မွေးနေ့ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုအပြီးမှာပေါ့။ မွေးနေ့ရှင်ကိုဝိုင်းပြီး ဆုမွန်တောင်းပေးကြတယ်။ ကျေးဇူးတင်စကား ပြောကြတယ်။ ဆုပေးပွဲကျင်းပချိန်မှာ ကြိုတင်စာရင်းပေးထားသူတွေအားလုံး ဆုဖလားလေးတွေ ကိုယ်စီရကြတယ်။ နည်းနည်းများ နားရှုပ်သွားမလား။ ရှင်းပြပါမယ်။
တချို့တွေက ပြိုင်ပွဲမှာ ဘယ်လိုမှနိုင်စရာ၊ ဆုရစရာ အကြောင်းမရှိကြဘူး။ ဒါပေမဲ့ ဆုဖလားလေးတွေ လိုချင်ကြတယ်။ အိမ်မှာ အလှပြထားတတ်ကြတယ်။ အဲဒီတော့ ဂုဏ်ပြုဆုတို့၊ ကျင်းပုန်းရိုက်ချက်ဆုတို့၊ အကောင်းဆုံးအရှုံးသမားဆုတို့ စသဖြင့် ဆုတွေအများကြီး အပိုလုပ်ထားပြီး သူတို့ပျော်အောင် စီစဉ်ပေးကြတယ်။ အာဏာရှိသူတွေကိုဆိုရင် ဆုကိုလက်ရောက်ပေးအပ်ပါတယ်ဆိုပြီး နေရာအရောက်သွားပေးကြတာကလား။
တမင်အစီအစဉ်လုပ်ပြီးပေးတဲ့ကိစ္စကို အန်ကယ်ကြီး အင်မတန်မုန်းတယ်။ အန်ကယ်ကြီးကို အမှတ်တရ စကားပြောပေးဖို့ ဖိတ်ခေါ်ချိန်မှာ အန်ကယ်ကြီးပြောပါရော။ ဒါပေမဲ့ အန်ကယ်ကြီးက လူမှုဆက်ဆံရေးကျွမ်းကျင်ပြီး ပြောရေးဆိုရာမှာ လိမ္မာပါးနပ်တော့ တစ်ခါတလေမှာ အပြောခံရသူကတောင်မှ သူ့ပြောနေမှန်းမသိဘဲ လက်ခုပ်တီးအားပေးတာမျိုး ကြုံရတယ်။ အခုလည်း ပြောပြီ။
''ပြိုင်ပွဲကျင်းပပေးသူကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဆုရသူတွေအတွက်လည်း ဝမ်းသာပါတယ်။ ဂုဏ်ပြုပါတယ်။ ဆုဖလားတွေ အများကြီးတွေ့မြင်ရတော့ ဂေါက်သီးပြိုင်ပွဲတွေ အများကြီးနိုင်ခဲ့လို့ ဘုရင်ကြီးလို့တောင် နာမည်တပ်ပြီး ဂုဏ်ပြုခံခဲ့ရတဲ့ ကြီးမြတ်တဲ့ဂေါက်သီးချန်ပီယံကြီးတစ်ယောက်ကို သတိရမိပါတယ်။''
''ဘုရင်ကြီးဆိုတာ အန်ကယ်ကြီးတော့ မဟုတ်ပါဘူးနော်။''
တစ်ယောက်က နောက်စစနဲ့ ထောက်တယ်။
''ဟေ့ကောင် လူကြီးစကားကောင်းပြောနေတာ၊ ရိုရိုသေသေနားထောင်။''
နောက်တစ်ယောက်က အတည်ဟောက်တယ်။
''သူက အာနိုးလ်ပါလ်မာ (Arnold Palmer) ။ သူ့ခေတ်သူ့အခါက ဂေါက်သီးကမ္ဘာဘုရင်တစ်ဆူလို မင်းမူခဲ့တာ။ တစ်ရက်မှာ သူ့အိမ်ကို ဧည့်သည်တစ်ယောက်လာလည်တယ်။ သူ့ကို စောင့်နေရင်းနဲ့ ဆုဖလားတွေထားတဲ့ အခန်းကို ခဏကြည့်ပါရစေဆိုပြီး အာနိုးလ်ပါလ်မာရဲ့ဇနီးကို ခွင့်တောင်းတယ်။ ဂေါက်သီးချန်ပီယံတွေ တော်တော်များများက ဆုဖလားတွေကို စင်လှလှတွေမှာ အလှပြထားတာတို့၊ သီးခြားအခန်းတစ်ခုလုပ်ပြီး ထားတာတို့ လုပ်တတ်ကြတာပေါ့။ အဲဒီအချိန်မှာ အာနိုးလ်ပါလ်မာ ရောက်လာပြီး ပြောတယ်။''
''အဲသလိုမျိုးလုပ်ထားတာ မရှိပါဘူး။ အနိုင်ရတယ်ဆိုတာ မနေ့က သတင်းတွေ။ တနင်္ဂနွေကို လွန်မြောက်လို့ တနင်္လာရောက်ရင် နောက်တစ်ပွဲအတွက် ပြင်ရတော့မယ်။ (ဂေါက်သီးပြိုင်ပွဲကြီးတွေက ကြာသပတေးမှာစပြီး တနင်္ဂနွေမှာ ပြီးတယ်)။ ကြာသပတေး၊ သောကြာမှာ လက်ရည်စစ်အောင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရဦးမယ်။ အောင်မြင်မှုဆိုတာကို သာယာပြီး စားမြုံ့ပြန်နေဖို့ အချိန်မရှိဘူး။ ဂေါက်သီးပညာရှင် ပြိုင်ပွဲဝင်ကစားသမားဘဝမှာ ကျင်လည်နေသမျှ ရှေ့ဆက်ဖို့ အလုပ်လုပ်နေရမှာပါ။''
''အောင်မြင်မှုမှာ သာယာတာများရင် ကျေနပ်သွားတတ်တယ်။ အဲဒီအချိန်ဟာ အောင်မြင်မှုတွေ ရပ်တန့်သွားစေတတ်တဲ့ အချိန်ပေါ့တဲ့။''
အန်ကယ်ကြီးစကားကို တိုတိုနဲ့ အဆုံးသတ်လိုက်တယ်။ လက်ခုပ်သံတွေ ညံသွားတယ်။
''အန်ကယ်ကြီး ကျန်းမာစွာ အသက်ရှည်ပါစေ။ ချီးယား။''
မွေးနေ့ရှင်က ကျေးဇူးတင်စွာ ဆုတောင်းပေး တယ်။ အန်ကယ်ကြီးကလည်း အလားတူပေါ့။ တနင်္ဂနွေ ညနေခင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ကြတယ်။
မောင်စံပေါ