လူကြီးလူညစ်ဂေါက်ပုံပြင် ၁၂

golfstory11

''စူးစမ်းတာ ကောင်းတယ်။ စပ်စုတာ မကောင်းဘူး။''

အန်ကယ်ကြီးတစ်ယောက်တည်း ရေရွတ်နေတယ်။

''ဘာတွေ ဆီမန်းမန်းနေတာလဲ အန်ကယ်ကြီးရ။ ဂေါက်သီးရှုံးတယ်လို့လည်း မကြားမိပါဘူး။''

အန်ကယ်ကြီးနံဘေးမှာ ကုလားထိုင် ဆွဲထိုင်ရင်း မေးလိုက်တယ်။

အဲဒါပေါ့ကွ။ မင်းတို့လိုလူတွေအတွက် ပြောနေရတာ။ ဟိုဟာဆို စပ်စုချင်ရတာနဲ့၊ ဒီဟာဆို စပ်စုချင်ရတာနဲ့၊ ပြီးရင် ဉာဏ်တစ်ထွာတစ်မိုက်နဲ့တွေးပြီး ပြောကြ လုပ်ကြတော့ လူရယ်စရာဖြစ်ရော၊ ခံရရော။ ပြောပြမယ် နားထောင်။''

''ဟုတ် အန်ကယ်ကြီး။''

''တိုင်တန်းနစ် သွန်ပဆင် (Titanic Thompson) ဆိုတာ ကြားဖူးလား။''

''သော်မဆင်တော့ သိတယ် အန်ကယ်ကြီး။ ဗိုလ်တစ်ထောင်ဘက်မှာ သော်မဆင်ရိပ်သာဆိုတာ ရှိတယ်လေ။''

''တိုင်တန်းနစ်က ရုပ်ရှင်ပါ အန်ကယ်ကြီးရဲ့။''

golfstory11(2)

''ငါပြောနေတဲ့ စကားတောင် မဆုံးသေးဘူး။ ထင်ရာတွေ ပြောကြ ပြုကြ လုပ်လာကြကုန်ပြီ။ သူက အမေရိကန်နိုင်ငံသား ၁၈၉၃ ခုနှစ်မှာ မွေးခဲ့တာ။ ဂေါက်သီးရိုက်တာလည်း အင်မတန်တော်တယ်။ သူ့ရဲ့မကောင်းတဲ့အကျင့်က လိမ်ညာလှည့်ဖြားတတ်တာ။ ဒါကိုလည်း သူပြောပါတယ်။ ကျွန်တော်က လူတွေကို သွားလိမ်တာ မဟုတ်ဘူး။ သူတို့ကလာပြီး အလိမ်ခံတာတဲ့။''

''ဗျာ။ ဘယ်လို။ လူတွေက သူ့ဆီလာပြီး အလိမ်ခံတာ။''

''ဟုတ်တယ်ကွ။ အဲသလိုပြောတာ။ သူခဏခဏ လောင်းပြီး နိုင်တာတစ်ခု ပြောပြမယ်။ သူသစ်ကြားသီးတစ်ထုပ်လက်ထဲမှာကိုင်ပြီး ထိုင်စားနေတတ်တယ်။ လူတစ်ယောက်လောက်လာရင် သစ်ကြားသီးတစ်စေ့ကို အနားက အဆောက်အဦးအမြင့်ကြီးကို ကျော်အောင်ကြိုးစားပစ်လေ့ရှိတယ်။ ဒါပေမဲ့ မကျော်ဘူး။ ကျော်စရာအကြောင်းလည်း မရှိဘူးလေ။ အဲလာတဲ့လူက လာစပ်စုမယ်။ ပြီးရင် ဘာလုပ်နေတာလဲ၊ ရူးနေလား၊ ဘယ်လိုမှကျော်စရာမရှိတာ ဘာညာပြောပြီဆိုရင် သူ့အကွက်ဝင်ပြီ။ အိုကေလေ၊ ဒါဆိုလောင်းမလား၊ သုံးခါပစ်လို့မှ မကျော်ရင် သူအရှုံးဆိုပြီး ပိုက်ဆံကြေးလောင်းကြတာပေါ့။ တတိယအကြိမ်မှာကျမှ သူကခဲပိုးထားတဲ့ သစ်ကြားစေ့ထုတ်ပစ်တာ၊ ကျော်တာပေ့ါ၊ နိုင်တာပေါ့။''

''ဖြစ်နိုင်ပါတယ်။ ကျွန်တော်ဆိုလည်း လောင်းမိမှာပဲ။''

''အဲဒါ ပြောတာပေါ့ကွာ။ စူးစမ်းတာကောင်းတယ်လို့။ စူးစမ်းတာရဲ့နောက်မှာ ဆင်ခြင်သုံးသပ်မှုဆိုတာ ပါလာလေ့ရှိတယ်။ စပ်စုတာရဲ့နောက်မှာပါလာတတ်တာကိုတော့ အခုမင်းတို့မြင်ရမယ်။ ဟေ့စားပွဲထိုးလေးတွေ၊ ငါအခုသောက်ထားတဲ့ ဘီယာဖိုးကို ဒီဆရာလေးတွေ ရှင်းလိမ့်မယ်။''

''ဗျာ။ ဘယ်လို အန်ကယ်ကြီး။''

''ပြောပြီးပြီကော။ ငါ့ဘာသာနေတာကို မင်းတို့လာစပ်စုတာ။ လောကကြီးမှာ ဘာမှအလကားမရဘူး။ ဒါသင်ခန်းစာ။ ဒါပုံပြောခ။ သွားမယ် ဒါဘဲ။''

ရင်ကလေးမော့ပြီး ပြန်သွားတဲ့ အန်ကယ်ကြီးကိုကြည့်ရင်း ဘီယာဖိုးရှင်းလိုက်ရကြောင်းပါ။

မောင်စံပေါ