Google က ဂလူးကို့စ် ပမာဏကို စောင့်ကြည့်တိုင်းတာပေးမယ့် မျက်ကပ်မှန်တီထွင်

Google Glucose Monitor Google ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ မျက်ကပ်မှန်က မျက်ရည်ထဲမှာပါဝင်တဲ့ ဂလူးကို့စ် ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ ဒါဟာ နေ့စဉ် တစ်နေ့ကို ၁၀ ကြိမ်လောက် လက်ထိပ်ဖေါက်ကာ သွေးတွင်းပါဝင်တဲ့ ဂလူးကို့စ်ပမာဏ တိုင်းတာနေရတဲ့ ဆီးချိုဝေဒနာရှင်များအတွက် အလားအလာရှိတဲ့ အစားထိုးတိုင်းတာမှုတစ်ခုပါပဲ။ အသုံးပြုသူတွေဆီရောက်ဖို့ အနည်းဆုံး ၅ နှစ်လောက် အချိန်ကြာဦးမယ့် မျက်ကပ်မှန် ပုံစံငယ်ဟာ ကုမ္ပဏီတော်တော်များများက ဆီးချိုရောဂါဝေဒနာရှင်များအတွက် သက်သောင့်သက်သာပိုရှိပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖောက်ထွင်းရမှုနည်းပါးအောင် ကြိုးစားပြုလုပ်တီထွင်နေကြတဲ့ ဆေးပညာပစ္စည်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီမျက်ကပ်မှန်က အလွန်တရာသေးငယ်တဲ့ ဂလူးကို့စ် sensor နဲ့ ကြိုးမဲ့ transmitter တို့ကိုအသုံးပြုကာ အင်ဆူလင်အသုံးပြုဖို့လိုနေတဲ့ ကမ္ဘာပေါ်က ဆီးချိုးဝေဒနာရှင် ၃၈၂ သန်းကို သူတို့ရဲ့သွေးထဲမှာ သကြားပါဝင်မှုနှုန်းကို စောင့်ကြည့်ပြီး အသုံးပြုရမယ့် ဆေးပမာဏကို ချိန်ညှိပေးနိုင်စေပါတယ်။ ဒီမျက်ကပ်မှန်တွေကို လွန်ခဲ့တဲ့ ၁၈ လတုန်းက Google X lab ထဲမှာ တီထွင်နေခဲ့တာဖြစ်ပြီး မောင်းသူမဲ့ကား၊ Google ရဲ့ web ထဲမှာ ရှာဖွေမှုတွေလုပ်နိုင်တဲ့ မျက်မှန်တွေနဲ့ internet ကြိုးဆက်သွယ်မှုမရှိတဲ့နေရာတွေမှာ Internet သုံးနိုင်အောင် လုပ်ပေးမယ့် ပူဖောင်း network တစ်ခုဖြစ်တဲ့ Project Loon တို့နဲ့အတူ တီထွင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မျက်ကပ်မှန်ကိုတော့ ဝါရှင်တန်တက္ကသိုလ်မှာ National Science Foundation ရဲ့ fund ငွေထောက်ပံ့မှုနဲ့ သိပ္ပပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုတေသနလုပ်နေခဲ့တာပါ။ Google က Associated Press ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်မပြောခင်အချိန်အထိ ဒီလို စမ်းသပ်နေမှုကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး။ ဦးစီးဦးဆောင်လုပ်သူ သုတေသနပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Brian Otis ကတော့ 'ဒါကို ပညာရေးကဏ္ဍထဲမှာ အဆင့်တစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ Google ကနေတော့ ဒီ project ကို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးတွေ ပေးထားပါတယ်' လို့ ပြောဆိုခဲ့ပါတယ်။ သူကပဲ ဆက်လက်ပြီး 'ကျွန်တော်တို့ဟာ semiconductor လုပ်ငန်းနယ်ပယ်ထဲက ရနိုင်သမျှသော တီထွင်ဆန်းသစ်မှုတွေကိုပြုလုပ်ပြီး cellphone တွေကို ပိုမိုသေးငယ်ပိုမိုစွမ်းအားပြည့်အောင် ပြုလုပ်နေတာဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒီ ကြိုးမဲ့ ဂလူးကို့စ် sensor ဟာ အသေးငယ်ဆုံး အမျိုးအစားတစ်ခုဖြစ်တယ်လို့လည်း Otis က ပြောပါတယ်။ American Diabetes Association board က ဥက္ကဌဖြစ်သူ Dwight Holing က သိပ္ပံပညာရှင်တွေအနေနဲ့ ဒီလိုမျိုး ဆီးချိုရောဂါသည်များအတွက် ဝိုင်းဝန်းအဖြေရှာပေးတာကို ကျေနပ်ပီတီဖြစ်ရကြောင်းပြောကြားခဲ့သလို ဒီလို ပစ္စည်းတွေက မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မီ ထောက်ပံ့ပေးနိုင်မှဖြစ်မယ်လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။ သူက 'ဆီးချိုဝေဒနာရှင်တွေဟာ ကျွန်တော်တို့ရဲ့ စောင့်ကြည့်ပစ္စည်းတွေကနေ ရရှိတဲ့ အချက်အလက်ပေါ်မူတည်တဲ့ အရေးကြီး ကျန်းမာရေးဆုံးဖြတ်ချက်တွေကို မှီခိုနေရတာဖြစ်တယ်'လို့ သူက ဆိုပါတယ်။ Google Glucose Monitor အခု Google ရဲ့ မျက်ကပ်မှန်က သာမန် မျက်ကပ်မှန်တွေနဲ့ ပုံစံတူပါပဲ။ အနီးကပ် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်တော့ မှန်ဘီလူးထဲမှာ တောက်ပနေတဲ့ အစက်ကလေး ၂ စက်တွေ့ရမှာဖြစ်ပြီး အဲဒီ အစက်ကလေးတွေထဲမှာတော့ အသေးငယ်ဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့ transistor လေးတွေ ထောင်နဲ့ချီပြီးထည့်ထားတာကိုတွေ့ရမှာပါ။ သူ့ကို ဆံချည်မျှင်ကဲ့သို့ ပါးလွှာတဲ့ antenna တစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ ဒီလိုမျိုး မျက်ကပ်မှန်အပါအဝင် တခြား အပ်အသုံးပြုစရာမလိုတဲ့ ဂလူးကို့စ်တိုင်းတာတဲ့ ပစ္စည်းတွေကလည်း ဈေးကွက်ထဲမှာရှိပါတယ်။ နယ်သာလန်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ NovioSense ကလည်း အလွန်တရာသေးငယ်တဲ့ မျက်ခွံကြားထဲမှာ တပ်ထားနိုင်တဲ့ ကျုံ့ဆန့်နိုင်တဲ့ စပရိန်လို အရာမျိုးကို တီထွင်ထားပါသေးတယ်။ အစ္စရေးအခြေစိုက် OrSense ကလည်း လက်မညှပ်တစ်ခုကို စမ်းသပ်ထားပြီးဖြစ်ကာ တခြား tattoo နဲ့ တံတွေး sensor တို့ကိုလည်း design  လုပ်ထားပြီးဖြစ်ပါတယ်။ ဂလူးကို့စ်တိုင်းတာတဲ့ လက်ပတ်ကို ၂၀၀၁ ခုနှစ်တုန်းက FDA အသိအမှတ်ပြုမှုရခဲ့ပေမယ့် အသုံးပြုသူတွေက အရေပြားကို လျှပ်စီးကြောင်းအနည်းငယ် စီးဆင်းနေသလိုဖြစ်လို့ နာကျင်မှုရှိတယ်လို့ ဆိုကြပါတယ်။ NovioSense ရဲ့ CEO ဖြစ်သူ Dr. Christopher Wilson က 'ကတိကြီးကြီးပေးတတ်တဲ့လူတွေကတော့ အများကြီးပါ။ ဒါပေမဲ့ တကယ်အသုံးပြုလို့ရတဲ့ ပစ္စည်းမျိုးနဲ့ ဘယ်သူက ဈေးကွက်ထဲကို ရောက်လာသလဲဆိုတာကတော့ မေးစရာတစ်ခုပါပဲ' လို့ ပြောခဲ့ပါတယ်။ Palo Alto Medical Foundation က endocrinologist ဖြစ်သူ Dr. Larry Levin ကတော့ Google လို နည်းပညာကုမ္ပဏီတစ်ခုက ဆေးပညာလောကထဲကို ဝင်လာတာက အပြောင်းအလဲတစ်ခုဖြစ်ပြီး အရေးကြီးတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ သူကတော့ သူ့လူနာတွေကို လက်ထိပ်ဖောက်တာလို၊ အစာအိမ်ထဲကို အပ်ချောင်းထည့်ထားတာလို မျိုးလုပ်ပြီး စောင့်ကြည့်ရတာထက်စာရင်တော့ နာကျင်မှုမရှိတဲ့ တခြားရွေးချယ်စရာတစ်ခုခုပေးချင်တယ်လို့လည်း ဆိုပါတယ်။ 'Google က တီထွင်ဆန်းသစ်နိုင်ပါတယ်၊ နည်းပညာအသစ်တွေလည်း အမြဲတမ်းရှိနေပါတယ်။ ဒီနေရာမှာ ရိုးရိုးသားသား ထပ်ပြောရရင်တော့ Google ရဲ့ မောင်းနှင်အားကတော့ ငွေပဲဖြစ်ပါတယ်' လို့ သူက ပြောဆိုခဲ့ပါတယ်။ Renub Research က သုတေသီတွေရဲ့ အဆိုအရ ဒီနှစ်ကုန်မှာ ကမ္ဘာလုံးဆိုင်ရာ ဂလူးကို့စ်တိုင်းတာရေးပစ္စည်းတွေရဲ့ ဈေးကွက်က ဒေါ်လာ ၁၆ ဘီလီယံကျော်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ Google Team က wireless chip တွေကို သန့်ရှင်းတဲ့အခန်းတွေထဲမှာ တည်ဆောက်ပြီး ဒီလို နေရာကျဉ်းကျပ်ကလေးထဲမှာ ထည့်ဖို့ ဂလူးကို့စ် sensor နဲ့ integrated circuit တွေကို အဆင့်မြင့် engineering နည်းပညာတွေ အသုံးပြုခဲ့တာပါ။ သုတေသနပညာရှင်တွေအနေနဲ့လည်း တစ်စက္ကန့်ကို တစ်ကြိမ် ဂလူးကို့စ်ပါဝင်နှုန်းဖတ်နိုင်ဖို့ လုံလောက်တဲ့ စွမ်းအင်ရဖို့ ဝင်လာတဲ့ radio frequency တွေထဲကနေ စွမ်းအင်ဆွဲယူပေးနိုင်တဲ့ စနစ်တစ်ခုကိုလည်း တည်ဆောက်ထည့်သွင်းပေးထားရပါတယ်။ မှန်ဘီလူးထဲမှာ ထည့်သွင်းထားတဲ့ လျှပ်စစ်ပစ္စည်းတွေက မြင်ကွင်းကို မကွယ်အောင် မျက်စိသူငယ်အိမ်နဲ့ မျက်ဝန်းကြားထဲမှာ နေရာချထားတာပါတယ်။ Google က ဒီလို ပစ္စည်းမျိုးကို ဈေးကွက်ထဲမှာဖြန့်ဖူးတဲ့ partner ရှာနေပါတယ်။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ အခု project ထဲမှာ လူဘယ်လောက်ပါဝင်အလုပ်လုပ်နေတယ်၊ ကုမ္ပဏီအနေနဲ့ ဘယ်လောက် အတိုင်းအတာ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကို ပြောပြဖို့ ငြင်းဆိုခဲ့ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်တဲ့ သုတေသနတစ်ခုမှာ လူနာတွေက စိတ်အားထက်သန်စွာပါဝင်ခဲ့ကြပေမဲ့ အပြစ်အနာအဆာတွေလည်း အများကြီးရှိလာနိုင်စရာရှိပါတယ်ဆိုပြီး မြောက်ကာရိုလိုင်းနားတက္ကသိုလ်က သုတေသနပညာရှင် Dr. John Buse ကတော့ Google နဲ့အတူ briefing ပေးတုန်းက ပြောခဲ့ပါတယ်။ အဲဒီအထဲကတစ်ချို့ကတော့ သွေးထဲကလို မျက်ရည်ထဲမှာ ဂလူးကို့စ်ကို ဘယ်လို ဆက်စပ်တိုင်းတာနိုင်မလဲဆိုတာပါပဲ။ လေထန်တဲ့နေ့တွေမှာဆိုရင်ရော၊ ကြက်သွန်နီလှီးနေတဲ့အချိန်မှာဆိုရင်ရော၊ ဝမ်းနည်းစရာသိပ်ကောင်းတဲ့ ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာဆိုရင်ရော ဒီလို ပတ်ဝန်းကျင်နဲ့  ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေကရော ဘယ်လောက်အထိ အကျိုးသက်ရောက်မလဲဆိုတာပါ။ ပြီးတော့ တခြား ဈေးကွက်ထဲမှာရှိနေတဲ့ FDA အသိအမှတ်ပြု တခြား ဂလူးကို့စ် sensor တွေလောက် ကောင်းပြီး မှန်ကန်၊ စိတ်ချရဖို့လည်း လိုပါသေးတယ်။

Ref : AP