတွက် လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရေးအချက်တွေကို သိရှိနားလည်ခဲ့ပါတယ်။ Survey နာနာဆင်းဖို့ သတိထားမိပါတယ်။ မိမိထုတ်ကုန်ရပ်တည်ချက် Position Statement ကို ဖော်ထုတ်နိုင်ခဲ့ပြီး P ငါးလုံးကို ဖော်ပြတတ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီကာလအတွင်းမှာပဲ ခွဲကျောက်ထုတ်သမျှ ဝယ်မယ့်ဖောက်သည်နဲ့ ချိတ်ဆက်ကတိစကား ရရှိခဲ့ပါတယ်။
Operation အပိုင်းသင်ခဲ့ပြီးတော့ သာမာန်ကျောက်ထုတ်၊ ကျောက်ခွဲသာမက ဘာတွေအဆင့်လိုက်လုပ်မယ်၊ ပစ္စည်းတွေလိုအပ်ချက်၊ ဘယ်လိုသုံးမယ်ဆိုတာ၊ တာဝန်ကို ဘယ်လိုခွဲဝေရမယ်ဆိုတာ စနစ်တကျ သိခဲ့ရလို့၊ လုပ်ငန်းအချိန်ကုန်စရိတ်သက်သာ အမြတ်တွက်နည်းကို ကောင်းစွာသိမြင်ခဲ့ရပါတယ်။ထူးခြားမှုအနေနဲ့ Layout Plan ထားရှိစီစဉ်ပါက ပိုမိုအဆင်ပြေကြောင်း မှတ်သားသိရှိရပါတယ်။
Financial Plan သင်ပြီးတော့ အနာဂတ်အတွက် စီးပွားရေးလုပ်ငန်းရဲ့ ဦးတည်ချက်အား ပိုမိုကောင်းမွန်စွာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အမြတ်ရရှိရုံမက လုပ်ငန်းလည်ပတ်ဖို့အတွက် လုံလောက်တဲ့ငွေကြေး အသင့်ဖြစ်စေရန်/ငွေကြေးပြတ်လတ်မှုမကြုံတွေ့စေဖို့ ကြိုတင်ပြင်ဆင် ရမှာဖြစ်ကြောင်း မှတ်သားသိရှိခဲ့ရပါတယ်။ မိမိလုပ်ငန်းရဲ့ ဥပဒေဆိုင်ရာလိုအပ်ချက်၊ အာမခံစနစ် လိုင်စင်ခွင့်ပြုမိန့်တွေလည်း ရေရှည်တည်တံ့ဖို့အတွက် လိုအပ်ကြောင်း သိရှိခဲ့ရပါတယ်။
လေ့လာမှတ်သား သင်တန်းတက်ပြီးနောက် အဓိကခံစားခံယူမိတာကတော့၊ မိမိအိပ်မက်စိတ်ကူးများမှသည် လက်တွေ့ဆီသို့/အမှန်ရောက်ရှိနေခဲ့ပြီဆိုတာ အံ့သြဝမ်းသာခဲ့ပြီး အဘက်ဘက်မှ သင်ကြားပံ့ပိုး တိုက်တွန်းခဲ့သူအားလုံးသို့ ကျေးဇူးအထူးတင်လျက် သူငယ်ချင်းသင်တန်းသား/သူတွေနဲ့အတူ အောင်မြင်တဲ့ အများအကျိုးပြုသော လုပ်ငန်းရှင်အဖြစ်သို့ ကောင်းစွာရောက်ရှိအောင် ကြိုးစားသွားပါမယ်။
အမည် - ဒေါ်မရိခေါန်နန်
အမျိုးအစား - ကချင်ရိုးရာအဝတ်အထည် (ဂျပ်ခုတ်)လုပ်ငန်း
ဒီ Hands Together Campaign မှာ ပါဝင်ခွင့်ရတဲ့အတွက် အကျိုးကျေးဇူးတော့ အများကြီးခံစားခဲ့ရပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မဟာ ငွေရှိရင်၊ ကိုယ့်မှာလုပ်နေတဲ့လုပ်ငန်းရှိရင် ဈေးကွက်ထဲရောင်းချနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုကတော့မဟုတ်ဘူး။ Business Idea ရှိမှ၊ ပြီးတော့ ကိုယ်က Target Customer ရှိမှလုပ်လို့ရတယ်ဆိုတဲ့ဟာကို ကောင်းကောင်းသိမြင်ခဲ့ပါတယ်။ အဲဒါသိတဲ့အခါကျတော့ ကျွန်မတို့ဟာ ဒီ Operation Plan လုပ်တဲ့အခါမှာလည်း ကျွန်မတို့ဟာ အရင်တုန်းက ဒါဟာအသေးအမွှားပဲလို့ထင်ခဲ့တယ်။
ဒါပေမဲ့ ဒါတွေအသေးစိတ်ကို ကိုယ်ပြင်ဆင်ထားခဲ့တယ်ဆိုရင် တကယ်လုပ်ငန်းလုပ်တဲ့အခါမှာ တကယ်ကို အသုံးဝင်ပါတယ်။ ပြီးတော့ နောက်ဆုံး Financial Plan မှာလည်း ကျွန်မတို့ဟာ လုပ်ငန်းမစခင်မှာ ငွေရေးကြေးရေးကို စာရွက်ပေါ်မှာ ကောင်းကောင်းလေးစီမံခန့်ခွဲနိုင်တယ်။ ဘယ်မှာ လိုတိုးပိုလျှော့ လုပ်နိုင်မယ်၊ ကိုယ့်ရဲ့မူဝါဒတွေ ဘယ်လိုချမှတ်မယ်ဆိုရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ကောင်းကောင်းမွန်မွန်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲလုပ်တဲ့အတွက် Networking ကောင်းကောင်းလည်း ရခဲ့တယ်။ မိတ်ဆွေကောင်းတွေ ရခဲ့တယ်။ ပြီးတော့ Idea အသစ်တွေလည်းရခဲ့တယ်။ ဒီ Hands Together ဟာ အခုလို လုပ်ငန်းစတင်တဲ့သူတွေအတွက်ကတော့ အကောင်းဆုံးအစီအစဉ်တစ်ခုဖြစ်ပါတယ်။
အမည် - ဒေါ်မိုးနီနီလွင်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ရွှေအုပ်ဆောင်း (ကျောက်မျက်နှင့်ပယင်းရောင်းဝယ်ရေး)
ကျွန်မကတော့ ကျန်းမာရေးအထောက်အကူပြုသဘာ၀ ပယင်းထုတ်ကုန်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အလုပ်ဖြစ်အောင်လုပ်ဖို့ ရည်ရှည်တည်တံ့ခိုင်မြဲပြီး တောင့်ခံနိုင်တဲ့ စီးပွားရေးဖြစ်ဖို့ ကျွန်မရဲ့ လုပ်ပုံလုပ်နည်းကို ပြောင်းလဲပစ်ဖို့ ဒီသင်တန်းက အသိအမြင်တွေ ရရှိခဲ့ပါတယ်။ Plan တိုင်းမှာ Practical တွေရှိတယ်။ အချက်အလက်တွေ စုဆောင်းရတယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းတွေအတွက် မလွဲမသွေလုပ်ရမယ့် ပြင်ဆင်မှုတွေပါပဲ။ Business Plan ကြီးထွက်လာဖို့ Campaign ကာလလေးမှာ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်မတို့ စီးပွားရေးမြေပုံကြီးတစ်ချပ်ရရှိလိုက်သလို ခံစားရပါတယ်။ ဒီမြေပုံကားချပ်ကြီးရေးဆွဲပေးလိုက်တာကတော့ ကျွန်မတို့ရဲ့ ဆရာမကြီးပါ။ အောင်မြင်မှုဆီသို့ အရောက်လှမ်းတက်ဖို့ ဒီမြေပုံပေါ်မှာလမ်းကြောင်းတွေ အများကြီး ဆရာမကြီးပေးခဲ့ပါတယ်။ ဒီမြေပုံကိုထောက်ပြီး သွားနေရတာကိုက ကျွန်မအဖို့ ပျော်ရွှင်နေရပါတယ်။ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ကိုလည်း မကြောက်တော့ပါဘူး။
အရှုံးအမြတ်ကို သေချာမသိတဲ့ သမားရိုးကျခန့်မှန်းတွက်ချက်မှုတွေမှသည် ကိုယ်လိုချင်တဲ့ အမြတ်ပမာဏကို အတိအကျတွက်ချက်ဖို့ သိရှိလာခဲ့ပါတယ်။ အဲဒီအတွက် Operation Plan နဲ့ Marketing Plan တွေရဲ့ ချိတ်ဆက်မှုကို နားလည်သိမြင်နိုင်ခဲ့တယ်။ နောက်ဆုံး ကျွန်မလုပ်ငန်းအတွက် အလုပ်ဖြစ်ဖို့ အမြစ်ကနေလှန်ပြီး ပြုလုပ်ရမယ့် လုပ်ပုံလုပ်နည်းတွေကို သိလာရပါတယ်။ ကျွန်မအတွက် ထင်ထားတာထက်ပိုပြီးတော့ အကျိုးရှိလာခဲ့ပါတယ်။
အမည် - ဒေါ်ရီရီဝင်း
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - လူသုံးကုန်၊ စားသောက်ကုန်ဖြန့်ချိရေး
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း
---------------
ကျွန်မက လူသုံးကုန်ဖြန့်ချိရေးနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မက အာမခံချက်ရှိတဲ့ ကုမ္ပဏီတွေ၊ Customer တွေ လိုအပ်တဲ့ ပစ္စည်းတွေကို ဖြန့်ချိရောင်းချတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီသင်တန်းကို တက်နေရင်း ပြိုင်ပွဲမပြိုင်ရသေးခင်မှာတင် လုပ်ငန်းတစ်ခုလုပ်ချင်ရင် ကိုယ်တိုင်လုပ်ပြီး Customer တွေရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ လိုအပ်ချက်တွေကို ကိုယ်တိုင်သိမှရမယ်ဆိုတာ နားလည်လာပါတယ်။
ပြိုင်ပွဲမှရလာတဲ့ အကျိုးကျေးဇူး
----------------
ပြိုင်ပွဲဝင်ပြိုင်တာကနေရလာတဲ့ အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ အလုပ်တစ်ခုဖြစ်လာဖို့အတွက် ဖြစ်လာရမယ့် အကြောင်းရင်းတွေ၊ Survey တွေကောက်ပြီး Research Data တွေ အားလုံးပြင်ဆင်ပြီး သေချာပြီဆိုမှ လုပ်ငန်းလုပ်တာကြောင့် ကျွန်မတို့အားလုံးက မကြောက်တော့ဘဲ လုပ်ရဲသွားတယ်။ အလုပ်လုပ်ရတာလည်း လွယ်ကူမြန်ဆန်သွားတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိသွားပါတယ်။ကျွန်မတို့ ၂၄ ယောက်ရဲ့ ရည်မှန်းချက်စိတ်ကူး အိပ်မက်ကမ္ဘာလေးမှာ တစ်ယောက်ကို တစ်ယောက် နွေးထွေးခင်မင်မှုနဲ့ ကူညီဖေးမ အကြံဉာဏ်တွေပေးကြတာကြောင့် အမြဲခိုင်မြဲပြီး ဒီထက်မက တိုးတက်အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေဖြစ်မယ်လို့ ခံစားမိပါတယ်။
အမည် - ဦးရန်နိုင်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - Golden Prince Motel
သင်တန်းစမတက်ခင်တော့ ကျွန်တော့်ခံယူချက်က ကိုယ့်လုပ်ငန်းကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု၊ ငွေကြေးလုံလောက်မှုရှိရင် စတင်လုပ်ကိုင်နိုင်မယ်လို့ ထင်ခဲ့မိပါတယ်။ သင်တန်းစတက်လိုက်ချိန်မှာတော့ တကယ့်လက်တွေ့မှာ ကိုယ့် Customer တွေက ဘယ်သူလဲ၊ ဘယ်သူတွေက ဝယ်မှာလဲ၊ ကိုယ့်အားသာချက် အားနည်းချက်တွေက ဘာတွေလဲ၊ Supplier တွေက ဘယ်သူတွေလဲ၊ ဘယ်လိုပေးချေမှာလဲ နောက်ပြီး Financial ပိုင်းမှာ ငွေကြေးလုံလောက်မှု ရှိပြီလား၊ မရှိရင်ကော ဘယ်ကချေးမှာလဲ စသဖြင့် လက်တွေ့ကျတဲ့ မေးခွန်းများစွာ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါတယ်။ သင်တန်းမှာ လက်တွေ့ကွင်းဆင်းရပြီး ရရှိလာတဲ့ Data တွေဟာ ကိုယ့်လုပ်ငန်းအတွက် အကျုံးဝင်လာပါတော့တယ်။ Marketing ရဲ့ ကိုယ်နေရာယူမယ့် Position ပိုင်း၊ Operation လူဘယ်လိုခန့်မလဲ၊ ဘယ်လို Position နဲ့ကိုက်ညီအောင် Service ပေးမလဲ နောက်ဆုံး Financial ပိုင်းမှာ ကိုယ့်ဝင်ငွေထွက်ငွေတစ်လအမြတ်၊ ကိုယ်လိုချင်တဲ့ တစ်နှစ်စာအမြတ်၊ ပုံသေကုန်ကျစရိတ်တွေကို တွက်ချက်ပြီး ချရေးလိုက်တော့ တိကျသေချာတဲ့ Business Plan ကို ဆရာမဒေါ်အေးအေးသန့်ရဲ့ Guide လုပ်မှုအပေါ်မှာ ကျွန်တော့် Business Plan တွေ မျက်ဝါးထင်ထင် လိုအပ်ချက်အားနည်းချက်တွေ ထိန်းညှိနိုင်ခဲ့တယ်။
အမည် - ဦးဝေမိုးထွန်း
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - စီးကရက်နှင့်အရက် လက်လီရောင်းချခြင်း
ကျွန်တော်က စီးကရက်နဲ့အရက် သီးသန့်အရောင်းဆိုင်ကို အခုလက်ရှိ ဝေနှင်းစတိုးဆိုတဲ့ ဆိုင်အမည်ကို လိုင်စင်နဲ့ ဖွင့်မှာပါ။ အရင်ကစိတ်ကူးတွေရှိခဲ့ပေမယ့် တကယ်တမ်း လုပ်ဖို့ကျတော့ ကြောက်နေခဲ့ပါတယ်။ အခုတော့ ကြောက်နေတဲ့စိတ်တွေပျောက်ပြီး ပိုပြီးလက်တွေ့အကောင်ထည်ဖော်ချင်တဲ့စိတ်တွေ ရရှိလာခဲ့ပါတယ်။ အရင်ဆုံး Business Idea ကို ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ အာရုံစူးစိုက်မှု ပိုကောင်းလာပါတယ်။ Survey ကို အသုံးချတတ်လာတယ် အစကတော့ ဆိုင်ဖွင့်ရင် ဈေးသက်သာရင် လာဝယ်ကြမှာပဲဆိုပြီး တွေးထားတာပါ။ ဆရာမကြီးရဲ့ သင်ကြားမှုပြီးတဲ့နောက်မှာ လာဝယ်အောင်ဘယ်လို ရောင်းမလဲဆိုတဲ့ Marketing မှာ လုပ်ဆောင်ရမယ့် အချက်တွေကို နားလည်သဘောပေါက်လိုက်ပါတယ်။ Operation ပိုင်း သင်ပြီးတဲ့အချိန်မှာတော့ လုပ်ဆောင်ရမယ့် အဆင့်ဆင့်တွေကို အချိန်သက်သာပြီး လွယ်ကူစေမယ့် နည်းလမ်းတွေရခဲ့ပါတယ်။ ကုန်ကျစရိတ်တွက်ချက်ခြင်း သင်ကြားမှုပြီးတော့ ကိုယ်လိုအပ်မယ့်ငွေကိုသိရလို့ ကျေနပ်ခဲ့မိပါတယ်။ ဒီသင်တန်းဆင်းပြီးတဲ့ အချိန်မှာတော့ ကျွန်တော့်ကို ငွေကြေးပံ့ပိုးပေးမယ့် ကျွန်တော့်ရဲ့ မိသားစုကတော့ ကျွန်တော့်အပေါ် ပိုပြီးယုံကြည်လာပါတယ်။ အခုလက်ရှိမှာတော့ လုပ်ငန်းကို လက်တွေ့ လုပ်ကိုင်စတင် အကောင်အထည်ဖော်ဖို့ ဆိုင်ခန်းကို ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အမည် - ဒေါ်သဲငုဝါလွင် (Sut Su Hkawn)
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - Sha Mu Burger
ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း
------------------
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စားအစားအသောက်မုန့်တွေပဲ ဈေးကွက်ထဲမှာ အများအားဖြင့်ရှိတဲ့အတွက် ကျောင်းသားမိဘတွေ ကိုယ့်သားသမီးတွေကို မုန့်ပဲသရေစာစိစစ်ပေးရာမှာ အချိန်ကြန့်ကြာမှု၊ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေနဲ့ နေ့စဉ်ကြုံနေတယ်ဆိုတဲ့ ဈေးကွက်အားနည်းချက်၊ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက်မှာ Sha Mu Burger ဆိုတဲ့ အသင့်စားဘာဂါထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေ
--------------
ပြိုင်ပွဲမဝင်ခင်ကရှိခဲ့တဲ့ အိုင်ဒီယာလေးကို ပြိုင်ပွဲမှာ ဘာဂါမုန့်လုပ်တာကို စီပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လုပ်ဖို့ ဆုံးဖြတ်ပြီး ဝင်ပြိုင်ခဲ့တာပါ။ စီးပွားရေးဆိုင်ရာ အတွေးအခေါ်နဲ့ စာတွေ့ပိုင်းဆိုင်ရာ အထိအတွေ့ရှိခဲ့ပေမယ့် သင်တန်းကာလအတွင်း လက်တွေ့ကျကျ သင်ယူနိုင်ခဲ့မှုက လက်တွေ့စီးပွားရေးလောကထဲ ပြိုင်ဘက်ကစားသူတွေရဲ့ ကစားကွက်တွေ၊ ကိုယ်တိုင်ဈေးကွက်မှာ ရေရှည်ရပ်တည်နိုင်မယ့် ကစားကွက်၊ နည်းပညာနဲ့ ပေါ်လစီတွေ ကိုယ့်ထုတ်ကုန်ကို ဝယ်သူတွေ စားသုံးသူတွေ ရင်ဘတ်ထဲမှာအမြဲရှိနေအောင် ဘာကိုဘယ်ဈေးနဲ့ ဘယ်အချိန်မှာ ဘာတွေကို အသုံးပြုပြီး ဘာတွေနဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ စီးပွားရေးအိုင်ဒီယာ အခြေခံကောင်းတွေ သေသေချာချာ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက်မှာ ပင်ပန်းခဲ့တယ်။ အဆူခံခဲ့ရတယ်။ ကိုယ့်အားနည်းချက်တွေကို လက်တွေ့လုပ်မယ့်အစီအစဉ် ပလန်ရေးဆွဲတဲ့အချိန်ကတည်းက ပြုပြင်နိုင်ခဲ့တယ်။ ပြိုင်ပွဲတစ်ဆင့်ချင်းစီမှာ အကဲဖြတ်ဒိုင်လူကြီးတွေနဲ့ အကြံဉာဏ်ပေးမှုတွေ ဆရာမကြီးရဲ့ စေတနာ မေတ္တာနဲ့ လမ်းပြသင်ကြားပေးမှုတွေက ''သန့်ရှင်းလတ်ဆတ်၊ အသင့်စားစရာ သင့်အနားမှာ ရှားမူဘာဂါ''ဆိုတဲ့ ကိုယ့်ထုတ်ကုန်ရဲ့ရပ်တည်ချက်ကွာလတီကို ဘယ်လိုထိန်းမလဲ၊ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေ လိုချင်တဲ့အရာတွေကို ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာတွေ၊ စဉ်ဆက်မပြတ် ဈေးကွက်သုတေသန ပြုလုပ်ရမယ်ဆိုတဲ့ ရေရှည်တည်တံ့စေမယ့် စီးပွားရေးဆိုင်ရာ လေးနက်တဲ့ အသိအမြင်တွေ ရရှိခဲ့ပါတယ်။
အမည် - ဦးအောင်ကျော်သက်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - လျှပ်စစ်ပစ္စည်းဆိုင်
ကျွန်တော်က လက်ထောက်အင်ဂျင်နီယာအနေနဲ့ လျှပ်စစ်ဌာနမှာ တာဝန်ထမ်းဆောင်နေပြီး လုပ်သက်ဆယ်နှစ်ကျော် ရှိပါပြီ။ ဒါကြောင့် ကျွန်တော်နားလည်တတ်ကျွမ်းတဲ့ လျှပ်စစ်ပစ္စည်း၊ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေနဲ့ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ အကျိုး ကျေးဇူးတွေအနေနဲ့ကတော့ အရင်ကတော့လုပ်ငန်းတစ်ခု ထူထောင်ဖို့ဆိုရင် အရင်းအနှီးငွေရှိမှ လုပ်နိုင်မယ် ထင်ခဲ့တယ်။ နောက်ပြီး ရှုံးမယ်/ မြတ်မယ်ဆိုတာ အတိအကျမသိသေးဘဲ လုပ်ငန်းထူထောင်လိုက်ကြပါတယ်။ သင်တန်းတက်ရောက်ပြီးတဲ့အခါကျတော့ ကိုယ့်ရဲ့လုပ်ငန်းမှာ အရေးကြီးဆုံးက အမြတ်ရဖို့နဲ့ Sustainable ရေရှည်တောင့်ခံနိုင်ဖို့ အတိအကျလုပ်ရတော့မယ့် နည်းလမ်းတွေကို ထင်ထင်ရှားရှား တွေ့မြင်လာခဲ့ရပါတယ်။
အမည် - ကိုအောင်မြတ်
လုပ်ငန်းအမျိုးအစား - အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း
Hands Together အစီအစဉ်က အင်မတန်ကောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဘယ်လိုကောင်းလဲဆိုတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို တွန်းအားပေးတဲ့အရာ၊ ကျွန်တော်တို့ရဲ့ မြတ်ငွေ၊ ရှုံးငွေကိုလည်း တွက်ချက်ပေးတဲ့အရာဖြစ်တယ်။ အရင်ကနဲ့ အများကြီးကွာခြားသွားတဲ့ လုပ်ငန်းအတွေ့အကြုံတွေကိုလည်း ပေါင်းစပ်ပေးတဲ့အရာဖြစ်တယ်။ ဆရာမရဲ့ ကျေးဇူးကတော့ အများကြီးပဲတင်ထိုက်တယ်လို့လည်း ပြောလို့ရတယ်။ စည်းစနစ်မကျတာကို စည်းစနစ်ကျအောင် သင်ကြားပေးတယ်။ အရာရာအားလုံးကို ကောင်းမွန်တဲ့ ထုံးတမ်းစဉ်လာရအောင်လည်း လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ သင်တန်းတက်တဲ့အချိန်မှာတော့ အများကြီးအကျိုးကျေး ဇူးတွေရရှိတဲ့အကြောင်းတော့ ကောင်းကောင်းသိမြင်ရရှိခဲ့တယ်။ သင်တန်းပြီးသွားလို့ရှိရင် လုပ်ငန်းရဲ့အတွေ့အကြုံကို ပေါင်းစပ်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့နေရာတစ်ခုကို ရရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။
အမည် - ဦးအောင်သူဝင်း
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - ရွှေပန်းထိမ်လုပ်ငန်း
အရင်က ကျွန်တော် လုပ်ငန်းတော့လုပ်ချင်တယ်။ ဒါပေမဲ့ ဘယ်ကစလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ သင်တန်းတက်တဲ့နေ့မှာပဲ ဆရာမကြီးက ကျွန်တော်တို့ရဲ့ Idea ကို Business Idea အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို အမှန်တရားဘက်ဆီကို ဆွဲခေါ်သွားခဲ့ပါတယ်။
ပြိုင်ပွဲကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေအနေနဲ့ အရင်ကလုပ်ငန်းစဖို့ တောင်တောင်အီအီဖြစ်နေခဲ့တဲ့ ကျွန်တော်ဟာ အခုဆို ကိုယ့်လုပ်ငန်းကို ဘယ်ကနေ စလုပ်ရမလဲဆိုတာကို သိရှိခဲ့ပါပြီ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်သွားဖို့ အင်အားရှိခဲ့ပါပြီ၊ စီးပွားရေးမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ခွင့်ရခဲ့ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းကောင်းတွေနဲ့လည်း သိခွင့်ရခဲ့ပါတယ်။
အမည် - ဦးအိုင်းဇက်ဂွန်ခေါင်
ဝင်ပြိုင်ခဲ့သည့်လုပ်ငန်း - Computer Sales Service and Software Distribution
ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း
--------------------
ကျွန်တော်ကတော့ ဦးအိုင်းဇက်ဂွန်ခေါင် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီသင်တန်းမှာ Pan Computer Sales Service and Sofware Distrubution လုပ်ငန်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ဒီသင်တန်းမှာ ကွာခြားချက်အများကြီး တွေ့ရှိခဲ့ရပါတယ်။ စီးပွားရေးဆိုင်ရာစာအုပ်တွေ သီအိုရီတွေ မြောက်မြားစွာ ဖတ်ရှုထားခဲ့တဲ့အရာတွေနဲ့ ဒီသင်တန်းက လက်တွေ့ဆိုင်ရာသင်ကြားပို့ချမှုတွေကို ပူးပေါင်းလိုက်တဲ့အခါမှာ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်အသစ်တစ်ခုထဲရောက်ရှိသွားပါတယ်။ ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း ချိတ်ဆက်သင်ကြားခဲ့ရာမှာတော့ အင်မတန် Benefit ဖြစ်တဲ့ သင်တန်းအဖြစ် ခံစားရတဲ့အပြင် Presentation သုံးခုအပေါ် အခြေခံပြင်ဆင်ရတဲ့ ပြင်ဆင်မှုတွေဟာလည်း Amazing ပါပဲ။ မိရိုးဖလာလုပ်ခဲ့ကြတဲ့ လုပ်ငန်းစဉ်တွေဟာ စနစ်မကျမှုတွေ များစွာပျော်ဝင်နေပါတယ်။ ဆရာမကြီးရဲ့ Training ပေးမှုအောက်မှာတော့ ဘယ်အရာတွေကို ဖယ်ထုတ်ရှင်းလင်းပြုပြင်ပြီး ဘယ်အရာကို ထပ်မံဖြည့်စွက်ပေါင်းထည့် လုပ်ဆောင်ရမယ်ဆိုတာတွေ၊ ဘာဖြစ်ချင်ရင် ဘာလုပ်ရမယ်၊ လုပ်ငန်းရှင်တစ်ယောက်ဆိုတာ ဘယ်အချက်တွေနဲ့ ကိုက်ညီအောင် နေထိုင်ရမယ်ဆိုတာတွေ လင်းလင်းလက်လက် တွေ့လိုက်ရတယ်။ နယ်ဘက်တွေမှာ ဒီလိုမျိုးစနစ်တကျ လုပ်ဆောင်ရမယ်ဆိုတာကို သိရှိတဲ့သူ နည်းပါးတယ်။ Survey ကောက်ချိန်မှာ သိလိုက်ရတာက သူတို့တွေဟာ ဒီအမှောင်ကမ္ဘာထဲကနေ မလွတ်ထွက်ချင်သေးဘူး။ အဲဒီအရာကို ဘယ်လိုပြောင်း လဲအောင်လုပ်ရမလဲဆိုတာကိုပါ အသိဝင်လာခဲ့ပါတယ်။ အားလုံးကို လုပ်ငန်းရှင်ဖြစ်ခိုင်းစေချင်တယ်။
သို့သော် လူတိုင်းလုပ်ငန်းရှင်မဖြစ်နိုင်ပါဘူးဆိုတဲ့ ဆရာမရဲ့စကားကြောင့် လုပ်ငန်းရှင်ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ Psycho ဝင်သွားခဲ့ပါတယ်။ ပြီးတော့ Business လုပ်ရာမှာ အရေးကြီးတဲ့ Business Network ကျယ်ပြန့်လာတယ်။ Business Idea မှသည် Business Plan အဖြစ်သို့ ကူးပြောင်းပြီး Profitable လုပ်ငန်းတစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ရမယ်ဆိုတာတွေကို သင်ကြားခဲ့ရတာကတော့ ဆရာမကြီးရဲ့ ကြီးမားတဲ့စေတနာပါပဲ။