လောင်းကစားဝါသနာပါသူတွေထဲမှာ ဂေါက်သီးသမားတွေလည်းပါတယ်။ ဂေါက်သီးရိုက်ချိန်မှာ ပိုက်ဆံကြေး ရိုက်တတ်ကြတယ်။ ရိုက်ပြီးလို့ အနားယူချိန်မှာ ပိုက်ဆံပွတ်တတ်ကြတယ်။ ဘောပွဲရှိရင် ဘောပွဲလောင်းတတ်ကြတယ်။ နိုင်ငံခြားက ဂေါက်ကလပ်တစ်ချို့မှာဆိုရင် အံဇာတို့၊ ဖဲထုပ်တို့ပါ ထားပေးထားတာရှိတယ်။ အပျော်ကစားရအောင်တဲ့။
ဂေါက်သီးရိုက်သူတွေ အလောင်းအစားဝါသနာပါတာ၊ လောင်းတတ်တာပြောတော့ အန်ကယ်ကြီးကို သတိရမိတယ်။ အန်ကယ်ကြီးက လောင်းကစားသိပ်ခုံမင်တာ။ ရပ်ထဲရွာထဲအသုဘရှိလို့ကတော့ ရက်လည်ပြီးမှ အိမ်ပြန်တယ်ဆိုတာ အန်ကယ်ကြီးလို မသာအိမ်မှာ နေ့ညဆက်ပြီး ဖဲရိုက်သူတွေကို ပြောတာနေမှာ။
နယ်မြို့တစ်မြို့မှာ အန်ကယ်ကြီးနေစဉ်ကပေါ့။ အခုခေတ်လို ကားကလည်းမပေါ၊ ညခင်းဖက်သွားလာ လည်ပတ်စရာနေရာကလည်း မစုံသေးချိန်ဆိုတော့ အန်ကယ်ကြီးတို့အဖွဲ့တွေက မနက်ဂေါက်သီးရိုက်ပြီးရင် နေ့လယ်စာကို အဲဒီမြို့ရဲ့တစ်ခုတည်းသော ပျော်ပွဲစားရုံမှာ စားလေ့ရှိကြတယ်။ ဒါပိတ်ရက်တွေမှာ ဂေါက်သီးရိုက်ရင် ကျင့်သုံးတဲ့ အန်ကယ်ကြီးတို့ အလေ့အထပေါ့။ ပျော်ပွဲစားရုံဆိုတာကလည်း ကြီးကြီးမားမား အဆောက်အဦး မဟုတ်ပါဘူး၊ တစ်ထပ်ပဲရှိတဲ့ လက်ဖက်ရည်ဆိုင်သာသာ စားသောက်ဆိုင်ပါ။ စားသောက်ဆိုင်တွေကလည်း တရုတ်ပိုင်တွေ၊ တရုတ်ဆိုင်တွေ များတာကိုး။ နာမည်တွေက အစတောင်ရှင်ပျော်ပွဲစားရုံတို့၊ အဝိန်ခေါက်ဆွဲဆိုင်တို့ဆိုပြီး ရေးထားကြတာကလား။
အန်ကယ်ကြီးတို့အဖွဲ့က လမ်းနားကပ်နေတဲ့ စားပွဲမှာ ထိုင်လေ့ရှိတယ်။ လမ်းသွားလမ်းလာတွေ ကြည့်လိုက်၊ ငြင်းလိုက်ခုန်လိုက်၊ စားလိုက်သောက်လိုက်နဲ့ ပိတ်ရက်တွေရဲ့ ဂေါက်ရိုက်အလွန်နေ့လည်တွေကို ကုန်ဆုံးစေတယ်။
တစ်နေ့တော့ အန်ကယ်ကြီးက ဖရဲသီးတစ်လှည်း ဝယ်တယ်။ နွားလှည်းပေါ်မှာ ဖရဲသီးဘယ်နှလုံးပါသလဲဆိုတာ သေသေချာချာရေတယ်။ ပြီးတော့ ဘယ်သူ့ကိုမှမရောင်းဖို့နဲ့ သူတို့နေ့လည်ထိုင်နေကျ ပျော်ပွဲစားရုံရှေ့ကို လာဖို့မှာပြီး စရံငွေပေးခဲ့တယ်။ သူဒီလိုလုပ်ထားတာ ဘယ်သူ့မှမပြောဖို့ နှုတ်ပိတ်ထားတယ်။
ဆိုင်ရှေ့ကို ဖရဲသီးနွားလှည်းရောက်မလာခင် အဝေးကြီးမှာကတည်းက လှမ်းမြင်တဲ့ အန်ကယ်ကြီးက စက္ကူတစ်ရွက်နဲ့ ချဲတွက်နေတယ်။ နွားဖြစ်ဖြစ်၊ ဖရဲဖြစ်ဖြစ်၊ ပုလဲဖြစ်ဖြစ်တွေ့ရင် နိမိတ်မှန်ပြီ ဘာညာပြောနေချိန်မှာ ဖရဲသီးလှည်းရောက်လာတယ်။ ဒီမှာတင် အန်ကယ်ကြီးက ထပြီးနိမိတ်တော့မှန်ပဟ၊ ဖရဲသီးအရေအတွက်ပဲ မှန်ဖို့လိုတော့တယ်ပြောပြီး စာရွက်ပေါ်မှာ ဖရဲသီးဘယ်နှစ်လုံးဆို ချရေးတယ်။ အန်ကယ်ကြီးနဲ့ အမြဲတန်းငြင်းခုန်နေကျအဖိုးကြီးက မဖြစ်နိုင်ဘူးပေါ့။ အန်ကယ်ကြီးကလည်း သူ့ရဲ့အယူတော်မင်္ဂလာနိမိတ်ကောက်ပညာနဲ့ ဂဏန်းဗေဒင်ကို လာမစော်ကားနဲ့ပေါ့။ နောက်ဆုံး သူတို့နှစ်ယောက်လောင်းကြတယ်။ လောင်းကြေးငွေထပ်ပြီး ဖရဲသီးလှည်းကိုခေါ်တယ်။ ဖရဲသီးတွေ ရေတွက်တယ်။ အန်ကယ်ကြီး နိုင်တာပေါ့။
နိုင်တဲ့ပိုက်ဆံထဲကနေ ဖရဲသီးဖိုးချေပြီး ဘုန်းကြီးကျောင်းကို ဖရဲသီးတွေ သွားလှူခိုင်းတယ်။ နေ့လည်စာလည်း အန်ကယ်ကြီးပဲ အနိုင်ငွေနဲ့ရှင်းတယ်။ အောင်ပွဲကွာ၊ ချိုမြိန်လိုက်တာတဲ့။ ရှုံးသွားတဲ့ အဖိုးကြီးကတော့ မျက်နှာကြီးနီမြန်းပြီး ခေါင်းတယမ်းယမ်းနဲ့။ တစ်ခုခုတော့ မှားနေပြီကွ၊ ဗေဒင်က ဒီလောက်မမှန်နိုင်ဘူးဆိုပဲ။
မောင်စံပေါ