လက်ရှိအစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဦးဆောင်ရန် အချိန်သိပ်မကျန်တော့ပေ။ ထိုလများတွင် လတ်တလော ကြုံတွေ့နေရသည့်ကိစ္စရပ်များကို ဦးစားပေးဖြေရှင်းနေမည့်အစား ရေရှည်လက်တွေ့ အကျိုးရှိမည့်ပေါ်လစီများ ချမှတ်ရန် လွန်စွာအရေးကြီးပါသည်။ အသွင်ကူးပြောင်းသည့်ကာလတွင် တာဝန်ယူရသည့် အစိုးရတိုင်းတွင် ပြဿနာမျိုးစုံ အတွင်း၊ အပြင် စိန်ခေါ်မှုမျိုးစုံရင်ဆိုင်ရစမြဲဖြစ်ရာ ဟိုလူ့အကြိုက်၊ သည်လူ့အကြိုက် လုပ်ဆောင်ခြင်း (Compromise Game) လုပ်ဆောင်နေမည့်အစား သမိုင်းတွင်မည့်၊ သမိုင်းတွင်တင်ကျန်ခဲ့မည့်၊ ရေရှည်တွင် နိုင်ငံနှင့်လူအများစုကို အကျိုးပြုသည့် စီမံကိန်းများ၊ ပေါ်လစီ များ၊ ပြတ်ပြတ်သားသား သတ္တိရှိရှိ ရေးဆွဲချမှတ်ရမည့် အချိန်ကာလပင်ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ်ကြီးပရင်တင်ဆူလာဒွန် တာဝန်ယူစဉ်က စီးပွားရေးအခြေအနေမှာ လွန်စွာဆိုးရွားနေပြီး အသွင်ကူးပြောင်းသည့်အခြေအနေမျိုး ကြုံတွေ့နေရပါသည်။ ထိုအခြေအနေမျိုးတွင် တာဝန်ယူမယ့်သူအနေဖြင့် နောင်တစ်နေ့ ထိုင်းနိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုသည့်ပေါ်လစီများ ပြတ်ပြတ် သားသား ချမှတ်ခဲ့ပါသည်။ ထိုစဉ်ကလည်း ကိုယ်ကျိုးရှာစီးပွားရေးသမားများ၊ မိမိသာလျင် တော်သည် တတ်သည်ဆိုသော နိုင်ငံရေးသမားများနှင့် နေ၀ တိမ်တောင်ခေါင်းညိမ့်သူများ၏ အတိုက်အခံပြုမှု၊ ဆန့်ကျင်မှုနှင့်ကြုံတွေ့ခဲ့ရသည်။ ပေါ်လစီပေါင်းများစွာချမှတ်သည့်အထဲတွင် ယနေ့ထိုင်းနိုင်ငံကို ရှေ့ရောက်စေသည့် အဓိကကျသည့်ပေါ်လစီသုံးရပ်ချမှတ်ခဲ့ပါသည်။ နံပါတ်တစ်အချက်မှာ ထိုင်းနိုင်ငံတွင် ကိုယ်ပိုင်တံဆိပ်နှင့် ကားများထုတ်လုပ်မည့် အစား နိုင်ငံတကာကားကုမ္ပဏီကြီး များ လာရောက်ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများ ဖန်တီးပေးရန် ဆုံးဖြတ်ပြီး အမေရိကန်နှင့် ဂျပန်၊ ဂျာမနီကားကုမ္ပဏီများ ဖိတ်ခေါ်ပြီး ကားများစွာ ထုတ်လုပ်ခဲ့သဖြင့် အခြေခံလူတန်းစားများ အလုပ်အခွင့်အလမ်းရရှိခဲ့ရုံမျမက အာရှ၏ကားမြို့တော် ဒက်ထရိုက်ဟု ထင်ပေါ်ကျော်ကြားခဲ့သည်။ မလေးရှားနိုင်ငံတွင် ပရိုတွန် (Proton) ကားများနှင့် ခေါင်းစားနေဆဲ ဖြစ်ပါသည်။ ပြည်တွင်းဖြစ်ကားများ၏ရလဒ်ပင် ဖြစ်ပါသည်။ နံပါတ်နှစ်အချက်မှာ ခရီးသွားလုပ်ငန်း (Tourism) ကို မြှင့်တင်ရန်ဖြစ်ပါသည်။ မီးခိုးမဲ့လုပ်ငန်းစုဖြစ်သည့် ခရီးသွားဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို စနစ်တကျ အကောင်အထည်ဖော်ဆောင်သဖြင့် ယနေ့အချိန်တွင် နိုင်ငံခြားသားခရီးသွား ၂၄.၅ သန်းအထိ လာရောက်လည်ပတ်ပြီး ထိုင်းနိုင်ငံ၏ဝင်ငွေရရှိမှု ဘတ်ငွေ ၁.၁ ထရီလီယံရှိနေပြီဖြစ်ပါသည်။ နံပါတ်သုံးအချက်မှာ ဆန်စပါးကိုအခြေပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကို ဇောက်ချလုပ်ကိုင်ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး လုပ်ဆောင်ခဲ့ရာ ယခုအခါ ကမ္ဘာတွင် ထိပ်တန်းဆန်တင်ပို့သည့် သုံးနိုင်ငံတွင် ရပ်တည်လျက်ရှိရုံသာမက စပယ်ပန်းရနံ့ရှိသည့် ဆန်မှာ တရားဝင်မှတ်ပုံတင်လျက် ထင်ရှားကျော်ကြားလှပေသည်။ အလားတူ အိန္ဒိယနိုင်ငံတွင် အသွင်ကူးပြောင်းသည့်ကာလ ၁၉၉၁ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးမန်းမိုဟန်ဆင်း (ယခုဝန်ကြီးချုပ်) က အိန္ဒိယနိုင်ငံ၏ အားသာ ချက်များဖြစ်သည့် အင်္ဂလိပ်စာတတ်ကျွမ်းခြင်းနှင့် ကျယ်ပြန့်သောပထဝီအနေအထားကို အခြေခံလျက် တံခါးဖွင့်စီးပွားရေးမူဝါဒကို ကျင့်သုံးခဲ့သောကြောင့် ယခင်ဆို ရှယ်လစ်ဝါဒဖြင့် ထိန်းချုပ်ထားခဲ့စဉ်က အိန္ဒိယတွင် နိုင်ငံခြားငွေ ၁ ဘီလီယံခန့်သာ ရှိခဲ့ရာမှ ၁၁၈ ဘီလီယံအထိ တိုးတက်လာခဲ့ကာ တရုတ်နိုင်ငံနှင့် ယှဉ်နိုင်သည့် အာရှကျားကြီးဖြစ်လာပြီဖြစ်ပါသည်။ (Thomas Friedman ၏
The World is Flat စာအုပ်မှ ကောက်နုတ်ဖော်ပြသည်) ကျွန်တော်တို့နိုင်ငံသည်လည်း သမ္မတ၏စီးပွားရေးအကြံပေးများနှင့် အကြံပေးအဖွဲ့များ ခန့်ထားပြီ ဖြစ်ပေသည်။ မိမိနိုင်ငံနှင့်ကိုက်ညီမည့် မိမိအားကို အခြေ ခံသည့်၊ လူကိုအခြေမခံသည့် အကြံပြုချက်များကို ရယူပြီး စီးပွားရေးပေါ်လစီများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ပြတ်ပြတ်သားသား ချမှတ်ဆောင်ရွက်မှ သာ သမိုင်းတွင်မည့်၊ ဂုဏ်ယူရမည့်အစိုးရ အဖွဲ့အဖြစ် ထင်ကျန်မည်ဖြစ်ပါကြောင်း .....။