လူကြီးလူညစ်ဂေါက်ပုံပြင် ၉

golf9story

ကိုယ်သေသေချာချာမသိတဲ့ လူတစ်ယောက်ကို အရမ်းအထင်မသေးရဘူးကွ။

ဂေါက်သီးဘိုးအေ အန်ကယ်ကြီးက စကားစလာတယ်။ ဒီလိုစကားဦးပျိုးလာပြီဆိုရင် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုခုတော့ နားထောင်ရတော့မယ်ဆိုတာ အတွေ့အကြုံအရသိပြီးသား။ ဒါနဲ့အန်ကယ်ကြီး ပြောအားရှိအောင် ခပ်မြန်မြန်လေး စကားထောက်ပေးလိုက်တယ်။

လုပ်ပါဦး အန်ကယ်ကြီးရဲ့၊ မှတ်ရသားရအောင်။

အေး စောစောက စကားလေးပြန်ကောက်ရအောင်။ ကိုယ်သေသေချာချာမသိတဲ့ လူတစ်ယောက်ကို အရမ်းအထင်မသေးရဘူးကွ။ သူ့အရည်အချင်းကို မယုံသင်္ကာစကားမဆိုသင့်ဘူး။ နှိမ်သလို စော်ကားသလို အပြောမျိုး မဖြစ်စေသင့်ဘူး။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပြောပြမယ်။

၁၉၉၀ ပြည့်နှစ် စွန်းစွန်းနှစ်တွေကပေါ့ကွာ။ တစ်ရက်မှာ ငါ့မိတ်ဆွေတစ်ယောက် စင်ကာပူမှာ ဂေါက်သီးသွားရိုက်တယ်။ အလည်အပတ်ကြုံလို့ရိုက်တာ မဟုတ်ဘူးနော်။ ဂေါက်သီးရိုက်ဖို့ သွားတာ။ ဂေါက်သီးပညာရှင်တော့ မဟုတ်ဘူးကွ။ ဂေါက်သီးဝါသနာရှင်၊ တော်တော်ကြီးကို ရူးသွပ်တဲ့ဝါသနာရှင်။ ရောက်တဲ့နိုင်ငံမှာ ဂေါက်သီးရိုက်တဲ့သူ။ စင်ကာပူက ဂေါက်ကွင်းဆိုတာ သူခြေမချဖူးတဲ့ကွင်းမရှိဘူး။

အဲဒီတစ်ခေါက်က SICC (Singapore Island Country Club) ဂေါက်ကွင်းက Island Course မှာ။ SICC မှာ ၁၈ ကျင်းဂေါက်ကွင်းလေးကွင်းရှိတယ်။ သူ မကစားဖူးသေးတာ Island Course ပဲ ကျန်တော့လို့ သူ့မိတ်ဆွေတစ်ယောက် စီစဉ်ပေးတာနဲ့ သွားရိုက်တာ။ ဟိုရောက်တော့ သူက တစ်ယောက်တည်းဆိုတော့ သုံးယောက်အဖွဲ့တစ်ဖွဲ့နဲ့ လိုက်ရိုက်ရတယ်။ ကျင်းနံပါတ်တစ်တီခုံမှာ မိတ်ဆက်ကြတော့ သူ့ကို မြန်မာနိုင်ငံကဆိုတာသိတော့ အဲဒီသုံးယောက်ထဲက ဘယ်ကျော်က မင်းတို့တိုင်းပြည်မှာ ဂေါက်ကွင်းရှိလားတဲ့။ ဒီမှာ မြန်မာပြည်က ဂေါက်သီးလာရိုက်တာ မတွေ့ဖူးပေါင်ကွာတဲ့။ ဘယ်ကျော်လို့ နာမ်စားသုံးတာက အဲဒီဂေါက်သမားက ဘယ်သန်၊ ဂေါက်သီးရိုက်တာ ဘယ်တုတ်တွေနဲ့ ရိုက်လို့။ သူလည်း ကောင်းကောင်းမွန်မွန် ပြန်ဖြေပါတယ်။

နောက်ပြီး ဟင်းဒီကက်မေးတယ်။ ဖြေတော့ မင်းတို့ဟာတွေက မှန်ကောမှန်ရဲ့လားတဲ့။ လုပ်ပုံ၊ သူကတော့ ပြုံးနေတာပေါ့။ ဒီလိုနဲ့ စံရိုက်ချက် ၅ (Par 5) ကျင်းတစ်ကျင်း ရောက်ပါရော။ အဲဒီမှာ ဘယ်ကျော်က သူ့ကစားဖော်တွေကို ပြောတယ်၊ ငါက ပုံမှန်အားဖြင့် ညာသန်ကွ။ ဂေါက်သီးသာ ငါ့အဖေရိုက်တာကို ရှေ့ကနေ ပုံတူကူးရင်းနဲ့ ဘယ်ဖြစ်သွားတာ။ Phil Mickelson လို ပေါ့ကွာလို့ပြောပြီး သူငယ်ချင်းတစ်ယောက်ဆီက ညာတုတ်ဒရိုင်ဗာငှားပြီး ရိုက်ပြတယ်။ တွေ့လားကွ၊ ငါညာတုတ်ရိုက်နိုင်သလို မင်းငါ့ဘယ်တုတ်ကို ရိုက်နိုင်ပါ့မလားဆိုပြီး ငါ့မိတ်ဆွေကို မေးတယ်။ ငါ့မိတ်ဆွေက ပြုံးနေတော့ မင်းရိုက်ဖို့မပြောနဲ့ ဂေါက်သီးဘောလုံးတောင် ထိမယ့်ကောင်မဟုတ်ပါဘူး။ ကဲကွာ ငါတို့လောင်းကြရအောင်။ ဂေါက်သီးဘောလုံးမထိရင် ဒေါ်လာငါးရာ၊ ထိပြီး ကိုက်တစ်ရာတောင်မရောက်ရင် ဒေါ်လာသုံးရာ မင်းကပေးရမယ်။ ကိုက်တစ်ရာကျော်ရင် ငါက ဒေါ်လာတစ်ထောင်ပေးမယ်။ ၁၅၀ ကျော်ရင် ၁,၅၀၀၊ နှစ်ရာကျော်ရင် နှစ်ထောင်ကွာ၊ ဘယ်လိုလဲ လောင်းရဲရဲ့လားတဲ့။

ဒါနဲ့မိတ်ဆွေက ကျန်တဲ့နှစ်ယောက်ကို သက်သေထားပြီး အိုကေ၊ ရှုံးရင် လက်ငင်းပေးရမှာနော် ပြောပြီးသဘောတူလိုက်ကြတယ်။ ဘယ်ကျော်ရဲ့ဒရိုင်ဗာကို တောင်းယူပြီး ကြည့်လိုက်တယ်။ ဟာ မင်းဟာက ခုနစ်ဒီဂရီပဲ။ အဲဒီမှာ ဘယ်ကျော်က ဟုတ်တယ်လေ၊ မင်းမရိုက်တတ်ရင် မရိုက်နဲ့။ ရှုံးကြေးတော့ ပေးပေါ့ကွာဆိုပြီး ခပ်ထေ့ထေ့ ပြောတယ်။

မိတ်ဆွေက ဘယ်ဒရိုင်ဗာကို ညာကိုင်ပဲပုံမှန်ကိုင်ပြီး ဆကြည့်၊ လွှဲကြည့်တယ်။ ဘယ်ကျော်က ဘောလုံးနဲ့ တုတ်ခေါင်းမျက်နှာပြင်နဲ့မထိဘဲ တစ်ခုခုဖြစ်သွားရင် တုတ်ဖိုးလျော်ရမယ်လို့ ဆိုတယ်။ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကစားဖော်သူငယ်ချင်းတစ်ယောက်ကတောင် ဘယ်ကျော်ကို မင်းဖိအားပေးတာ လွန်နေပြီနော်လို့ ဆိုတယ်။

မိတ်ဆွေကတော့ ဘာမှမပြောပါဘူး။ တီခုံပေါ်မှာ တီကို စိတ်ကြိုက်နေရာရွေးပြီး အနေတော်စိုက်တယ်။ ဂေါက်သီးဘောလုံးကို တီပေါ်အသာအယာတင်တယ်။ ခါတိုင်းလိုပဲ ပုံမှန်ရပ်ပြီး ဘယ်ဘက်ကို လှမ်းကြည့်တယ်။ ကြည့်နေသူတွေ ဇဝေဇဝါဖြစ်ကုန်ကြတယ်။ ဒီကောင့်ဦးတည်ရာ မှားနေပြီပေါ့။ မိတ်ဆွေက သက်သောင့်သက်သာရပ်ပြီး တုတ်ခေါင်းကို ပြောင်းပြန်လှန်ပြီး လက်ကိုင်အနေအထားကို စိတ်ကြိုက်ကိုင်တယ်။ တုတ်ခေါင်းမျက်နှာပြင်နဲ့ ဘောလုံးနဲ့ ပုံမှန်အနေအထားရောက်သွားတယ်။

ဒရိုင်ဗာခေါင်းကတော့ တုတ်ဖျားမှာ တွဲလောင်းကျနေပုံပေါက်သွားတယ်။ တုတ်ကို လွှဲတယ်၊ ရိုက်တယ်၊ ထိတယ်၊ ကိုက်နှစ်ရာကျော် ရောက်သွားတယ်။

ဘယ်ကျော်မျက်နှာနီရဲသွားပြီး စောဒကတက်တယ်။ ဒီကောင် ဘယ်တုတ်ကို ဘယ်လိုမရိုက်ဘူး။ ပိုက်ဆံမပေးနိုင်ဘူးကွာတဲ့။ ကစားဖော်နှစ်ယောက်က ဟေ့ကောင်၊ မညစ်နဲ့ မင်းရှုံးတဲ့ နှစ်ထောင်ပေးလိုက်ဆိုပြီး ဝိုင်းပြောတယ်။

မိတ်ဆွေစင်ကာပူက ပြန်လာတော့ ဒေါ်လာနှစ်ထောင်တန် ဒရိုင်ဗာ အသစ်တစ်ချောင်း ဝယ်လာတယ်။ ဘယ်ကျော်ပေးတဲ့ လက်ဆောင်တဲ့။

မောင်စံပေါ