လူကြီးလူညစ် ဂေါက်ပုံပြင် - ၆

mgsanpaw2017may

ဂေါက်သီးရိုက်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ရှောင်ကြဉ်ရမယ့်အချက်တွေ ရှိပါတယ်။ ဒေသန္တရစည်းကမ်း ဆိုတာလည်း ရှိပါတယ်။ ဒေသအလျောက် ခွင့်ပြုထားတဲ့ ခြွင်းချက်တွေ ရှိပါတယ်။

ဒီမှာကတော့ ဒေသန္တရစည်းကမ်းဆိုပြီး အခွင့်အရေးတွေ ယူနေကြတာ နိုင်ငံအဝန်းမှာတွေ့ရတတ်တဲ့ အချက်တစ်ခု ရှိပါတယ်။

ပုံမှန်အားဖြင့် ဂေါက်သီးကို တီခုံကနေ စရိုက်ပြီဆိုကတည်းက ကိုင်တွယ်ခွင့်၊ သုတ်ခွင့်၊ သန့်ရှင်းခွင့် မရှိပါဘူး။ နေရာရွှေ့ဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ။ ဂရင်းပေါ်ရောက်မှ ဂေါက်သီးဘောလုံးရဲ့နောက်မှာ အမှတ်အသား ပြုအပြားငယ် (Marker) ချမှတ်ပြီး ဂေါက်သီးဘောလုံးကို သန့်ရှင်းရေး လုပ်ခွင့်ပေးပါတယ်။ အဲဒီဂေါက်သီးနဲ့ပဲ ကျင်းစိမ်ရပါတယ်။ ဂေါက်သီးလဲလှယ်ခွင့်မပြုပါဘူး။

ဒီမှာ ဘယ်ပညာရှင်က ဘယ်ခေတ်က စထွင်လိုက်တဲ့ ခွင့်ပြုချက်လည်း မသိပါဘူးဗျာ။ တီခုံက စရိုက်ပြီးတဲ့ နောက်ဂရင်းပေါ်မရောက်ခင်မှာ ဂေါက်သီးက ဖဲယားဝေး  (Fair Way) ခေါ်တဲ့ မြက်ခင်းညီညီညာညာပေါ်မှာဆိုရင် ဂေါက်သီးကို ကိုင်ခွင့်၊ သုတ်ခွင့်၊ နေရာရွှေ့ခွင့်ပြုသဗျ။ ရှေ့မီနောက်မီ ဆရာကြီးတွေကို မေးကြည့်တော့ ဒီကဖဲယားဝေးတွေက နိုင်ငံတကာအဆင့်မမီဘူး၊ မကောင်းဘူးလေကွာ၊ ဒါကြောင့် ခွင့်ပြုပေးထားတာပေါ့ဆိုပဲ။ ဘယ်သူပြဋ္ဌာန်းခဲ့သလဲဆိုတာတော့ မပြောနိုင်ကြဘူးဗျ။ နောက်ပြီးတော့ ဂရင်းပေါ်ရောက်ရင် ကျင်းစိမ်ဘောလုံး (Putting Ball) ဆိုပြီး လဲလှယ်ခွင့်ပါပေးသေးတယ်။ ဒါကို ရာဇဝင်လေး လင်းစမ်းပါဦးဆိုပြီး စောကြောတော့ ဒီမှာက ဂေါက်သီးဘောလုံးရှားတယ်လေကွာ။ ဒါကြောင့် အများအားဖြင့် ရိုက်ဘောတွေက ဟောင်းညစ်စုတ်ပြတ်နေတတ်တော့ ကျင်းစိမ်ဖို့ ဘောလုံးလဲခွင့်ပြုတာလို့ ဖြေသူဖြေတယ်။ ဒီအချက်ကတော့ နိုင်ငံတော်တော်များများမှာ ပြိုင်ပွဲမဟုတ်ရင် ခွင့်ပြုတယ် ထင်ပါရဲ့။ လှတပတ ဘောလုံးတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်ကြ၊ ရောင်းကြတာ တွေ့ရတာကိုး။

အဲဒီဒေသန္တရစည်းကမ်းကို အသုံးချပြီး အခွင့်အရေး မတရားယူတဲ့ ညစ်တဲ့ လူညစ်ကြီးတစ်ယောက် ရှိတယ်။ သူ့ကို လူညစ်ကြီးခေါ်တာ သူသိတယ်။ ဂရုမစိုက်ဘူး။ နောက်တော့ နာမည်မခေါ်ကြတော့ဘဲ လူညစ်ကြီးပဲ ခေါ်တယ်။ ဒါလည်း သူက အေးအေးဆေးဆေးပါပဲ။ ရှက်လည်းမရှက် ညစ်မြဲညစ်လျက်ဗျ။

သူညစ်ပုံလေး ပြောပါမယ်။ ဖဲယားဝေးထဲက သူ့ဘောလုံးကိုသုတ်ပြီး ပြန်ချရင် နဂိုနေရာကနေ ရှေ့တော်တော်ဝေးဝေးမှာ သွားချပါတယ်။ သုတ်ပြီး ရှေ့ကို လှမ်းပစ်လိုက်တာမျိုး ရုပ်ပျက်ဆင်းပျက်ကြီးတော့ မဟုတ်ပါဘူးလို့ သူပြောတတ်တယ်။ ပြောမှာပေါ့ဗျာ၊ သူ့ကယ်ဒီက ဘောလုံးကိုသုတ်ရင်း ရှေ့ကိုလျှောက်သွားတာ လေးငါးဆယ်လှမ်းမှ မကတာ။ နောက်ပြီး ဖဲယားဝေးက ကောက်နေလို့ မြင်ကွင်းမကောင်း၊ ရိုက်ရမယ့် လမ်းကြောင်းမကောင်းရင် ကောင်းတဲ့အထိ ယူသွားတာ။ ပြီးမှ ချရိုက်တာ။ ရှေ့မှာ သစ်ပင်ကွယ်နေရင်လည်း အတူတူပါပဲ။ ပြောရင်လည်း တဟဲဟဲရယ်ပြီး သူလုပ်ချင်ရာလုပ်တာ။

ဒါပေမဲ့ ဦးစိတ်တို တစ်ယောက်ကိုတော့ သူတော်တော်ကြောက်တယ်။ အဲဒီလူက လူပုစိတ်တို။ စိတ်တိုတတ်လွန်းလို့ နာမည်ရင်းပျောက်ပြီး ဦးစိတ်တိုလို့ပဲ ခေါ်ကြတော့တာ။ ဦးစိတ်တိုကတော့ လူညစ်ကြီးအကြောင်း ကောင်းကောင်းသိနေတော့ မျက်စိဒေါက်ထောက် ကြည့်နေတာ။ ဒါလည်း သူရအောင် ညစ်သေးတာပဲ။ ဂေါက်သီးကို ရှေ့မရွှေ့ဘဲနဲ့နောက်ကို သူပိုင်တဲ့ တုတ်တစ်ချောင်းချောင်း ကောင်းကောင်းရိုက်လို့ရတဲ့ အကွာအဝေး ကွက်တိဖြစ်အောင် ရွှေ့တာဗျာ။ အဲဒါကို ဦးစိတ်တိုက ပြောတော့ စကားထများပါရော။ ရှေ့ကိုစည်းခိုးတာမှ မဟုတ်တာကို၊ ခင်ဗျားသိပ်ညစ်တယ်တွေ ဘာတွေဖြစ်ကုန်ရော။ ပျော်ချင်လို့ ဂေါက်သီးလာရိုက်တာ၊ စိတ်ညစ်ရတယ်။ တော်ပြီ၊ ခင်ဗျားပါရင် နောက်မရိုက်တော့ဘူး ဘာညာပြောပါရော။

သူနဲ့ရိုက်နေကျ အပေါင်းအသင်းတွေကတော့ သူလုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ပေးထားကြတယ်။ စိတ်ကြိုက်ညစ်ပါစေပေါ့။ ပွဲပြီးလို့ စားကြသောက်ကြရင်း၊ အနိုင်အရှုံး ပိုက်ဆံရှင်းရင် ပြန်ညစ်ကြတယ်။ လူညစ်ကြီး နိုင်ရင် မပေးတော့ဘူး။ ဂေါက်ကွင်းထဲမှာရိုက်ရင်း ညစ်သူ ညစ်တယ်။ ဂေါက်ကွင်းအပြင်မှာ ညစ်သူ ညစ်တယ်။

ညစ်သူကို ညစ်ခွင့်ပြုထားတယ်။ ပြီးတော့ ပြန်ညစ်တယ်။ ဒီလိုနဲ့ညစ်ပတ်တဲ့လူတွေ ဖြစ်ကုန်ကြတယ်။

မောင်စံပေါ