စနေ၊ တနင်္ဂနွေမှာ ဆုံနေကျ ဂေါက်ဝိုင်းတော်သားတွေထဲမှာ Near Game အပိုင်နိုင်ဆုံးက အန်ကယ်ကြီး။ ဂရင်းကို ကိုက်တစ်ရာပတ်ချာလည်သာ ကျန်တော့တဲ့ အကွာအဝေးတွေမှာ အန်ကယ်ကြီးရဲ့ သံတုတ်အတို (Short Iron) ရိုက်ချက်တွေဟာ ကြောက်စရာကောင်းလှတယ်။ သူ့ဂေါက်သီးဘောလုံးဟာ ကျင်းကနေ ၁၅ ပေအတွင်းမှာ အမြဲလိုလိုရောက်နေတတ်တယ်။ ကပ်သွားတာတွေက ခဏခဏ။
သူများတွေ၊ အထူးသဖြင့် လက်ရည်ကောင်းသူတွေ ရိုက်ချက်ပျက်သွားရင် အန်ကယ်ကြီးက လူသူလေးပါးကြားရုံ အနတ္တ အနှစ်ကင်းပ အစိုးမရ၊ အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲ၏ဆိုပြီး ရွတ်တတ်တယ်။ ပျက်သွားလို့ စိတ်တိုနေသူမှာ အန်ကယ်ကြီးကို စိတ်ဆိုးရအခက်၊ ရန်လုပ်ရအခက်နဲ့ ပိုပြီးပျက်ပါလေရော။
ဝဋ်ဆိုတာ လည်တတ်တယ်တဲ့။ ဒါလည်း အန်ကယ်ကြီးပြောနေကျပါပဲ။ အခုတလောမှာ အန်ကယ်ကြီး သူ့စကားတွေနဲ့သူ ရစ်နှောင်ပတ်မိနေပြီး ဒုက္ခတွေရောက်နေတယ်။
ဖြစ်ပုံက ဒီလို။ အန်ကယ်ကြီး သိပ်ကိုကျွမ်းကျင်ပိုင်နိုင်ပါတယ်ဆိုတဲ့ တုတ်တိုတွေက အန်ကယ်ကြီးကို ပြဿနာရှာနေတာ တော်တော်ကြာပြီ။ တိုလိုက် ရှည်လိုက်၊ ဘယ်ချိတ်လိုက် ညာလန်လိုက် အမျိုးမျိုးလုပ်နေတာ။ အဲဒီတော့ အန်ကယ်ကြီး သူများတွေပျက်ရင် ရေရွတ်နေကျ ဂါထာတွေက သူ့အတွက် ဖြစ်လာတယ်။ ကိုယ်က သူများကိုမတရားလုပ်လေ့ရှိသူတွေ၊ အနိုင်ကျင့်တတ်သူတွေ အလားတူခံရရင် မချိမဆံ့နာတတ်တဲ့ ထုံးစံအတိုင်း အန်ကယ်ကြီး အတော်ခံပြင်းတာကလား။
သူ့ရိုက်ချက်တွေပျက်သွားရင် ဒီကောင်ကွာ၊ ဒါလေးတောင် ခံနိုင်ရည်မရှိဘူး။ ယောကျ်ားမဟုတ်တာ ကျနေတာပဲ။ အဖြစ်ကိုမရှိဘူး စသဖြင့်လည်း ရေရွတ်တတ်တယ်။
ဒါနဲ့တစ်ရက် ဂေါက်ကွင်းမှာ ကျန်တဲ့အဖွဲ့တွေ ရောက်မလာခင် လူသူလေးပါးရှင်းနေချိန်၊ အန်ကယ်ကြီးလည်း စိတ်နှလုံးမြူမတင်သေးချိန်မှာကပ်ပြီး အကျိုးအကြောင်း မေးမိတယ်။ သက်ပြင်းကြီးချပြီး ခဏအကြာမှာ ပြန်ဖြေတယ်။
''ငါ့ခြံကကျယ်တော့ အကွာအဝေးပြတိုင်တွေ စိုက်ပြီး သံတုတ်တိုတွေ လေ့ကျင့်တယ်ကွ။ နေ့တိုင်းလိုလိုပေါ့ကွာ''
အိုးဟိုး ဒါ့ကြောင့်ကိုးဆိုပြီး စိတ်ထဲက ရေရွတ်လိုက်တယ်။ အန်ကယ်ကြီး ကိုက်တစ်ရာပတ်ချာလည် ရိုက်ချက်တွေကောင်းတာ ဘာမှအံ့သြစရာမရှိပေါ့။
''ငါရိုက်ရင် ဆန်နီက ဂေါက်သီးဘောလုံးတွေ ကောက်ပေးတယ်''
ဆန်နီဆိုတာ သူအင်မတန်ချစ်တဲ့ အယ်လ်ဇေးရှင်းခွေးကြီး။ လိမ္မာသလား မမေးနဲ့။
''တစ်ရက်မှာ ငါရိုက်လိုက်တဲ့ ဂေါက်သီးဘောလုံးက ဒီကောင့်ခေါင်းပေါ် တည့်တည့်ကျသွားတယ်။ ဆန်နီအော်လိုက်တာကွာ ငါ့အူတွေ၊ အသည်းတွေ ပွင့်ထွက်သွားမတတ်ပဲ။ ငါလည်း ဂေါက်သီးရိုက်တာ ချက်ချင်းရပ်၊ ဒီကောင့်ကို ကားပေါ်တင်ပြီး ဆရာဝန်ဆီပြေးတာပေါ့။ တော်ပါသေးရဲ့ကွာ၊ ဘာမှကြီးကြီးမားမား မဖြစ်လို့''
အန်ကယ်ကြီးရဲ့မျက်ဝန်းမှာ ပူပန်ခြင်းတွေ၊ စိတ်မကောင်းခြင်းတွေ အရိပ်ပြန်ထင်ဟပ်လာတယ်။
''အဲဒီနေ့ကစပြီး ဒီကောင် ငါခြံထဲမှာ ဂေါက်သီးရိုက်ကျင့်ဖို့သွားရင် အင်တင်တင်နဲ့ မလိုက်ချင်တော့ဘူး။ သခင်ကို ချစ်လို့ ကြောက်လို့ လိုက်လာတာတောင်မှ နံဘေးအစပ်မှာပဲ နေတယ်။ ဂေါက်သီးလည်း မကောက်တော့ဘူး။ ကောက်ခိုင်းလို့လည်း မရတော့ဘူး''
သြော် ဖြစ်မှဖြစ်ရလေ ဆန်နီရေ။
''မင်းစဉ်းစားကြည့်ပေါ့ကွာ။ ငါဂေါက်သီးရိုက်ကျင့်ရတာ ပျော်ပါ့မလား၊ စိတ်ပါမလားဆိုတာ။ ပိုဆိုးတာက ဆန်နီခေါင်းပေါ်ကျစေခဲ့တဲ့ ဂေါက်သီးဘောလုံးကိုရိုက်တဲ့ သံတုတ် ၉ (Iron 9) ပေါ့။ ငါအဲဒီတုတ်ကိုင်တိုင်း ဆန်နီ့အော်သံပြန်ကြားနေမိတယ်။ ဒါတောင် ဒီကောင် သေမသွားလို့သာ''
သံယောဇဉ်နဲ့နွှယ်တဲ့ ဆက်စပ်မှုတစ်ခုရဲ့ အတိုင်းအတာကို တိတိကျကျမဟုတ်တောင် တော်တော်လေး မြင်လိုက်မိတယ်။
''ငါ့သားကြီးကွာ၊ ဆန်နီ့ခမျာ အတော်နာသွားရှာမှာ''
အန်ကယ်ကြီးစကားနားထောင်ရင်းနဲ့ အမှတ်ရှိတဲ့ ခွေးတစ်ကောင်အကြောင်း မှတ်သားရင်း အမှတ်မရှိတဲ့ လူတွေအများကြီးအကြောင်း စဉ်းစားနေမိတယ်။
[ထိုင်းနိုင်ငံမှမိတ်ဆွေကြီး မစ္စတာဆွန်ထွန်း (Mr. Sontorn) နဲ့ သူချစ်တဲ့ခွေးကြီးဆန်နီအမှတ်တရ]
မောင်စံပေါ