အရှေ့တောင်အာရှရဲ့ ထိပ်တန်းသယ်ယူပို့ဆောင်ရေးနဲ့ မိုဘိုင်းငွေပေးချေမှုစနစ်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Grab က သူ့ရဲ့ Grab for Business ဝန်ဆောင်မှုကို မြန်မာနိုင်ငံဆီ ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။ Grab for Business ဝန်ဆောင်မှုအသစ် မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်က ရန်ကုန်မြို့ရှိ Grab Myanmar ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဝန်ဆောင်မှုကို စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ ရရှိနေပြီးသားဖြစ်ကာ အခုအခါမှာတော့ မြန်မာနိုင်ငံမှာပါ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။ အဆိုပါအခမ်းအနားမှာ Grab Myanmar ရဲ့ Country Manager ဖြစ်သူ Mr Amrt Sagar နဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Mr Amrt Sagar
Country Manager
Grab Myanmar
~~~~~~~~
Grab for Business ဝန်ဆောင်မှုဆိုတာ
---------------------
Grab for Business ဆိုတာက မြန်မာနိုင်ငံရှိ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အလုပ်ကိစ္စနဲ့ အပြင်သွားလာရာမှာ လွယ်ကူချောမွေ့စေဖို့နဲ့ ကုမ္ပဏီတွေအနေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေ Grab Taxi ငှားရမ်းပြီး သွားလာခဲ့တဲ့ အလုပ်နဲ့ပတ်သက်တဲ့ခရီးလမ်းကြောင်းတွေကို ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်တဲ့အပြင် ခရီးစရိတ်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်စေဖို့ အကူအညီပေးမယ့် Grab ရဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ Grab for Business ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ကိုယ့်ရဲ့ဝန်ထမ်းတွေ အလုပ်ကိစ္စနဲ့ပတ်သက်လို့ သွားခဲ့တဲ့ ခရီးလမ်းကြောင်းတွေအားလုံးကို Grab App ကနေတစ်ဆင့် Grab for Business Web Portal ပေါ်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ Grab Taxi ငှားရမ်းစီးနင်းမှုတွေအတွက် ကျသင့်ငွေပေးချေရာမှာ လုပ်ငန်းအကောင့်က တိုက်ရိုက်ပေးချေခြင်း၊ ကိုယ်ပိုင်အကောင့်ဖြင့် ပေးချေခြင်း၊ ဒါမှမဟုတ် ငွေသားဖြင့်ပေးချေခြင်း စသဖြင့် အဆင်ပြေတဲ့ငွေပေးချေမှုပုံစံကို ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ (Grab for Business ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၄၂၉၉၅၆၂၅၀၊ သို့မဟုတ် [email protected] ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။)
Grab Myanmar ရဲ့ တစ်နှစ်အတွင်းတိုးတက်မှုများ
------------------
Grab Myanmar က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၁ ရက်ကစပြီး မြန်မာနိုင်ငံမှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ စမ်းသပ်ပြေးဆွဲစဉ်ကာလကတည်းက မိတ်ဖက်ယာဉ်မောင်းတွေရော၊ ခရီးသည်တွေရောရဲ့ တုံ့ပြန်မှုက အမှန်တကယ် ကျေနပ်စရာဖြစ်ပါတယ်။ ကျွန်တော်တို့ Grab အနေနဲ့ လုပ်ငန်းဝင်ရောက်လုပ်ကိုင်တဲ့ ဘယ်နေရာမှာမဆို စစချင်းတစ်နှစ်ကဈေးကွက်ကို လေ့လာခြင်းဖြစ်ပါတယ်။ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအကြောင်း လေ့လာတယ်။ တိုင်းပြည်နဲ့ ပြည်တွင်းယဉ်ကျေးမှုတွေအကြောင်း လေ့လာတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး အခြေအနေတွေကို လေ့လာခဲ့ပါတယ်။
အခုဆိုရင် ရန်ကုန်မှာ GrabTaxi ဝန်ဆောင်မှုအပြင် GrabTaxi Plus (Beta Version) နဲ့ Grab for Buiness ကို တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး မန္တလေးမှာ GrabBike (Beta Version) ဆိုတဲ့ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ GrabTaxi Plus ဆိုတာက Toyota Crown ၊ Hyundai Sonata ၊ Kia Cerato တို့လို ပိုမိုကောင်းမွန်ပြီး အဆင့်မြင့်တဲ့ယာဉ်တွေနဲ့ အေးဆေးသက်သာစွာ စီးနင်းနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ ခရီးသည်တွေဟာ Grab ရဲ့ အကောင်းဆုံးယာဉ်မောင်းတွေနဲ့အတူ အဆင့်မြင့်ဝန်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။ GrabBike က မန္တလေးမြို့နေ ပြည်သူတွေအနေနဲ့ ကျောင်းသွားတာ၊ အလုပ်သွားတာ၊ အခြားကိစ္စတွေနဲ့ အပြင်သွားဖို့ရှိတဲ့အခါမှာ Grab Application ကနေတစ်ဆင့် မော်တော်ဆိုင်ကယ်ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သွားလိုတဲ့နေရာကို Grab Bike က ပုံသေဈေးနှုန်းနဲ့ လုံခြုံစိတ်ချမှုရှိရှိ လိုက်လံပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ Grab နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ မိတ်ဖက်ယာဉ်မောင်းတွေရော၊ Grab Application ကို အသုံးပြုပြီး စီးနင်းသူခရီးသည် အရေအတွက်ပါ အရင်ကထက် ပိုမိုများပြားလာပြီ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာ သတ်မှတ်ထားတဲ့ Target မိပါသလား
-----------------------
ကျွန်တော်တို့အနေနဲ့ မျှော်မှန်းထားတာထက်ကို ပိုပြီးကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပုံသေကားခ၊ ဘေးကင်းလုံခြုံမှုနဲ့ အရည်အချင်းပြည့်ဝတဲ့ ယာဉ်မောင်းတွေကြောင့် ဈေးကွက်ထဲမှာ ကောင်းမွန်တဲ့နေရာတစ်ခု ရရှိခဲ့တာ ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ်
--------------------
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးဖြစ်စေဖို့ Grab ရဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့မန္တလေးအပြင် အခြားမြို့တွေမှာပါ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးသွားဖို့ ရှိပါတယ်။ Grab အနေနဲ့ မြန်မာနိုင်ငံမှာ လမ်းကြောင်းနဲ့ဝန်ဆောင်မှုတွေကို ဆက်လက်ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။