လုပ်ငန်းခွင်မှာ လက်ထောက်ကောင်းတစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၈ မျိုး

လုပ်ငန်းခွင်မှာ လက်ထောက်ကောင်းတစ်ယောက်ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။ ဒါကြောင့် သင့်ရဲ့လုပ်ငန်းခွင်မှာ လက်ထောက်ကောင်း (နောက်လိုက်ကောင်း) တစ်ယောက်ဖြစ်ဖို့အတွက် ဆောင်ရွက်ရမယ့် နည်းလမ်း ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

goodsecetary8fact1

၁။ အမြဲတမ်းကြိုတင်စဉ်းစားပါ။

လက်ထောက်ကောင်းတစ်ယောက်ဖြစ်ဖို့ အမြဲတမ်းကြိုတင်စဉ်းစားဖို့လိုပါတယ်။ သင့်မန်နေဂျာရဲ့ နေ့စဉ်ဘဝမှာ ဘာတွေဖြစ်လာမယ်၊ သူ့အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။

'ကျွန်မလက်အောက်က ဝန်ထမ်းတွေအနေနဲ့ ကျွန်မရဲ့ညွန်ကြားမှုမရှိဘဲ လုပ်ငန်းတွေပြီးမြောက်အောင် ဆောင်ရွက်နေတာကို သဘောကျပါတယ်' လို့ နယူးယောက်မြို့ရှိ Aquavit ကုမ္ပဏီရဲ့ Executive Chef ဖြစ်သူ Emma Bengtsson က ပြောပါတယ်။ အခုချိန်မှာ Soul Cycle ရဲ့ Chief Culture Officer ဖြစ်သူ Amy Peck  က သူလက်ထောက်ဘဝတုန်းက တနင်္ဂနွေညဆိုရင် သူ့ဘော့စ်ရဲ့ နောက်တစ်ပတ် Schedule ကို ပြန်သုံးသပ်တဲ့ အလေ့အကျင့်ရှိတယ်လို့ ဆိုပါတယ်။ အချိန်၊ နေရာ၊ အဝတ်အစားပုံစံ၊ တွေ့ရမယ့်သူတွေ စသဖြင့် လိုအပ်ချက်တွေ ဘာတွေရှိမလဲဆိုပြီး စဉ်းစားပါတယ်။ နောက်ပြီး ဘော့စ် Meeting ထဲကို ဟီးရိုးတစ်ယောက်လို ဝင်သွားနိုင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကိုလည်း ကြိုတင်ပြီး Research လုပ်ပေးထားပါတယ်။ ပြီးရင်တော့ ဘော့စ်ရဲ့ Online Calendar က အချက်အလက်တွေကို စုစည်းပေးပြီး လိုအပ်တဲ့ နောက်ခံအချက်အလက်တွေကို လမ်းမှာဖတ်သွားလို့ရအောင် Folder ထဲထည့်ပြီး ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။

၂။ တစ်နေ့တာရဲ့လုပ်ငန်းစဉ်ကို အစီအစဉ်ဆွဲပါ။

သင့်ရဲ့တစ်နေ့တာအလုပ်ချိန်အတွင်းမှာ ဘာတွေပြီးမြောက်အောင် လုပ်နိုင်မလဲဆိုတာကို ကြိုတင်စဉ်းစားပါ။ နယူးယောက်သူနာပြုတက္ကသိုလ်ရဲ့ ပါမောက္ခ Christine Kovner က “လက်ထောက်သူနာပြုတစ်ယောက်ရဲ့ အလုပ်ဆိုတာ လာရောက်ကုသတဲ့ လူနာမလာခင်မှာ သူ့ရဲ့နောက်ခံဆေးမှတ်တမ်းတွေ ကြိုတင်ပြင်ဆင် စုဆောင်းထားရမယ်၊ အရေးကြီးတဲ့ လက္ခဏာတွေကို Review လုပ်ထားရမယ်” ဆိုပြီး လက်ထောက်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းကို ပြောပြထားပါတယ်။

၃။ လျှို့ဝှက်သိုသိပ်ပါ။

အတွင်းရေးတွေကို သိုသိပ်ထားပါ။ နောက်ပြီး လုပ်ငန်းအတွင်းရေးတွေကို လူမှုကွန်ရက်ပေါ်မတင်ပါနဲ့။ 45 Things You Do That Drive Your Boss Crazy စာအုပ်ရေးတဲ့ စာရေးဆရာ Anita Bruzzese က သင့်သူဌေးရဲ့ ယုံကြည်မှုကို ပျက်ယွင်းအောင်လုပ်တာက သင့် Career ကို ပျက်စီးအောင်လုပ်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ကျွန်တော်မြင်ဖူးတဲ့ ဥပဒေလုပ်ငန်းဆိုင်ရာလက်ထောက်တစ်ဦးက သူ့ရဲ့အရေးကြီးတဲ့ဖိုင်ကို သွားလေရာ သယ်သွားပါတယ်။ နားနေခန်းသွားရင်တောင် ဖိုင်ကိုပါအောင် ယူသွားပါတယ်။ ဒါကို တစ်စုံတစ်ယောက်က အတင်းပြောတယ်ဆိုရင်တောင် သူကဖိုင်ကိုပြပြီး ဆောရီးပါ၊ ကျွန်မဒါကို ဂရုတစိုက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ ပြန်ပြောပါတယ်။

၄။ အလုပ်မရွေးပါနဲ့။

လုပ်ငန်းခွင်မှာ လက်ထောက်ကောင်းတစ်ယောက်ဟာ မိတ္တူကူးစက်မှာ စာရွက်ညပ်နေတာမျိုး၊ ကော်ဖီစက် ပျက်နေတာမျိုးကအစ လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ တခြားသူတွေကို သင်ဟာအလုပ်ကြိုးစားတဲ့ Team Player တစ်ယောက်ဖြစ်ကြောင်း ပြသနိုင်တဲ့အခါ သင့်ကိုပိုပြီး စဉ်းစားတွေးခေါ်ရတဲ့၊ ဗျူဟာမြောက် အလုပ်တွေကို တာဝန်ပေးလာမှာ ဖြစ်တယ်လို့ They Don’t Teach Corporate in College စာအုပ်ရေးသားသူ Alexandra Levit ကပြောပါတယ်။ သင်ပိုကောင်းအောင် လုပ်နိုင်လေ၊ သင်ရာထူးတက်တာ မြန်လေဖြစ်မှာပါ။ (ဒါပေမဲ့ ဒီနေရာမှာ တစ်ခုသတိထားရမှာက သင်ဟာအမျိုးသမီးဖြစ်မယ်ဆိုရင် သင်နဲ့အဆင့်တူ အမျိုးသားတွေ မလုပ်တဲ့ရုံးရဲ့ ဝေယျာဝိစ္စအလုပ်တွေကို မလုပ်ပါနဲ့။ သင်ဟာ ရုံးအကူပုံစံမျိုးတော့ မပေါက်စေနဲ့ပေါ့။)

goodsecetary8fact2

၅။ ကြားခံအဖြစ် တာဝန်ယူပါ။

သင့်ဘော့စ်ရဲ့ ဦးစားပေးလုပ်ငန်းတွေကို အစီအစဉ်ချပေးပြီး နေ့စဉ်လုပ်ငန်းဘဝချောမွေ့အောင် လုပ်ပေးရမှာက သင့်တာဝန်ပါ။ သင့်ဘော့စ် ဖုန်းလက်ခံပြောသင့်သူတွေက ဘယ်သူတွေလဲ၊ လက်မခံဘဲ ယဉ်ယဉ်ကျေးကျေး ငြင်းရမှာ ဘယ်သူတွေလဲဆိုတာ သိအောင်လုပ်ပါ။ ဒီနေရာမှာ သင်ဟာ ဂိတ်စောင့် ဒါမှမဟုတ် ရေစစ်တစ်ခုလို ဖြစ်နေရမှာပါလို့ Beanstalk ရဲ့ Senior Vice President of Brand Management ဖြစ်သူ Rachel Terrace ကပြောပါတယ်။ ဘော့စ်အတွက် အမြဲတမ်းအရေးပါတဲ့ VIP နာမည်စာရင်း ကို တောင်းထားပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ဘယ်လိုအချိန်တွေကို ဖယ်ထားရမယ်ဆိုတာကိုလည်း သိအောင်လေ့လာထားပါ။

၆။ တန်ပြန်သက်ရောက်မှုတွေကို နားလည်ပါ။

လူတိုင်းမှာ ဆိုးရွားတဲ့နေ့ရက်တွေရှိပါတယ်။ သင့်ဘော့စ်လည်း ဒီလိုပါပဲ။ ခေါင်းကိုက်နေတာ၊ သူ့အမျိုးသားနဲ့ စကားများလာတာကို စဉ်းစားနေမိတာတွေက သင့်ဆီမှာလည်း သက်ရောက်မှုတွေရှိနိုင်ပါတယ်။ လက်ထောက်ဆိုတာ မကြာခဏဆိုသလို ဘော့စ်ရဲ့စိတ်မကြည်မလင်ဖြစ်တာတွေကို ဒဏ်အခံရဆုံးသူတွေ ဖြစ်ပါတယ်။ ဒါကိုအလေ့အကျင့်တစ်ခုလို့ပဲ မှတ်ယူပြီး ဖြတ်ကျော်ပါ။

၇။ ရောက်ရာအရပ်မှာ သင့်မြတ်အောင်နေပါ။

ရောက်ရာအရပ်မှာ သင့်မြတ်အောင်နေပါလို့ Toronto  က Marketing Executive ဖြစ်သူ Joanna Marcovici က ပြောပါတယ်။ ဒါအပြင် သင်နဲ့တွဲဖက် အလုပ်လုပ်ရသူတွေရဲ့ Lifestyle ကိုလည်း စိတ်ဝင်စားမှုပြပါ။ ကုန်ပစ္စည်းစတင်မိတ်ဆက်ပြီး နောက်တစ်ရက်မှာ အခြေအနေ ဘယ်လိုလဲ၊ နွေရာသီခရီးစဉ်မှာပျော်ခဲ့လား၊ ရှင့်ရဲ့ ကြောင်လေးရောစသဖြင့်မေးပြီး သူတို့နဲ့ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပါ။ ပြီးရင် သူတို့အလုပ် ဘယ်လောက်ကြိုးစားသလဲဆိုတာသိကြောင်း၊ အနားယူဖို့လိုအပ်ကြောင်း စသဖြင့် စာနာနားလည်နိုင်တဲ့ မှတ်ချက်မျိုးတွေ ပေးသင့်ပါတယ်။ သင့်ရဲ့အလုပ်ကို အထောက်အပံ့ပေးနိုင်တဲ့သူတွေနဲ့ အမြဲတမ်းအဆက်အသွယ်ပြုလုပ် ချိတ်ဆက်ထားပါ။

၈။ သင့်ဘော့စ်ကို တတ်နိုင်သမျှ အဘက်ဘက်က ထောက်ပံ့ပေးပါ။

သင့်ဘော့စ်က လုပ်ငန်းကိစ္စတွေကို အသေးအဖွဲကအစ အကုန်ဂရုစိုက်ချင်ပေမယ့် သူ့မှာ လုံလောက်တဲ့အချိန် မရှိပါဘူး။ ဒီအတွက် သင့်ရဲ့အကူအညီလိုပါတယ်။ သူ့ရဲ့ များပြားလှတဲ့အီးမေးလ်တွေကို သူ့ကိုယ်စား ပြန်စာပို့ပေးဖို့ လိုမလား၊ ဒါမှမဟုတ် နေမကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်ဆီကို သူ့နာမည်နဲ့ ပန်းစည်းပို့ပေးဖို့ လိုမလားဆိုတာ မေးကြည့်ပါ။ Mckinsey Partner ဟောင်းဖြစ်တဲ့ Caroline Webb က လက်ထောက်ကောင်းတစ်ယောက်ဆိုတာ သူ့ဘော့စ်ဖြစ်လိုတဲ့ဆန္ဒတွေကို သံတမန်တစ်ယောက်လို ဆောင်ရွက်ပေးနိုင်ရမယ်လို့ ဆိုပါတယ်။

နန္ဒာ