ရန်ကုန်မှာ မိုးတွင်းဆို မိုးကလွှတ်သည်းတာ။ ဂေါက်ကွင်းတွေလည်း လယ်ကွင်းနီးနီး ဖြစ်တော့တာပေါ့။ ရေစီးရေလာကောင်းအောင် စနစ်တကျလုပ်ထားတဲ့ ကွင်းကြီးကွင်းကောင်းတွေ ကျပြန်တော့လည်း ဈေးကကြီးတော့ သိပ်ပြီးမကပ်နိုင်။ သူတို့လည်း ကွင်းသာကောင်းတာ၊ မိုးသိပ်ကြီးရင် ကွင်းပျက်မှာစိုးတော့ ရိုက်ခွင့်မပေးဘူး။ ဒီတော့ အရက်သမားတချို့ ဝါတွင်းအရက်နားသလို ရန်ကုန်က ဂေါက်သမားတချို့လည်း မိုးတွင်းဂေါက်နားကြတယ်။ အဲဒီထဲမှာ အန်ကယ်ကြီးလည်းပါတယ်။
ဆောင်းရနံ့လေးရပြီး ခြေခင်းလက်ခင်းလေးသာတော့ ဂေါက်ကွင်းမှာ လူတွေစည်လာတယ်။ ထိပ်ဆုံးက ရောက်လာတာ အန်ကယ်ကြီးပေါ့။ မတွေ့တာကြာတော့ ပြောကြဆိုကြ နောက်ကြပြောင်ကြနဲ့။ ဂေါက်ကွင်းထဲမှာ ပြောကြတဲ့စကားက စားသောက်ဆိုင်အထိပါလာတယ်။
''အန်ကယ်ကြီးက တစ်မိုးတွင်းလုံး ဂေါက်သီးမရိုက်ဖူးသာပြောတာ၊ ဘယ်မှာသွားပြီး ကြိတ်ကျင့်နေသလဲ မသိဘူး။ သူချည်းနိုင်တာကြည့်''
''အေးကွ။ ကျင်းစိမ်တာတွေလည်း ကောင်းမှကောင်း''
အန်ကယ်ကြီးဆီက အသံထွက်လာအောင် ဝိုင်းစကြတယ်။ မကြာပါဘူး၊ အန်ကယ်ကြီးက အဆဲလေးနဲ့ တုံ့ပြန်ပြီး စကားစတယ်။
''မြွေပွေးလေးတွေ၊ နင်တို့က အလုပ်ကိုအလုပ်နဲ့တူအောင် မလုပ်ကြဘဲနဲ့ရှုံးတော့မှ တောပြောတောင်ပြော ပြောနေလို့ရမလား''
''ဘာအလုပ်လဲ အန်ကယ်ကြီးရ''
''ဟ ဂေါက်ကွင်းမှာ ဂေါက်သီးရိုက်တာ အလုပ်ပေါ့ကွ။ ပိုက်ဆံကြေးပါပါမပါပါ သေသေချာချာ ရိုက်ရမှာပေါ့။ စိတ်ဝင်တစား ရိုက်ရမှာပေါ့''
ငြိမ်ပြီး နားထောင်နေကြတယ်။
''အခုတော့ မင်းတို့ဟာက ကွင်းထဲရောက်ရင် ရိုက်ချင်နေပြီ။ ရိုက်ဖို့ အလှည့်ရောက်တာနဲ့ ခွပြီးတီးတော့တာပဲ''
''အန်ကယ်ကြီးကလည်း အလှည့်ရောက်မှတော့ ရိုက်ရုံပေါ့။ တော်နေကြာ နောက်အဖွဲ့တွေက ကြာတယ်ဆိုပြီး တိုင်နေမှပြဿနာ''
''မင်းတို့တွေ အဲဒါခက်တာ။ တစ်ခုခုဆို ဆင်ခြေပေးရတာနဲ့၊ စောဒကတက်ရတာနဲ့။ သေသေချာချာ အစအဆုံး နားထောင်ဦးမှပေါ့''
အန်ကယ်ကြီး ကျွဲမြီးတိုလာပြီ။
''ဘာပဲဖြစ်ဖြစ် မကစားခင် သွေးပူလေ့ကျင့်ခန်းဆိုတာ လုပ်ရသကွ။ မင်းတို့ ကာစီနိုမှာ သွားသွားကစားနေတဲ့ ဘာကာရက်တောင်မှ ပွဲအစမှာ အစမ်းသုံးလှည့်ဝေတယ် မဟုတ်လား''
''ကာစီနိုနဲ့ ဂေါက်သီးနဲ့ ဘာဆိုင်လို့လဲ အန်ကယ်ကြီးရ''
''မြွေပွေးလေးက လာပြန်ပြီ။ ထင်သာမြင်သာရှိအောင် ဥပမာပေးတာကွ။ ဆက်ပြောမယ်။ ဂေါက်ကွင်းတွေမှာ ဂေါက်သီးရိုက်လေ့ကျင့်ကွင်းဆိုတာ အလကားထားတာမဟုတ်ဘူး။ ပွဲမစခင်ကွင်းမဆင်းခင်မှာ တုတ်တွေစုံအောင် သွေးပူရိုက်ကြရတာ။ အတိုဆုံးတုတ်ကနေစပြီး တဖြည်းဖြည်းတိုးရိုက်မယ်။ ဒရိုင်ဗာကို နောက်ဆုံးမှ ရိုက်မယ်။ ပြီးရင် သဲကျင်းရိုက်ကျင့်မယ်။ နောက်ဆုံး ကျင်းစိမ်ကျင့်မယ်။ ပြီးမှ ကွင်းထဲဆင်းမယ်။ ဒါပြိုင်ပွဲမရိုက်ခင် ပရိုတိုင်းလုပ်တဲ့ သွေးပူလေ့ကျင့်ခန်း''
''အန်ကယ်ကြီးကလည်း ကျွန်တော်တို့က ပရိုမှ မဟုတ်တာ။ နောက်ပြီးတော့ ရတဲ့အချိန်လေးလုပြီး ဂေါက်သီးရိုက်ရတာ။ ဒါတွေ ဘယ့်နှယ်လုပ်နိုင်မှာလဲ။ အခုဆို ကားတွေကျပ်တော့ ပိုဆိုးသေးတယ်''
''အဲဒီလောက် ပြည့်ပြည့်စုံစုံ မလုပ်နိုင်တောင် အကြောလျှော့တာလေးဘာလေးတော့ မရိုက်ခင်လုပ်မှပေါ့ကွ။ ဟိုမြွေပွေးလေးက ဘာရယ်နေတာလဲ။ ငါက အကောင်းပြောနေတာကို၊ တောတွေးတောင်တွေး တွေးနေပြန်ပြီ''
''အန်ကယ်ကြီးကလည်း ဒေါနချည်းပဲ''
''အေး ကွင်းမှာ တကယ်ရိုက်ချိန်တွေမှာ ခဏလေးအချိန်ပေးပြီး Pre-Shot Routine လုပ်ရတယ်ကွ။ ဖရီးဆွင်းလေး တစ်ချက်နှစ်ချက်ဆွဲ၊ လေတိုက်တာကြည့်၊ ကွင်းအနေအထားကြည့်၊ ဘယ်နေရာကို ဘယ်လိုရိုက်သင့်သလဲစဉ်းစား၊ ဆုံးဖြတ်ပြီးပြီဆိုရင် မရိုက်ခင်မှာ ဂေါက်သီးနောက်မှာ ခဏရပ်ပြီး ကိုယ်ရိုက်တာ ဂေါက်သီးထွက်သွားတာ လိုချင်တဲ့နေရာမှာကျသွားတာ စိတ်ကူးထဲမှာ ပုံရိပ်ထင်ရှားအောင်ကြည့်ပြီးမှရိုက်။ ကျင်းစိမ်တာလည်း အတူတူပဲ''
တစ်ယောက်က ဘီယာအေးအေးလေးငှဲ့ပြီး အန်ကယ်ကြီးကိုပေးတယ်။
''ဂေါက်သီးမှ မဟုတ်ဘူးကွ။ ဘာအလုပ်ဖြစ်ဖြစ် စနစ်တကျပြင်ဆင်လုပ်ကိုင်ရင် အောင်မြင်ဖို့ အခွင့်အရေး ပိုများတယ်။ ပြီးပြီးရောလုပ်ရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး''
ဒီလိုနဲ့ သက်ကြီးစကား သက်ငယ်ကြားပြီး ဟေ မန္တဂေါက်ကာလကို ဖွင့်လှစ်ခဲ့ပါကြောင်း။
မောင်စံပေါ