သင်အလုပ်လျှောက်တဲ့အခါ သင့် CV (ကိုယ်ရေးအကျဉ်း) မှာ သင်ဝါသနာပါတာတွေ ထည့်သွင်းဖော်ပြခြင်းဟာ ဝန်ထမ်းစုဆောင်းရေး တာဝန်ခံရဲ့ အဖိုးတန်စက္ကန့်တွင် အနည်းငယ် ပိုကုန်ဆုံးစေပြီး အဖိုးတန် စာမျက်နှာတချို့ အလဟဿဖြစ်စေတယ်လို့ ထုံးစံအားဖြင့် အကြံပေးထားကြပေမယ့် တချို့အခြေအနေအရ သင့်ဝါသနာတွေဟာ သင့်ကိုယ်ရေးအကျဉ်းကို တန်ဖိုးထပ်ဖြည့်ပေးပြီး ကောင်းသောနည်းလမ်းနဲ့ သင့်ကို သူများထက် ခေါင်းတစ်လုံး ပိုမြင့်စေပါတယ်။ ဥပမာ - Google လို ကုမ္ပဏီမျိုးမှာ သင်က အလုပ်သင်ရာထူးလျှောက်ရင် မန်နေဂျာတွေက သင့်ကိုယ်ရေးအကျဉ်းထဲက စိတ်ဝင်စားဖွယ်အချက်တွေကို မြင်ချင်ကြကြောင်း သိရပါတယ်။ သင်ပေးပို့တဲ့ ကိုယ်ရေးအကျဉ်းအားလုံးရဲ့ သော့ချက်က သင့်ရဲ့ပရိသတ်ကိုသိပြီး 'ပစ်မှတ်' ထားတတ်ဖို့ ဖြစ်ပါတယ်။ သင်လျှောက်တဲ့အလုပ်နဲ့ ဆက်စပ်တဲ့ ဝါသနာတွေကို သင့်ကိုယ်ရေးအကျဉ်းမှာတွေ့ရင် ကုမ္ပဏီတွေက သဘောကျတယ်လို့ Salesforce ရဲ့ Global Recruiting ဌာနမှ Ana Recio က ပြောပါတယ်။
တကယ်လို့ သင့်ဝါသနာက သင့်ကို ဆွဲဆောင်မှုပိုရှိတဲ့ လျှောက်ထားသူဖြစ်စေရင် အဲဒါကို သင်ထည့်သွင်းဖော်ပြသင့်တယ်လို့ Resume Strategies အမည်ရှိ အလုပ်အကိုင် တိုင်ပင်ဆွေးနွေးမှုနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် တည်ထောင်မှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌနဲ့ တည်ထောင်သူ Alyssa Gelbard က ပြောပါတယ်။
အမည်စာရင်းတင်သွင်းခံရတဲ့ လျှောက်ထားသူရဲ့ ဝါသနာကို အလုပ်ရှင်ဖြစ်နိုင်သူက မြင်တဲ့အခါ ကိုယ့်အရည်အသွေး လက္ခဏာ၊ လုပ်ငန်းဗဟုသုတတွေကို ထိုးထွင်းသိမြင်ခွင့်ရပြီး အဲဒီရာထူးအတွက် သင့်ကိုပိုပြီးဆွဲဆောင်မှုရှိစေမှာပါလို့ သူက ပြောပါတယ်။
သင့်ရဲ့ကိုယ်ရေးအကျဉ်းမှာ ထည့်သွင်းဖော်ပြဖို့ သင်စဉ်းစားသင့်တဲ့ ဝါသနာ ၁၃ မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
[caption id="attachment_30001" align="alignnone" width="720"]Yoga[/caption]
၁။ ယောဂကျင့်စဉ်
ယောဂကျင့်ခြင်းဟာ သင့်ရဲ့တည်ငြိမ်စွာနေနိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်းတို့ကို သရုပ်ပြပါတယ်။ ''ကြော်ငြာ၊ ဒါမှမဟုတ် ပြည်သူ့ဆက်ဆံရေးအေဂျင်စီလို အလုပ်သိပ်များပြီး စွမ်းအင်သိပ်ကုန်ခန်းတဲ့ ဌာနတစ်ခုမှာ အလုပ်ဝင်ဖို့ သင်စဉ်းစားရင် ယောဂကြောင့် ဖိအားကို သင်ပိုမိုဖြေရှင်းနိုင်တာကြောင့် သင့်အတွက် ဆွဲဆောင်မှု ပိုရှိတယ်'' လို့ Gelbard က ပြောပါတယ်။
၂။ စွန့်စားမှုများတဲ့ အားကစားနည်း
တာဝေး မာရသွန်၊ တောင်တက်စက်ဘီးပြိုင်ခြင်း၊ ဒါမှမဟုတ် ဝေဟင်ကျွမ်းထိုးခြင်းတို့လို စွန့်စားမှုများတဲ့ အားကစားနည်းတွေက သင်ဟာ စည်းကျော်ပြီးလုပ်ရင် စိတ်သက်သောင့်သက်သာ ဖြစ်ကြောင်း၊ စည်းကမ်းရှိပြီး သင်မသိတဲ့အရာကို မကြောက်တတ်ကြောင်း၊ စွန့်စားမှုကို တွက်ဆပြီး အရဲစွန့်ဝံ့သူဖြစ်ကြောင်း သင့်အလုပ်ရှင်ဖြစ်နိုင်သူကို ပြသပါတယ်။ အထူးသဖြင့် ငယ်ရွယ်ပြီး တိုးတက်ဆဲ အဖွဲ့အစည်းတွေ အပါအဝင် ဘယ်လိုဌာနမှ ခေါင်းဆောင်ရာထူးအတွက်မဆို ဒီလက္ခဏာတွေက သင်လိုချင်စရာပါလို့ Gelbard က ပြောပါတယ်။
[caption id="attachment_30002" align="alignnone" width="720"]Endurance Sports[/caption]
၃။ ဗီဒီယိုရိုက်ကူးထုတ်လုပ်ခြင်း
ဆွဲဆောင်မှုရှိတဲ့ ရာထူးလျာထားခံရသူ ဘယ်သူမဆို ဗွီဒီယိုရိုက်ကူး ထုတ်လုပ်ဖို့ ဝါသနာပါရင် ထုတ်လုပ်ရေး၊ ဒါမှမဟုတ် ပွဲစီစဉ်ရေးအတွက် သင့်တော်ပါတယ်။ ရုပ်သံလွှင့်ခြင်း၊ ဒါမှမဟုတ် အင်တာနက်မှ တိုက်ရိုက်လွှင့်တင်ဖြန့်ချိခြင်းတို့ဟာ အခမ်းအနား၊ ဒါမှမဟုတ် အစည်းအဝေးတွေရဲ့ အစိတ်အပိုင်းတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဗီဒီယိုထုတ်လုပ်မှုက သင့်ရဲ့ဗဟုသုတ၊ ဒါမှမဟုတ် စိတ်ဝင်စားမှုဟာ သင့်အလုပ်ကို အထောက်အကူ ပြုနိုင်ပါတယ်။ ဒါအပြင် သင်ဟာ စေ့စပ်သေချာသူ၊ အသေးစိတ်လုပ်တတ်ပြီး အာရုံစိုက်မှု အားကောင်းသူဖြစ်ကြောင်း ပေါ်လွင်ပါတယ်။ အခမ်းအနားတွေအတွက် အဲဒါအားလုံးဟာ သော့ချက်ကျပါတယ်။
၄။ ခံနိုင်စွမ်းပြအားကစားနည်း
မာရသွန်၊ စက်ဘီးပြိုင်ပွဲ၊ ဒါမှမဟုတ် အားကစားနည်းသုံးမျိုးပါတဲ့ ပြိုင်ပွဲတွေကို ခံနိုင်စွမ်းပြ အားကစားနည်းတစ်ခုခုမှာ ယှဉ်ပြိုင်တာက သင့်ရဲ့လှုံ့ဆော်မှု၊ ဇွဲကောင်းမှု၊ နှစ်မြှုပ်ပေးဆပ်မှုတို့ကို ပြသတယ်လို့ Gelbard က ပြောပါတယ်။ အဲဒီအရည်အသွေးတွေဟာ စီးပွားရေးဖွံ့ဖြိုးမှု၊ စာရင်းအင်းစီမံခန့်ခွဲမှုနဲ့ အရောင်းတာဝန်တွေအတွက် လိုချင်စရာပါ။ အဲဒီဝါသနာကြောင့် ဝန်ထမ်းငှားရမ်းရေး မန်နေဂျာဟာ သင့်ကို မျက်စိကျနိုင်ပါတယ်။
[caption id="attachment_30003" align="alignnone" width="720"]Photography[/caption]
၅။ အသင်းအဖွဲ့လိုက် အားကစားနည်းရဲ့ ခေါင်းဆောင်ဖြစ်ခြင်း
ဝါတာပိုလို၊ ဘောလုံး၊ ဒါမှမဟုတ် ဘော်လီဘောတို့လို အဖွဲ့လိုက် အားကစားနည်းတစ်မျိုးကစားရင်း သင့်ကို အစုအဖွဲ့နဲ့ လက်တွဲလုပ်ကိုင်တတ်သူ ဖြစ်စေရုံမျှမက အသင်းခေါင်းဆောင်ဖြစ်တာကလည်း သင့်ရဲ့ကျွမ်းကျင်မှုစာရင်းထဲမှာ ဦးဆောင်နိုင်စွမ်းကို ထပ်ပေါင်းပေးတယ်လို့ စာရေးဆရာမ Vicky Oliver က ပြောပါတယ်။
''ပြိုင်ဆိုင်ရတဲ့ အားကစားနည်းတွေ ကစားတဲ့လူတွေဟာ ကုမ္ပဏီလောကပတ်ဝန်းကျင်မှာလည်း အောင်မြင်ကြောင်း မှတ်တမ်းတွေက ဖော်ပြပါတယ်'' တဲ့။
၆။ ဘလော့ဂ်ရေးသားခြင်း
ဆက်သွယ်ရေး၊ ဒါမှမဟုတ် ဈေးကွက်ထိုးဖောက်ရေး ဆိုင်ရာ ရာထူးတွေကို သင်ရှာဖွေနေတယ်ဆိုရင် သင့်ရဲ့ ဘလော့ဂ်ရေးသားမှု ကျွမ်းကျင်ခြင်းက သင့်ကို ဝန်ထမ်းသစ်လျာထားစာရင်းမှာ ပါဝင်စေပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ဘလော့ဂ်ဟာ လတ်တလော ရေးသားထားတာ ဖြစ်ပါစေ။ သင့်စာတွေဟာ အရေးအသား ပြေပြစ်ပြီး အမှားကင်းစင်ပါစေ။ နောက်ပြီး အကြောင်းအရာက သင့်အကြိုက်ကုန်အမှတ်တံဆိပ်ကို အပြုသဘော ထင်ဟပ်ပြတာ ဖြစ်ပါစေ။
၇။ တောင်တက်ခြင်း
ဥပမာအနေနဲ့ နိုင်ငံဆယ်ခုက အဓိက တောင်ထိပ်တွေပေါ် တက်ရောက်ခဲ့တာမျိုး၊ တောင်တက်ခြင်းအပေါ် သင့်ဝါသနာကြီးပုံဖော်ပြရင်း သင့်အလုပ်ရှင်ဖြစ်နိုင်သူတွေကို သင့်ရဲ့သန်မာတဲ့ ကိုယ်ရည်ကိုယ်သွေး လက္ခဏာတွေ ပြသရုံမျှမကဘဲ ဆက်စပ်လုပ်ငန်းတွေကိုပါ သင်စိတ်ဝင်စားမှုရှိကြောင်း အထောက်အကူပြုနိုင်ပါတယ်။ ''ခရီးသွားလုပ်ငန်းမှာ သင်လုပ်ချင်ကိုင်ချင်ရင် အဲဒီလုပ်ငန်းအတွေ့အကြုံတွေ သင့်မှာ ကွက်တိရှိဖို့ မလိုပါဘူး။ ဒီဝါသနာက ခရီးသွားခြင်းမှာ သင့်ရဲ့စိတ်ဝင်စားမှုနဲ့ အတွေ့အကြုံတွေကို ပြသပါတယ်။ ခြေလျင်တောင်တက် ခရီးတိုတွေကို သင်စီစဉ်ပေးခဲ့ဖူးရင် အဲဒါက သင့်အတွက် အပိုဆုကြီး ဖြစ်ပါလိမ့်မယ်လို့ Gelbard က ပြောပါတယ်။
၈။ တူရိယာတစ်ခုခု တီးမှုတ်ခြင်း
ဂီတနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်တွေကလွဲရင် သင်ဟာ ဂစ်တာတီးတတ်ကြောင်း၊ ဒါမှမဟုတ် တယောထိုးတတ်ကြောင်း ဖော်ပြခြင်းနဲ့ သင့်ရဲ့အလုပ်ရှင်ဖြစ်နိုင်သူတွေအတွက် သင့်ရဲ့ဆွဲဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်။ အာရုံစူးစိုက်မှု၊ ရည်ရွယ်ချက်နဲ့ စည်းကမ်းတွေလိုအပ်တဲ့ ဥပမာ - မြို့ပြ အင်ဂျင်နီယာလို အလုပ်တွေ ရှာဖွေတဲ့အခါမှာ ဖြစ်ပါတယ်။
[caption id="attachment_30005" align="alignnone" width="720"]Mountain Climbing[/caption]
၉။ စေတနာ့ဝန်ထမ်းလုပ်ခြင်း
''ပြန်လည်ပေးဆပ်ခြင်းဟာ ကျွန်မတို့ရဲ့ Salesforec မှာ အဓိကတန်ဖိုးတွေအနက် တစ်ခုဖြစ်တာကြောင့် တစ်ယောက်ယောက်က စေတနာ့ဝန်ထမ်းလုပ်တာ ဝါသနာပါကြောင်း ဖော်ပြရင် သူဟာ ကောင်းတဲ့ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့ အလားအလာပိုရှိမှန်း သိသာပါတယ်။ ကျွန်မတို့အဖွဲ့ဟာ အလုပ်လျှောက်ထားသူတွေထဲမှာ အလုပ်ကို မြတ်မြတ်နိုးနိုး လုပ်ကိုင်လိုစိတ်ရှိပြီး ကရုဏာစိတ်ရှိသူကို ရှာဖွေပါတယ်။ လူတစ်ဦးရဲ့ အားလပ်ချိန်အသုံးပြုပုံဟာ ကျွန်မတို့တန်ဖိုးထားတဲ့ အဲဒီလက္ခဏာတွေကို သတ်မှတ်ပေးဖို့ လွယ်ကူတဲ့အညွှန်းကိန်းပါပဲ''လို့ Salesforce မှ အကြီးတန်း ဒုဥက္ကဋ္ဌ Recio က ပြောပါတယ်။
၁၀။ ဓာတ်ပုံရိုက်ခြင်း
ဒစ်ဂျစ်တယ် ဈေးကွက်ထိုးဖောက်ရေး အေဂျင်စီတစ်ခုခုရဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဒါမှမဟုတ် စာရင်းစစ်ရာထူးကို သင်ရှာဖွေရင် ဓာတ်ပုံရိုက်ခြင်းဟာ တန်ဖိုးရှိတဲ့ ဝါသနာဖြစ်တယ်လို့ Gelbard က ပြောပါတယ်။ အဲဒီဝါသနာဟာ တီထွင်ဖန်တီးမှု၊ နေရာချခြင်း (အထားအသို) နဲ့ စိတ်ရှည်မှုတို့ကို ဆက်သွယ်ပေးလို့ပါပဲ။ အဲဒါအားလုံးက သင့်ရဲ့ရည်မှန်း အလုပ်ရာထူးတွေအတွက် အထောက်အကူ ပြုနိုင်ပါတယ်။ တကယ်လို့ သင့်မှာ လတ်တလော ကျနစွာ ထိန်းသိမ်းထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုရှိရင် သင့်ရဲ့ဝက်ဘ်ဆိုက်ဆီကို Link တစ်ခုနဲ့ သင့်အလုပ်ရှင် ဖြစ်နိုင်သူတွေကို သင်လမ်းညွှန်ပေးလိုက်ပါလို့ Gelbard က ပြောပါတယ်။
၁၁။ သစ်ပင်ပန်းမန် စိုက်ပျိုးခြင်း
''ပန်းမန်စိုက်ပျိုးတာဟာ သင့်အလုပ်ရှင်ဖြစ်နိုင်သူတွေအနေနဲ့ သင်ဟာ ရေရှည်တည်တံ့ရေးနဲ့ သန့်ရှင်းတဲ့ စွမ်းအင်ဆိုင်ရာ ရာထူးတွေ ရှာဖွေနေမှန်းသိစေလို့ သင့်အတွက် ကောင်းနိုင်ပါတယ်။ သင်ဟာ သဘာဝနဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ကြောင်း သိသာပေါ်လွင်လို့ သင့်ပြိုင်ဘက် လျှောက်ထားသူတွေထက် တစ်ပန်းသာနိုင်ပါတယ်'' လို့ Gelbard က ပြောပါတယ်။
၁၂။ စိတ်ကူးယဉ် ဘောလုံးကန်ခြင်း (Fantasy Football)
Venture Capital နဲ့ ဘဏ်လုပ်ငန်းတို့လို တချို့လုပ်ငန်းတွေမှာတော့ သင့်မှာ လောင်းကစားသမားစိတ် နည်းနည်းရှိကြောင်း ပြသတာ ကောင်းနိုင်တယ်လို့ Oliver က ပြောပါတယ်။
၁၃။ သမားရိုးကျမဟုတ်တဲ့ ဝါသနာတစ်မျိုး
သင့်ကိုယ်ပိုင် ရေမွှေးဖော်စပ်ခြင်း၊ ဒါမှမဟုတ် ဂျူဂျစ်ဆု လေ့ကျင့်ခြင်းလို ဝါသနာတွေဟာ စကားစမြည်ပြောဖို့ စိတ်ဝင်စားစရာ အကြောင်းအရာဖြစ်လို့ ထည့်သွင်းသင့်ပါတယ်။
ဟိဏ်းကိုကို