ဒီတစ်ပတ်မှာ အန်ကယ်ကြီးဂေါက်ကွင်းလာတော့ လူသစ်တစ်ယောက်ခေါ်လာပြီး မိတ်ဆက်ပေးတယ်။
''ဒါ ငါ့သား။ ဝေမင်းလို့ ခေါ်တယ်။ သူငယ်ငယ်တုန်းက တစ်ခါ ဂေါက်ကွင်းခေါ်သွားမိတာ ငါးပါးမှောက်ပါရော။''
အန်ကယ်ကြီးသားက စပ်ဖြီးဖြီးနဲ့ ပြုံးနေတယ်။
''ဒီကောင် သူငယ်တန်းလောက်ကပေါ့။ တစ်ရက်မှာ အဖွားကြီးက ပဲခူးကို နာရေးတစ်ခု မသွားမဖြစ် သွားစရာရှိလို့ သွားတယ်။ ကလေးခေါ်သွားဆိုတော့ ရှင့်သားမျောက်လောင်းနာရေးအိမ်မှာ သောင်းကျန်းလို့ နာမည်ပျက်မယ်ဆိုပြီး ထားခဲ့သကွ။ ပြီးတော့ ငါ့ကိုလည်း တစ်ရက်တစ်လေ ဂေါက်ကွင်းမသွားဘဲ အိမ်မှာနေတဲ့။ ဘယ်ဖြစ်မလဲကွာ၊ ဂေါက်သီးဆိုတာ တစ်ပတ်ကြိုချိန်းတတ်ကြတာလေ။ အဲဒီတော့ ငါလည်း ဘယ်ဖျက်နိုင်ပါ့မလဲ။ ဂေါက်ကွင်းသွားဖို့ သူ့ကိုအိမ်မှာ တစ်ယောက်တည်း ထားခဲ့ဖို့ဟာ မဖြစ်နိုင်တာမို့ ခေါ်ခဲ့ရတာကွာ။''
''ဂေါက်ကွင်းရောက်တော့ ပျော်နေမှာပေါ့။''
''သူကတော့ ပျော်မှာပေါ့ကွာ။ ငါ့မှာ ဒုက္ခနဲ့ လှလှတွေ့တော့တာ။ ဟိုဟာမေး ဒီဟာမေးနဲ့ ဖြေရတာကလည်း ပြဿနာ။ အာရုံနောက်တာပေါ့ကွာ။ ဒီကျင်းက ပါသရီးဖြစ်ပြီး ဟိုကျင်းက ဘာလို့ ပါဖိုးဖြစ်နေရတာလဲတို့၊ ဘူဂီကဘာလဲ ဘာဒီကဘာလဲတို့ စစ်စစ်ပေါက်ပေါက်တွေ လျှောက်မေးလိုမေးနဲ့ကွ။ ခက်တာက ဘာမှနားမလည်သူကို သဘောပေါက်အောင်ရှင်းပြရတာ။ သိပ္ပံမောင်ဝစာထဲမှာ ဖတ်ခဲ့ဖူးတာမျိုး ဂေါက်ကွင်းမှာ လက်တွေ့ကြုံတာကွာ။ နောက်ပြီး ငါရိုက်ချက်များသွားရင် နိုင်ပြီထင်ပြီး ပျော်နေတာ။ နောက်တော့မှ နည်းသူကနိုင်ကြောင်း သဘောပေါက်သွားတာ။ ကျင်းစိမ်တာလွဲသွားရင်လည်း အဖေက ဒါလေးတောင် မဝင်ဘူးပြောသေးတာမောင်။''
''အန်ကယ်ကြီးဘော်ဒါတွေကတော့ ပျော်နေမှာပေါ့။''
''ပျော်တာပေါ့ကွာ။ ငါပျက်လေ သဘောကျလေပေါ့။ ဒီကောင်ကလည်း အဖေရှုံးတော့ မျက်နှာမကောင်းဘူးပေါ့။ ငါတီခုံပေါ်တက်ပြီဆိုရင် လက်အုပ်လေးချီပြီး အဖေရိုက်ချက်ကောင်းပါစေ၊ နိုင်ပါစေဆိုပြီး ဆုတောင်းတာ။''
''အဲဒီတော့ အန်ကယ်ကြီး နိုင်ပြီပေါ့။''
''ဘယ်နိုင်မလဲကွာ။ ပိုဆိုးတော့တာပေါ့။ ပရက်ရှာဆိုတာ မင်းတို့လည်း အသိသားနဲ့။ ရေထဲကျလိုကျ သစ်ပင်မှန်လိုမှန်တွေ ဖြစ်ကုန်တာပေါ့။ ဒီတော့ ငါလည်း စိတ်တိုပြီး ဒီကောင့်ကို ဆူခဲ့မိတယ်။ မင်းပါးစပ်ပိတ် တိတ်တိတ်နေစမ်းပေါ့။ အဲဒီမှာတင် ငါ့သူငယ်ချင်းတစ်ယောက်က ငါ့ကိုဘိုလိုပြောတယ်။ ကလေးကို မဆူပါနဲ့၊ ကလေးက မမှားဘူး။ ခင်ဗျား မှားနေတာတဲ့။''
''ဟုတ်တယ် အန်ကယ်ကြီးမှားတာ။ ဟုတ်တယ်နော် ညီလေး။''
ဝေမိုးကတော့ ပြုံးပြုံးလေး နားထောင်နေတယ်။
''ကယ်ဒီတွေလည်း သဘောတွေကျလို့ပေါ့။ အမြဲတမ်းစနောက်ပြီး ပျော်ပျော်ပါးပါး ဂေါက်သီးရိုက်နေကျ အဖိုးကြီး၊ ကလေးလည်းပါလာရော ရှုံးပါလေရောကွာ။''
သူအနိုင်ရဖူးတာတွေ ပြောနေကျ အန်ကယ်ကြီးတစ်ယောက် ဒီတစ်ခါတော့ ရှုံးဖူးတာ ပြုံးပြုံးကြီး ပြောပြနေတယ်။ အခုအချိန်မှာ ပြုံးနေပေမယ့် အဲဒီတုန်းကတော့ အောင့်သက်သက် ဖြစ်နေမှာ။
''၁၈ ကျင်း ဂရင်းမှာတင် ငါရှုံးတဲ့ ပိုက်ဆံတွေကို ကယ်ဒီတွေကို မုန့်ဖိုးဝေကြတယ်ကွာ။ အန်ကယ်ကြီးကို ကျေးဇူးတင်တယ်တဲ့။ ငါ့သားကိုလည်း မုန့်ဖိုးတွေပေးတယ်။ နောက်တစ်ပတ်ကျရင်လည်း ဂေါက်ကွင်းလိုက်ခဲ့နော်တဲ့။ အိမ်ပြန်ရောက်တော့ သူ့အမေက မေးတယ်။ သားဂေါက်ကွင်းလိုက်သွားတာ ပျော်လားတဲ့။ ဒီကောင်က ဘာဖြေတယ်မှတ်လဲ။''
''မပျော်ပါဘူးဗျာ။ အဖေရှုံးတာကိုး။'' လို့ ဖြေမှာပေါ့။
''မဟုတ်ဘူး ဟေ့ကောင်။ ပျော်တယ်တဲ့။ အဖေ့သူငယ်ချင်းတွေကလည်း သဘောအရမ်းကောင်းတယ်။ သားကို မုန့်ဖိုးတွေ အများကြီးပေးတယ်ဆိုပြီး ပိုက်ဆံတွေတောင် သူ့အမေကို ထုတ်ပြတာကွ။''
''ဟား ဟား။ အန်ကယ်ကြီး ခံရတာပေါ့။''
''ခံရတာက အခုမှလာတာကွ။ အဖွားကြီးက ပြောတယ်။ ရှင့်သူငယ်ချင်းတွေ အလကားနေရင်း ဒီလောက်တော့ သဘောကောင်းမယ်၊ ရက်ရောမယ် မထင်ဘူး။ ဧကန္တ ရှင်ရှုံးလို့ ရှင့်ပိုက်ဆံတွေကို ကလေးမုန့်ဖိုး ပြန်ပေးတာ ဖြစ်ရမယ်တဲ့။ ကောင်းကွာ။''
ဝေမင်းကတော့ သူ့အဖေပြောသမျှ ပြုံးပြီးနားထောင်နေတယ်။ စိတ်ထဲမှာတော့ ငါကလေးရရင် ဂေါက်ကွင်းမခေါ်ဘူးများ တွေးနေမလား။
မောင်စံပေါ